မန္တလေးမှာ မင်းအောင်စစ်တပ်၏ ပစ်ခတ်မှုကြောင့် မတ် ၃ ရက်က ကျဆုံးခဲ့တဲ့ ၁၉ နှစ်အရွယ် မကြယ်စင်၏ ရုပ်အလောင်းကို သုဿန်တွင် ခွဲစိတ်မှုလုပ်ခဲ့ပြီး ဦးခေါင်းအတွင်း ဘာမှ မတွေ့ခဲ့ရဟု Mratt’s Channel က သတင်းရရှိထားသည်။
မကြယ်စင် ကျဆုံးသွားသည်မှာ မတ် ၃ ရက်ဖြစ်ပြီး အလောင်းမြှုပ်နှံထားရာ အေးရိပ်ငြိမ်သုဿန်သို့ စစ်ကား ၉ စီးခန့်ရောက်ရှိနေကြောင်း မတ် ၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။ ယင်းအချိန်က အလောင်းကို ပြန်ဖော် မဖော် သတင်းများ အတည်ပြုရန် ခက်ခဲခဲ့သေးသည်။
အလောင်းကို ဖော်ခဲ့ပြီး ကျည်ထိမှန်သည့် ဦးခေါင်းကို ခွဲစိတ်ခဲ့ရာတွင် “ဘာမှ မတွေ့ရဘူး။ ကျည်က ခေါင်းကိုထိပြီး ဖောက်ထွက်သွားတာ။ ၅.၅၆ (ကျည်ဆန်) အပေါက်ပေါ့။ ဒါပဲ တွေ့ရတယ်” ဟု သတင်းပေးလာသူက ဆိုသည်။ ၅.၅၆ ကျည်မှာ စစ်တပ်သုံး MA ဆီးရီးဟု သူက ထပ်မံ အတည်ပြုသည်။
စစ်ကောင်စီ လက်ကိုင်တုတ် သတင်းစာများက “ကျည်စစ်ကျည်မှန်ဖြင့် ထိခိုက်သောဒဏ်ရာ” မဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားခဲ့သေးသည်။
ထို့ပြင် အလောင်းကို ခွဲစိတ်ပြီးနောက် ဦးခေါင်းအတွင်းမှ “ခဲစတွေ့ရှိသည်” ဟု စစ်ကောင်စီက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့ပြီး ဒသမ ၃၈ ကျည်နှင့် ပစ်ခတ်နိုင်သည့် ပွိုင့်တာသေနတ်၏ ခဲယမ်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ယခု သတင်းပေးလာသူ၏ ပြောဆိုချက်များအရ စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ အတိအလင်း ကွဲလွဲနေသည်ကို တွေ့ရသည်။
“လုံးဝ မခံမရပ်နိုင်လို့ သတင်းပေးရတာပါ။ နိုင်ငံတကာသတင်းတွေမှာလည်း ပျံ့နေလို့လေ။ အမှန်ကို သိစေချင်တယ်။ ခဲစ တွေ့တယ်ဆိုတာ လုံးဝ လုပ်ကြံထားတာ သက်သက်ပဲ” ဟု သတင်းပေးလာသူက ဆိုသည်။
ရရှိထားသည့် ဓာတ်ပုံများမှာ ဦးခေါင်းခွံကို အသေးစိတ်ခွဲစိတ်နေစဉ်က ဓာတ်ပုံများ ဖြစ်သည့်အတွက် ဖတ်ရှုသူများ စိတ်အနှောက်အယှက် မဖြစ်စေရန် အပြည့်အစုံ မဖော်ပြနိုင်ပါ။