နိုင်ငံခြားထွက် အလုပ်လုပ်ကြသူတွေ များလာတဲ့ပြဿနာ

အညာက ဆရာတစ်ယောက်က ရေးထားတာမှာ “တချို့တပည့်တွေ ဘွဲ့ရပ်နားပြီး စလုံးမှာ အိမ်ဖော်လုပ်ဖို့ ဒီနယ်လေးကနေ ထွက်သွားကြပြီ” လို့ပါတယ်။ တကယ်တော့ နိုင်ငံတကာမှာ အိမ်ဖော်လုပ်ဖို့ ထွက်သွားကြတာ ခုမှ မဟုတ်။ CDM တွေ အဖမ်းအဆီးကြမ်းတဲ့ ပြီးခဲ့နှစ် ဧပြီလလောက်ကတည်းကလို့ ပြောရပါမယ်။
 
အဲ့ဒီတုန်းကတည်းက ရတဲ့နည်းနဲ့ ဒီနိုင်ငံကနေ ထွက်ခွာနေကြတဲ့ လူငယ် ပမာဏထုထည်ဟာ အတော်ကိုကြီးပါတယ်။ အမျိုးအစားခွဲကြည့်ရင် နှစ်မျိုး တွေ့ရတယ်။ တမျိုးက စစ်ကောင်စီကို ရွံမုန်းသူ ဝန်ထမ်း အမျိုးသမီးငယ်တွေ။ CDM လုပ်ထားပြီး ဖမ်းခံရမှာလည်း စိုးရိမ်ရ၊ နေလို့လည်း မဖြစ်ကြတော့ ထွက်ကြတယ်။
 
နောက်တစ်မျိုးက နိုင်ငံရေးမှာ ကိုယ်ထိလက်ရောက် ပါဝင်ဖို့ ခက်ခဲတယ်။ စားဝတ်နေရေး အင်မတန် ကြပ်တည်းကြသူတွေ။ သူတို့မှ မရှာရင် မိသားစုအတွက် ဒုက္ခရောက်ကြမယ့်လူတွေ။ ဒါပေမယ့် ဆန္ဒပြတယ်၊ အင်တိုက်အားတိုက်ဝင်ပါတယ်။ ပြဿနာက ရေရှည်မှာ တောင့်မခံနိုင်ကြ။ မြန်မာနိုင်ငံမှာ ဒီလူတန်းစားက ကြီးကြီးမားမားရှိနေဆဲပါပဲ။
 
နိုင်ငံတကာလို့ ဆိုပေမယ့်လို့ အများဆုံးသွားကြတဲ့အထဲ မွတ်ဆလင်နိုင်ငံတွေလည်း ပါပါတယ်။ ဘာလို့ဆို စင်္ကာပူလိုနိုင်ငံတွေထက် ယူအေအီးလို၊ အိုမန်လို အာရပ်နိုင်ငံတွေ၊ အင်ဒိုနဲ့ မလေးဘက်တို့က သွားရလာရလွယ်ကူတာကြောင့်ပါ။ တချို့ဆို ကျောင်းဆရာမ၊ တချို့ဆို မူကြိုဆရာမ၊ တချို့ သူနာပြုတွေ။ ဟိုရောက်တော့ အိမ်ဖော်လုပ်ရ၊ ကလေးထိန်းရတော့ မခံနိုင်ကြ၊ ပြန်ချင်ကြတယ်။ ပြဿနာက ပြန်လို့လည်း မရတော့ဘူး။ ကြိတ်မှိတ်ခံနေကြရတာ ရင်လာဖွင့်ကြတယ်။
 
ခုနောက်ပိုင်း ကြုံနေတဲ့ အခက်အခဲကတော့...
အဆက်အသွယ်မရှိဘဲ နိုင်ငံရေးလုပ်ကြသူတွေရဲ့ ဒုက္ခ။ နည်းနည်းရှုပ်သွားသလား မဆိုနိုင်ပါ။ အာဏာ စသိမ်းပြီးတော့ သိပ်မကြာခင်မှာပဲ နိုင်ငံရေးပါတီနဲ့ ဆက်နွယ်သူတွေ၊ အမတ်တွေနဲ့ ဆက်နွယ်သူတွေ၊ အန်ဂျီအိုနဲ့ ဆက်စပ်သူတွေဟာ အလွယ်တကူပဲ တစ်ဖက်ထိုင်းနိုင်ငံထဲ ကူးသွားနိုင်ခဲ့ကြတယ်။
 
တချို့ဆို ဆွေမျိုးနီးစပ်တင်မက ညီ သုံးဝမ်းခွဲနဲ့ သူ့ရည်းစား၊ သူ့ရည်းစားရဲ့ မိဘနှစ်ပါး ဆိုတာမျိုးတောင် ထိုင်းနိုင်ငံထိပါအောင် ခေါ်သွားနိုင်ကြတာ တွေ့ရတယ်။ နောက်ပိုင်းမှာတော့ CDM ထဲက အရေးပါတယ်လို့ ယူဆရသူတွေ ကူးသွားကြပါတယ်။
 
