ပဲခူးမှာ ဘာဖြစ်နေတာလဲ

တနိုင်ငံလုံးမှာ ကြီးမားတဲ့ ပစ်ခတ်မှုတွေ မရှိပေမယ့် ပဲခူမြို့ကတော့ အဓိက ဖိနှိပ်ခံနေရပါတယ်။ ၉ ရက်နေ့ကတည်းက ဒီနေ့ထိ ၃ ရက်ကြာ ဆက်တိုက်ဖြစ်ပျက်နေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် မှော်ကန်၊ မဂ္ဂတစ်လမ်း၊ ဆံတော်တွင်းလမ်း နဲ့ ပုဏ္ဏားစုရပ်ကွက်တွေဟာ မင်းအောင်လှိုပ်တပ်တွေကို အဓိက တွန်းလှန်ခဲ့တဲ့ နေရာတွေ ဖြစ်တာကြောင့် ဒီနေရာတွေကို အဓိက ဖိနှိပ်နေတာ ဖြစ်ပါတယ်။

 

ပဲခူးမှာ ၉ ရက်နေ့ကနေ ဒီနေ့ထိ ကျဆုံး၊ သေဆုံးသွားသူ ၈၂ ဦး ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ ဒီ ၈၂ ဦးဟာ AAPP စာရင်းအရ တနိုင်ငံလုံး ကျဆုံးသွားသူ ၇၀၁ ဦးထဲမှာ အပါအဝင်ဖြစ်ပါတယ်။

 

အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါ အရေအတွက်ထက် ပိုများနေနိုင်ပါသည်လို့ ဆိုထားပါတယ်။

 

တချိန်တည်းမှာပဲ တနိုင်ငံလုံး ကျဆုံးသွားသူ စာရင်းနဲ့ ပတ်သက်လို့ The Insights လို့ခေါ်တဲ့ အချက်အလက်များကို စုဆောင်းတင်ပြပေးနေတဲ့ ယုံကြည်ရတဲ့ စာမျက်နှာမှာတော့ ၈၂ ဦးအပါအဝင် တနိုင်ငံလုံး စုစုပေါင်း ၇၃၉ ဦး ကျဆုံးသွားပြီလို့ ဆိုပါတယ်။

 

အလောင်းတွေ ဘယ်ရောက်နေသလဲ

 

လက်နက်ကြီးတွေနဲ့ရော၊ စက်သေနတ်တွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တဲ့ မဂ္ဂတစ်ခံတပ်မှာ ကျဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေကို အနီးနားက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းထဲမှာ ဧပြီ ၉ ရက်က စုပုံထားခဲ့တာပါ။ ဒါကို မျက်မြင်တွေ့ရှိသူ ၄ ဦးက အတည်ပြုထားပါတယ်။ ဒဏ်ရာရသူတွေကို ကူညီသယ်ယူခွင့်လဲ မရတဲ့အတွက် ဒဏ်ရာပြင်းထန်သူတွေအတွက်လည်း စိုးရိမ်ရတဲ့ အခြေအနေတွေ ကြုံခဲ့ကြတာပါ။

 

အဲ့ဒီနောက် ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို စစ်ကားတွေနဲ့ တင်ယူသွားတာကို မြို့ခံတွေ တွေ့လိုက်ကြရပေမယ့် ဘယ်ကိုယူသွားသလဲဆိုတာတော့ မသိကြပါဘူး။ ၉ ရက်နေ့ ညနေပိုင်းအထိ ဆေးရုံ၊ ရင်ခွဲရုံကို ရောက်လာတာ အလောင်း ၃ လောင်းပဲ ရှိတယ်လို့ ကိုယ်တိုင်မြင်ခဲ့သူက ပြောပါတယ်။

 

ဒါပေမယ့် မနေ့က ဧပြီ ၁၀ ရက်နေ့မှာတော့ နောက်ထပ် အလောင်း ၂ လောင်းထပ်ရောက်လာပြီး စုစုပေါင်း ရင်ခွဲရုံကို ရောက်လာတာ ၅ လောင်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရင်ခွဲရုံမှာရှိတဲ့ အလောင်းအရေအတွက်ကို ခန့်မှန်း မြင်ခဲ့ရတာသာ ဖြစ်တဲ့အတွက် အပိုအလိုလည်း ရှိနိုင်ပါတယ်။

