မန္တလေး မဟာမိတ်တပ်ပေါင်းစု အရုဏ်ဦးသပိတ် အကြမ်းဖက် ဖြိုခွင်းခံရ

 

ယနေ့ မနက် ၆ နာရီ မန္တလေး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်မှ စတင်ကာ ဆန္ဒပြရန် စီစဉ်ထားခဲ့သည့် မဟာမိတ်တပ်ပေါင်းစု အရုဏ်ဦးသပိတ်အား အရပ်ဝတ်နှင့် သေနတ်ကိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

 

ဆန္ဒ မထုတ်ဖော်မီ စုရပ်အနီး လက်နက်ကိုင်ထားသည်ဟု ယူဆရသည့် အရပ်ဝတ်နှင့်လူများကို သတိထားမိရာက လူစုခွဲခဲ့ပြီးနောက် ၃၇ နှင့် ၃၈ လမ်းကြား ၆၆ လမ်းပေါ်တွင် သပိတ်စစ်ကြောင်းတွင် ဆိုင်ကယ်ဖြင့် လိုက်ပါလာသူများကို ကားတစ်စီးဖြင့် တရကြမ်း ဝင်တိုက်ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

 

ယင်းနေရာတွင် “၃ ယောက် တိုက်ခံရတယ်။ နှစ်ယောက်ကတော့ မြေပေါ်မှာ လူးလှိမ့်နေတာ မြင်ခဲ့ရတယ်” ဟု ကားဖြင့် ဝင်တိုက်သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူက ဆိုသည်။

 

သပိတ်စစ်ကြောင်း စုရပ်နေရာနှင့် ဘေးလမ်းများပေါ်တွင် အိမ်စီးကားနှင့် အံစာတုံးကားများက လိုက်ပါလာခဲ့သည်ကို သံသယရှိသည့်အတွက် သပိတ်စစ်ကြောင်းတွင် ပါဝင်သူများက လူစုခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ထို့နောက် အိမ်စီးကားနှင့် အံစားတုံးကားများပေါ်မှ အရပ်ဝတ်နှင့်လိုက်ပါလာသူများက သေနတ်ထုတ်ကာ ပစ်ဖောက်ခဲ့ပြီး လူစုခွဲသွားကြသူများကို ရပ်ကွက်အတွင်းထဲထိ လိုက်လံဖမ်းဆီးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု သတင်းပေးလာသူက ဆိုသည်။

 

ယခုအချိန်ထိ သိရသမျှ ယနေ့ မဟာမိတ်တပ်ပေါင်းစု အရုဏ်ဦးသပိတ်မှ ၄ ဦးဖမ်းဆီးခံလိုက်ရသည်ဟု သိရှိထားသည်။

You can treat me a cup of coffee.

wave

Press ESC to close