တချို့ကတော့ “ခု ရေတွင်းတူး ခုရေကြည်သောက်လို့ ရမလား” လို့ပြောကြမယ်။ “ဒီလောက် ရတာတောင် ကျေးဇူးတင်ဦးကွာ၊ မင်းတို့ဟာက လွန်ကိုလွန်လွန်းတယ်” လို့လည်း ဆိုကြမယ်။ “စက်ဘီး စီးရလို့ပေါ့ကွာ၊ တို့လို ကားများစီးရင် မင်းတို့ကောင်တွေ သေများသွားမလား” ဆိုပြီးလည်း ဆိုချင်ဆိုကြဦးမယ်။ “ဖြည်းဖြည်းချင်းပေါ့ကွာ၊ ဒီလိုပဲ လုပ်ယူကြရမှာပေါ့” လို့လည်း ဆိုချင်ဆိုကြမှာပါ။
ပြဿနာက ခု စက်ဘီးလမ်းပေါ် ရပ်ထားတဲ့ကား မှန်သမျှကို ကြည့်လိုက်ရင် တစီးမှ မြေသယ်ကား၊ အုတ်သဲကျောက်တင်ကား၊ အမှိုက်သိမ်းယဉ် စတဲ့ ရမ်းကားပါတယ်ဆိုတဲ့ ကားတွေ မတွေ့ရဘဲ၊ လူယဉ်ကျေးအများစုရဲ့ ကိုယ်ပိုင်ကားတွေကိုပဲ စက်ဘီးလမ်းပေါ် တွေ့ရတယ် ဆိုတာပါပဲ။ (ဓာတ်ပုံတွေထဲ ကြည့်နိုင်ပါတယ်) ဒုတိယအများဆုံးကတော့ တက္ကစီတွေပါ။
သေချာတာကတော့ ဒီရပ်ထားသမျှ ကားပိုင်ရှင်တိုင်းက ဒီလမ်းဟာ Only For Bike ဆိုတာ သိကြမယ့် သူတွေချည်းပါပဲ။ ဒါပေမယ့် သိပ်စဉ်းစားကြပုံမရပါဘူး။ တနေ့တနေ့ ဒီလမ်းကြီးတွေကို အသုံးပြုပြီး စက်ဘီးအသုံးပြု အလုပ်လုပ်နေကြသူတွေအပြင် အလုပ်သွား အလုပ်ပြန်နေကြတဲ့ ရာထောင်ချီတဲ့လူတွေဟာလည်း ကားပေါ်ကလူတွေလိုပဲ ရုပ်နဲ့ နာမ်နဲ့ပါ။ တချို့ကားတွေများဆို လမ်းမကြီးပေါ် မျဉ်းဝါဆွဲထားတာ သူတို့အတွက် ပါကင်နေရာ သီးသန့်လုပ်ပေးထားသလားတောင် ထင်ရပါတယ်။
စက်ဘီးလမ်းက အရင်ကထက် ခုမှ ဘာကြောင့် ပိုပြီး အရေးကြီးလာရသလဲဆိုရင် အကြောင်းရင်းတွေ ရှိပါတယ်။
နဂိုက အောက်ကြောနဲ့ အပေါ်ကြော အချက်ပြမီး လုံးဝမပြဘဲ ဆင်းချင်သလိုဆင်း တက်ချင်သလိုတက်နေတဲ့ ကားတွေဟာ ကားလမ်း နဲ့ စက်ဘီးလမ်း ခွဲလိုက်တော့ စက်ဘီးလမ်းပေးလိုက်တဲ့ ညာဘက် (အောက်ကြော) ကို မဆင်းကြတော့ဘဲ လမ်းမကြီးပေါ် အပေါ်ကြော နှစ်ခုပေါ်သာ အရှိန်နဲ့မောင်းကြပါတယ်။ ကားတွေ လွတ်လွတ်လပ်လပ် မောင်းလို့ရပြီဆိုတဲ့ သဘောပါ။
အဲ... ညာဘက် (အောက်ကြော) က စက်ဘီးလမ်းပေါ် စက်ဘီးသမားတွေ လွတ်လွတ်လပ်လပ် နင်းကြတော့မယ်လည်း ဆိုရော အိမ်စီးကား၊ ဘဏ်ကား၊ ရှော့ပင်းမောကားတွေက သူတို့ကိုယ်ပိုင် လမ်းမကြီးတခုလို ပါကင်ထိုးထားပါလေရော။ တရားမျှတမှုကို စဉ်းစားကြည့်တာပေါ့လေ။
စက်ဘီးတစီးဟာ ပုံမှန်အားဖြင့် ၁ နာရီ ၇ မိုင်ကနေ ၁၀ မိုင်နှုန်း မြန်ပါတယ်။ ရန်ကုန်မြို့ လမ်းတွေပေါ် ခပ်မြန်မြန်စီးရင် တနာရီ ၁၅ မိုင်ကနေ မိုင် ၂၀ နှုန်းလောက်ထိ ရှိပါတယ်။ ကားပေါ်ကကြည့်ရင် စက်ဘီးအရှိန်ဟာ ဘာမှမဟုတ်ပေမယ့် စက်ဘီးစီးနေရင်တော့ အပေါ်ကြောပေါ်ကကား အချက်မပြဘဲ ရုတ်တရက် အောက်ကြောကို ဆင်းလာရင် အရှိန်ပျက်သွားပြီး ပြာယာခတ်သွားရပါတယ်။ အသက်အန္တရယ် နီးလွန်းပါတယ်။
