ရခိုင်ပြည်နယ် တစ်ခုတည်း အခြေခံကျောင်းများ မနက်ဖြန် ပြန်ဖွင့်မည်

ကိုဗစ်ကာလကတည်းက အခြေခံပညာကျောင်းများ တနိုင်ငံလုံး ပိတ်ထားခဲ့ပြီး အာဏာသိမ်းမှုလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာက ရခိုင်ပြည်နယ် တခုတည်းကွက်၍ ကျောင်းများ ပြန်ဖွင့်တော့မည် ဖြစ်သည်။
ခရိုင်အဆင့် ပညာရေးမှုးရုံးများက မြို့နယ်အဆင့် ပညာရေးမှူးရုံးများထံ ပေးပို့သည့်စာများအရ မနက်ဖြန် တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၂) ရက်မှ စတင်ပြီး ကျောင်းများ ပြန်လည် တက်ရောက်ရမည်ဟု ပါရှိသည်။
ရရှိထားသည့် စာရင်းများအရ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အောက်ရှိ အခြေခံပညာကျောင်းအားလုံး ပြန်ဖွင့်ရမည်ဖြစ်သည်။
အမိန့်စာ၏ ဖော်ပြထားချက်အရ “ဝန်ထမ်းများ ရောက်ရှိ/ပျက်ကွက်မှု ကို နံနက် ၁၀ နာရီနောက်ဆုံးထား” တင်ပြရမည်ဟု ၂၀ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်သည့်ထိုစာများတွင် ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်ပြည်နယ်၊ တိုင်းများတွင် ကာဖျူးထုတ်ခဲ့သော်လည်း ရခိုင်တပြည်နယ်တည်းကွက်၍ ညမထွက်ရအမိန့်ကို ရုတ်သိမ်းခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကာလက နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင် အနှစ် ၂၀ ကျခဲ့သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဌဟောင်း ဒေါက်တာအေးမောင်ကိုလည်း အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာတွက် အာဏာလုစစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သေးသည်။

You can treat me a cup of coffee.

wave

Press ESC to close