ဘဝမှာ...

ဘဝမှာ လို့ အစချီရေးရင် ပုဂ္ဂလခံစားချက်အနေနဲ့ တော်တော် အဆင်မပြေပါ။ ဒါပေမယ့် ဒီစာက ဘဝမှာ ဆိုတာနဲ့ စမှ ရပါမယ်။ 

ကျနော် ခုချိန်ထိ သက်တမ်းတစ်လျှောက် အင်မတန်မှ ဆိုးရွားလှပါတယ်ဆိုတဲ့ လူသတ်တဲ့ ဓာတ်ပုံ၊ ရုပ်သံတွေ အများကြီးကြည့်ဖူးပါတယ်။ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို ကိုယ်တိုင်လည်း အပြင်မှာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်း ကြည့်ရတဲ့ လူသတ်ထားတဲ့ရုပ်သံမျိုးကိုတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးပါ။ 

၈ တန်းနှစ်လောက်က ဇာတိနယ်မှာ စိတ်မနှံ့သူတစ်ယောက်က လူနှစ်ယောက်ကို ခန္ဓာကိုယ်တစ်ခုလုံး အပေါက်တွေ ဖြစ်သွားအောင် လှံစွပ်နဲ့ထိုးပြီး သတ်ခဲ့ချိန်က အနီးကပ်တွေ့ဖူးမြင်ဖူးခဲ့တယ်။ နောက်တစ်ခုက ၂၀၁၆ မောင်တော ကျီးကန်းပြင်မှာ ရဲတွေကို ခေါင်းဖြတ်ထားတဲ့ ဓာတ်ပုံတွေ။ နှစ်ခုလုံးကို တစ်လလောက်ထိ ပုံရိပ်တွေစွဲနေပြီး ဖျောက်မရ၊ အိပ်မရခဲ့။ ခုချိန်ထိလည်း မြင်ယောင်နေဆဲပဲ။ 

ရုပ်ရှင်တွေထဲမှာ ခေါင်းဖြတ်၊ ခန္ဓာကိုယ်ကို အစိတ်စိတ် လွှနဲ့ပိုင်းတာတွေ ကြည့်ဖူးပေမယ့် ရုပ်ရှင်ဆိုတဲ့ အသိကြောင့် ပြဿနာ မရှိခဲ့။ ဒါပေမယ့် တကယ့်အပြင်မှာ လူအရှင်လတ်လတ်ကို သတ်ဖြတ်ထားတဲ့ ရုပ်သံတွေကတော့ အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။ 

၁။ ပထမဆုံး မြင်ခဲ့ဖူးတဲ့ရုပ်သံက ၂၀၂၀ တုန်းက။ Myanmar Now မှာ အလုပ်လုပ်နေချိန် ရုပ်သံဖိုင်တစ်ခု ရပါတယ်။ ရခိုင်စကားပြောနေတဲ့ လူအုပ်စုတစ်စုက လူတစ်ယောက်ကို ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ရိုက်သတ်မြေမြှုပ်တဲ့ ရုပ်သံဖိုင်။ ကျင်းတူးပြီးတဲ့အချိန်မှာ လက်ကိုကြိုးတုပ်ပြီး နားထင်နေရာကို တုတ်ကြီးကြီးနဲ့ ရိုက်ချ၊ ကျင်းထဲပြုတ်ကျသွားပြီး ခပ်လှုပ်လှုပ်ဖြစ်နေတာကို ထပ်ပြီး ခေါင်းတွေချည်းပဲ အချက် ၂၀ လောက်ထပ်ရိုက်။ မလှုပ်တော့တဲ့အချိန်မှာ အပေါ်က မြေမြှုပ်ပစ်တဲ့ ရုပ်သံ။

၂။ ဒုတိယတစ်ခုက အာဏာသိမ်းပြီး ဧပြီ၊ မေလလောက်မှာ ပေါ်လာတဲ့ ရုပ်သံဖိုင်။ မှောင်မဲနေတဲ့အချိန် ဓာတ်မီးနဲ့ထိုးပြီး သေပြီးသားအလောင်းတွေကို ခြေထောက်တွေလက်တွေ ခုတ်ထစ်ပိုင်းနေတဲ့ ရုပ်သံ။ ဒီရုပ်သံမှာတော့ နောက်က စကားပြောနေတာတွေက ဘယ်ဘာသာစကားဆိုတာကို မသိရ။ 