တော်လှန်ရေးကာလကြာလာတဲ့အချိန်မှာ ငွေကြေး ထောက်ပံ့သူတွေ၊ CDM ကိုကူညီနေကြသူတွေဟာ မိသားစုဝင်တွေ ခြိမ်းခြောက်ခံရတာ၊ နေအိမ်ချိတ်ပိတ်ခံရတာတွေနောက်ပိုင်း ရှောင်တိမ်းရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် အပေါ်က ဆိုသလို နိုင်ငံရေးနဲ့ ဆက်နွယ်မှုကို လက်ဆုပ်လက်ကိုင် ပြလို့မရ၊ အမတ်၊ နိုင်ငံရေးသမား၊ အန်ဂျီအိုလို အဖွဲ့တွေနဲ့ဆက်သွယ်ဖို့ကလည်း ဝေးတော့ လွတ်မြောက်နယ်မြေလောက် ရောက်ဖို့တောင် တော်တော်ကို ခက်ခက်ခဲခဲ ဖြစ်လာကြတယ်။ ဘယ်လမ်းကြောင်းကနေ သွားရင် ဘယ်ရောက်မယ်မှန်းလည်း မသိကြ။
 
တချို့ကတော့ တော်လှန်ရေးမှာ ပါဝင်ထောက်ပံ့ချင်ကြပေမယ့် ပုံမှန် လစာလည်းမရှိတဲ့ လူတန်းစား။ လူစည်ကားမှ ငွေဝင်တဲ့ လူတန်းစား။ သူတို့ကျတော့လည်း ငွေလည်း မထောက်ပံ့နိုင် ကိုယ့်စားဝတ်နေရေးလည်း မတတ်နိုင်။ ရှိတာရောင်းချပြီး နိုင်ငံခြားထွက် အလုပ်လုပ်မယ်ဆိုရင်တောင် ဘယ်ကနေ စပြီး သွားရမှန်း မသိ။ နောက်ဆုံး ရမိရရာ လုပ်ကြ။ လူလိမ်ပွဲစားတွေနဲ့တွေ့ကြနဲ့ ဒုက္ခရောက်နေကြတာ မနည်းမနောပါပဲ။
 
ပြီးခဲ့တဲ့ရက်ပိုင်းက သပိတ်မှာ ပါနေသူတစ်ဦးက ပြောတယ်။ လုံးဝ မလုံခြုံတော့လို့ ရှောင်ရဖို့ ဖြစ်လာတယ်တဲ့။ ရန်ကုန်မှာတောင် ဘယ်ကိုသွားရှောင်ရမှန်း မသိဖြစ်နေတယ်လို့ဆိုတယ်။ ခက်ခဲလာတယ်။ ဒီလူငယ်တွေဟာ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်မှာ အသံတွေ မတိတ်အောင် သပိတ်တွေ ဆင်နွှဲနေကြသူတွေ။
 
နောက်တစ်မျိုးက KBZpay, WavePay ပိတ်ခံရပြီး အိမ်အထိ လာရှာလို့ရှောင်တိမ်းနေရသူတွေ။ ပြဿနာက သူတို့အခက်အခဲကို ဘယ်လိုပြောမလဲ။ တောထဲမှာ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေထက် စာရင် ဒီပြဿနာတွေကို ပြောပြရမှာ သူတို့ လက်တွန့်ကြတယ်။ ဒါပေမယ့် ဒီလို လူပေါင်း အများကြီးဖြစ်လာလို့ ထောက်ပို့လမ်းကြောင်းမှာ အထစ်အငေါ့တွေ ရှိလာတာပဲလို့ ယူဆပါတယ်။
 
ဒါတွေအားလုံးရဲ့ တရားခံက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါပဲ။ ဒါပေမယ့်လည်း သူ့ချည်းထိုင်ဆဲနေလို့ ပြဿနာတွေက ပြီးသွားမှာ မဟုတ်။ အထက်က ပြောခဲ့တဲ့ လူ့အတန်းစားအလွှာတွေရဲ့ ဒုက္ခတွေဟာ ထုထည်ကြီးကြီးမားမားနဲ့ သိမ်သိမ်မွေ့မွေ့ ရှိနေပြီး တော်လှန်ရေးလှိုင်းကို အတိုင်းအတာတစ်ခုထိ ရိုက်ခတ်နေတယ်ဆိုတာ ဦးနှောက်ကြီးသူ၊ ဆုံးဖြတ်နိုင်စွမ်းရှိသူတို့ စောကြောနိုင်ဖို့ ရေးသားပါတယ်။
 

You can treat me a cup of coffee.

wave

Press ESC to close