ကြွေရောင်ငါး

မေတ္တာအရှိဆုံး ထင်ရတဲ့ သော့ကို
လေးငါးချောင်းထဲက
ရွေးယူလိုက်တယ်
လေး လံ လွန်း လှ တယ်
အကြိမ် ၃၆၀ မြောက်
(ဒီထက်ပိုနိုင်သေးတယ်)

တံခါးအဖွင့် ထုပ်တန်းပေါ်ကခိုတွေ
လွင့်
ပျံ
သွား
အိမ်မရောက်ဖြစ်တဲ့ ၈ နာရီပေါင်း မြောက်များစွာ
“ရေချိုးတော့ သားရေ မိုးချုပ်နေပြီ”
မဖြစ်နိုင်ဘူး ဒါအမေ့အသံပဲ
“အေး၊ ဒီနေ့ နောက်ကျတယ်”
အဖေ့အသံ…. ဒါ လုံးဝ မဖြစ်နိုင်ဘူး

ထင်ယောင်ထင်မှားခြင်းမှာ အသားကျ
သတင်းစာမျက်နှာတွေတောင် ရေတွက်မရတော့။

မီးခလုတ်ကို ဖွင့်လိုက်တော့
ကိုငှက်ရဲ့ မေတ္တာတော်ဖွဲ့ သီချင်းစာအုပ်
အနားတွေ စုတ်နေပြီ
စာသားတွေ မစုတ်သေးဘူး
မျက်ရည်တွေ မစုတ်သေးဘူး
သန်းခေါင်ကျော်ညတွေ မစုတ်သေးဘူး
အိမ်ပြန်ချင်တဲ့ညတွေ မစုတ်သေးဘူး။

လျှော်စရာ အိင်္ကျီတွေရှိသေးလား
ကြည့်စရာ တီဗီအစီအစဉ်တွေရော ရှိသေးလား
ပစ်စရာ အမှိုက်ထုပ်တွေ ရှိသေးလား
မသိမ်းရသေးတဲ့ အိပ်ယာထက် ပစ်လှဲဖို့ဆိုတာ
အိပ်မရတဲ့ညတွေတုန်းက သတ္တိမျိုးနဲ့မှ ရမယ်

“နေမကောင်းဘူးလား” လို့ အမေက မေးတယ်
ကျနော် မိုက်မိုက်ကန်းကန်း
ဖုန်းအမြန် ချပစ်လိုက်တယ်
ဘေးနားမှာ အသံစွင့်ရင်း နားထောင်နေမယ့် အဖေ
မတွေဝေစေချင်ဘူး။

တစ်နေ့လုံး… ပန်ကာဖွင့်ထားတယ်
တံခါးတွေဖွင့်ထားတယ်
မျက်လုံးဖွင့်ထားတယ်
အိမ်ပြန်ရောက်ရင်
ဘာမှ မကြားရပြန်ဘူး
ဘာမှ မကြားချင်တာလား မသေချာပြန်ဘူး

ကြွေလုလု ရောင်ခြည်တန်းတွေ …
မက်မောနေဆဲ ငါးတစ်ကောင် အဖြစ်
ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့
ဘယ်သူပစ်ချခဲ့တာလဲ
ကျနော် နုတ်ထွက်ချင်ပြီ။

သူ မရတ်
(၅၊ ဧပြီ၊ ၂၀၁၅)

You can treat me a cup of coffee.

wave

Press ESC to close