 

ဒီနေရာမှာ ကျဆုံး၊ သေဆုံးသွားသူ လူ ၈၂ ရှိတယ်ဆိုရင် ဒီနေ့ ၁၁ ရက်နေ့ ရှိပြီဖြစ်လို့ အလောင်းတွေဟာ စပြီး ပုံစံပျက်ယွင်းတဲ့ အခြေအနေကို ရောက်နေမှာဖြစ်ပါတယ်။ ၈၂ လောင်းဆိုတာ မြင်ယောင်ကြည့်ပါ၊ များပြားတဲ့ ပမာဏဖြစ်တဲ့အတွက် မြင်သာထင်သာပါတယ်။ ဒါပေမယ့် ကျဆုံးသူအလောင်းတွေကို ကိုယ်တိုင်သွားထုတ်ပြီး သင်္ဂြိုလ်ခဲ့သူတွေ ပြောဆိုပုံအရတော့ ရင်ခွဲရုံမှာ အလောင်းပေါင်း ၈၀ ရှိမနေပါ။

 

ဒါဆိုရင် မင်းအောင်လှိုင်စစ်တပ်ဟာ အလောင်းတွေကို ဘယ်နေရာမှာ ထားသေးလဲဆိုတာ မေးခွန်းအဖြစ် ရှိနေပါတယ်။

 

လက်ရှိအချိန်

 

ခု ဒီစာ ရေးနေချိန် ည ၉ နာရီအချိန်လောက်မှာ ဇိုင်းဂနိုင်းတောင်ပိုင်းက ရပ်ကွက်ရုံးကို မင်းအောင်လှိုင် အကြမ်းဖက်တပ်တွေက လာဖွင့်သွားတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပြထားပါတယ်။ အဓိက နေရာတွေဖြစ်တဲ့ မှော်ကန်၊ မဂ္ဂတစ်လမ်း၊ ဆံတော်တွင်းလမ်း နဲ့ ပုဏ္ဏားစုရပ်ကွက်တို့က လူတွေဟာ အပြင်ကို လုံးဝ မထွက်ရဲကြဘဲ ပုန်းအောင်းနေကြဆဲ ဖြစ်ပါတယ်။

 

တချိန်တည်းမှာ ၉ ရက်နေ့ကတည်းက သပိတ်ပြို၊ လူစုကွဲသွားကြသူတွေထဲ အိမ်ကို ပြန်မရောက်ဘဲ သေသလား၊ ရှင်သလား မသိရတဲ့ လူတွေ အများကြီး ရှိနေတယ်လို့ သိရပါတယ်။ ပြီးတော့ အဓိက ရပ်ကွက်တွေထဲကို ဝင်ဖမ်းတာ၊ ဝင်ပစ်တာတွေ ဆက်တိုက်ဖြစ်နေလို့ ပုန်းအောင်းနေရသူတွေဟာ တမြို့ထဲ ဖြစ်ပေမယ့် တနေရာကနေ နောက်တနေရာကိုတောင် မရွှေ့ရဲတဲ့ အနေအထားပါပဲ။

 

၉ ရက်နေ့ နေ့လယ်တုန်းက ဖြိုခွင်းခံရချိန် ပုဏ္ဏားစုရပ်ကွက်ကနေ အဆက်ဖြစ်တဲ့ ကျေးရွာတွေဘက်ကို ထွက်ပြေးကြတဲ့ ပုံတွေကို တင်ခဲ့ကြပါသေးတယ်။ အဲ့ဒီနောက် မင်းအောင်လှိုင်တပ်တွေဟာ ထွက်ပြေးသွားတဲ့မြို့ခံတွေရှိရာ အဲ့ဒီရွာတွေထဲထိ ဝင်ဖမ်းတာ၊ ဝင်ပစ်တာတွေ ဆက်တိုက် လုပ်ခဲ့တာပါပဲ။

 

ဒီနေ့ (ဧပြီ ၁၁) ညမှာတော့ သေနတ်သံမကြားရသေးဘဲ တမြို့လုံးနီးပါး ငြိမ်သက်နေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ ဒါပေမယ့် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲလို့ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာကို အတိအကျ မသိကြပါဘူးခင်ဗျာ။

You can treat me a cup of coffee.

wave

Press ESC to close