နောက်တချက်က စက်ဘီးတစီးစာဟာ ကားတစီးအတွက် ဘာမှမဟုတ်ပေမယ့် ကားတစီးရပ်ထားလိုက်ရင် စက်ဘီးလမ်းကျဉ်းကလေး တခုလုံးကို ပိတ်ပစ်လိုက်တယ်ဆိုတာပါပဲ။ စက်ဘီးလမ်းပေါ် ကားတွေက ပိတ်ရပ်ထားတော့ အရှိန်နဲ့နင်းလာတဲ့ စက်ဘီးက ကားကို ရှောင်ဖို့အတွက် လမ်းမကြီးပေါ် (အလယ်ကြော) ကို ခဏတက်ရပါမယ်။ ဆိုတော့ လမ်းမကြီးပေါ်က အရှိန်နဲ့သွားနေတဲ့ ကားတွေအတွက်ရော စက်ဘီးသမားအတွက်ပါ အရင်ကထက် ပိုပြီး အန္တရယ်များလာပါတယ်။
စက်ဘီးလမ်းပေါ် ကားပိတ်ရပ်တာကို တဦးတယောက်ချင်းလုပ်ကြသလို အဖွဲ့အစည်း ကုမ္ပဏီတွေကတော့ ပိုပြီးဆိုးရွားပါတယ်။ စက်ဘီးလမ်းကို ကားပါကင်အဖြစ် ပြောင်ပြောင်တင်းတင်း လုပ်ကြတာကတော့ ဝေဇယန္တာလမ်းမကြီးပေါ်က City Mart နဲ့ AYA Bank ပါ။ တခြားသော ကိုယ်ပိုင်ဈေးဆိုင်တွေလည်း အများကြီးပါပဲ။ အိမ်တအိမ်ဆိုရင် စက်ဘီးလမ်းပေါ် မရပ်ရ၊ မကျော်ရ တုံးတွေတောင် ချထားပါသေးတယ်။
စက်ဘီးလမ်း မရှိခင်ကတည်းက AYA Bank ဘဏ်ခွဲရှေ့ ရပ်သမျှကားတွေဟာ လမ်းမပေါ်ကို မေးတင်နေတာပါ။ ကား ၃ စီးမောင်းနေတုန်း ရှောင်မောင်းမယ်ဆိုရင် လုံးဝ မလွတ်ပါဘူး။ တခါတလေများဆို AYA Bank တံဆိပ်နဲ့ ကားတွေဟာ ဘယ်သူ့မှ ဂရုမစိုက်ဘဲ နှစ်ထပ်၊ သုံးထပ် ရပ်ပါတယ်။ ဘယ်သူမှလည်း အရေးတယူလုပ် စဉ်းစားကြပုံ မပေါ်ပါဘူး။
City Mart ကတော့ အဆိုးဆုံးပါပဲ။ သူ့ဘေးမှာ ကားပါကင်တခုလုံး ရှိပါတယ်။ ဒါပေမယ့် လမ်းမကြီးပေါ် ပါကင်လုပ်ပါတယ်။ ကားရဲ့ သုံးပုံ တပုံက လမ်းမပေါ်တင်နေတယ်။ မေတ္တာလမ်းကနေ ဘယ်ကို ကွေ့လာတဲ့ကားတိုင်းဟာ City Mart ရှေ့က နှစ်ထပ်၊ သုံးထပ်၊ လေးထပ်ရပ်ပြီး ပါကင်ထိုးဖို့ စောင့်နေတဲ့ ကားပေါင်းများစွာကြောင့် ဒုက္ခရောက်ကြရပါတယ်။ စက်ဘီးလမ်းကတော့ မြင်တောင် မမြင်ရတော့ပါဘူး။
ခုရေးပြနေတာတွေက ဝေဇယန္တာလမ်းပေါ်တခုမှာပါ။ သစ္စာလမ်းပေါ်မှာလည်း ထိုနည်း၎င်း၊ အိမ်စီးကားပေါင်းများစွာ စက်ဘီးလမ်းပေါ် ရပ်ထားတာတွေ ရှိပါတယ်။
ဆိုတော့ ကိုယ်ပိုင်းကားတွေ၊ တက္ကစီသမားတွေအနေနဲ့ လမ်းမကြီးပေါ် လွတ်လွတ်လပ်လပ် အရှိန်ပြင်းပြင်း စိတ်ကြိုက်မောင်းကြပါ။ လမ်းမဘေး ၃ ပေလောက်ပဲ ကျယ်တဲ့နေရာကျဉ်းကျဉ်းလေးကိုတော့ ကျေးဇူးပြုပြီး မျှဝေပေးစေချင်တာပါပဲ။ ကားရပ်ခါနီး ကိုယ့်ကားအောက်၊ ရှေ့နောက် စစ်ပြီး “ငါရပ်ထားတာ စက်ဘီးလမ်းလား” ဆိုပြီး တချက်ကြည့်ပေးစေချင်တာပါပဲ။
စက်ဘီး၊ ဆိုက်ကား၊ ကိုယ်ပိုင်ကား၊ တက္ကစီ မျှဝေသုံးစွဲပြီး အန္တရယ်ကင်းတဲ့လမ်းမကြီးတွေအဖြစ် ကိုယ်ချင်းစာမှုနဲ့ အတူတူ အသုံးပြုကြရအောင်ပါ။
ဖြည့်စွက်ချက်။ လမ်းပြောင်းပြန်နင်းတဲ့ ဘီးသမားတွေ၊ စည်းကမ်းမရှိတဲ့ ဘီးသမားတွေ အများကြီးရှိပါတယ်။ ပြီးတော့ ကျနော်ကိုယ်တိုင်လည်း ဘီးသမားပါပဲ။ ဒီအကြောင်းတွေကို အရင်တုန်းကလည်း ရေးဖူးပါတယ်။ အောက်က Link တွေမှာ ဝင်ဖတ်နိုင်ပါတယ်။