၃။ နောက်ဆုံးကတော့ ခုရက်ပိုင်းကြည့်ရတဲ့ ရုပ်သံ။ အမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ထိုင်ခိုင်းထားတယ်။ အမျိုးသမီးက အသက် ၂၅ နဲ့ ၃၅ ကြားလို့ မှန်းဆရပါတယ်။ ဘေးနားရပ်နေသူက ဘောင်းဘီရှည်နဲ့ ဘေးလွယ်အိတ်တစ်လုံးကို လွယ်ထားပါတယ်။ ‘မလှုပ်နဲ့နော်၊ ငါ့ကို ပြန်မကြည့်နဲ့’ လို့ ပြောတော့ အမျိုးသမီးက ‘ဟုတ်ကဲ့ ဟုတ်ကဲ့’ လို့ ပြန်ပြောရှာတယ်။ 

ရုပ်သံကို ရိုက်ထားသူက မျက်နှာချင်းဆိုင်က နောက် တစ်ယောက်။ ရုတ်တရက်ဆိုသလိုပဲ ခုနက ဘေးလွယ်အိတ်လွယ်ထားသူက ဓားမ ဒါမှမဟုတ် ပုဆိန်လို့ယူဆရတဲ့ လက်နက်နဲ့ အမျိုးသမီး နောက်စေ့တည့်တည့်ကို ရိုက်ချလိုက်တယ်။ အမျိုးသမီးခေါင်းက သွေးတွေ တဝေါဝေါထွက်လာပြီး ခေါင်းက ကြမ်းပြင်မှာ စိုက်သွားပါတယ်။ 

သွေးတွေ ချင်းချင်းနီနေရင်း စကားအနည်းငယ် ပြန်ပြောပါသေးတယ်။ ဒီလို မသေမရှင်ဖြစ်နေတုန်းမှာပဲ လည်ပင်းကို ပိုင်းပါတယ်။ ဟုတ်ပါတယ်။ လည်ပင်းကို ပိုင်းချလိုက်တာပါ။ ပြီးတော့ ခြေလက်တွေကို ဆက်ပိုင်းတယ်လို့ ထင်ပါတယ်။ ၂ မိနစ်နီးပါးကြာတဲ့ ဒီရုပ်သံဖိုင်ကို တောက်လျှောက် မကြည့်ရဲဘဲ ခေါင်းကို ခုတ်လိုက်တဲ့အချိန်မှာ ရပ်ထားပြီး ကျော်ကြည့်ရပါတယ်။ နောက်ဆုံးမှာ အမျိုးသမီးဟာ ခေါင်းတခြားကိုယ်တခြား ဖြစ်သွားပါတယ်။ 

စကားပြောသံတွေအရ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတစ်ခုခုက လေယူလေသိမ်းလို့ ယူဆရပါတယ်။ ဒါပေမယ့် အတည်ပြုလို့ မရပါ။ ရုပ်သံက အရည်အသွေးကောင်းပါတယ်။ သဘောက ဒီနောက်ပိုင်းဖုန်းတွေနဲ့ ရိုက်ထားတယ်လို့ ယူဆရပါတယ်။ သတ်ဖြတ်ခံရသူရော၊ ခေါင်းဖြတ် သတ်သူပါ ဗမာစကား ပီပီသသပြောပါတယ်။ 

ကျနော့်တစ်သက်တာလုံး ဒီလောက်ဆိုးရွားပြီး လူမဆန်တဲ့ လူသတ်နည်းမျိုး တစ်ခါမှ အရှင်လတ်လတ် မမြင်ဖူးပါ။ ဒါတွေကို ဘာလို့ ရေးပြနေသလဲ မေးရင်...

ကျနော်တို့ လက်ရှိကြုံတွေ့နေရတာက စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ သေသွားတာ၊ ခေါင်းတည့်တည့်ကို ချိန်ပစ်လို့ ပွဲချင်းပြီး သေတာ၊ လူတွေကြိုးတုပ် တန်းစီခိုင်းထားပြီး သေနတ်နဲ့ ပစ်သတ်တာတွေတင် မဟုတ်ဘဲ လူ အရှင်လတ်လတ်ကို နောက်ပြန်ကြိုးတုပ်၊ နောက်စေ့ကို ပုဆိန်နဲ့ ထု၊ စကားတစ်စွန်းတစ်စပြောပြီး မသေမရှင်ဖြစ်နေချိန်မှာ ခေါင်းကို ခုတ်ထစ် ပိုင်းလိုက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ 

ဒီနေ့ဆိုရင် အာဏာသိမ်းထားတဲ့ ကာလဟာ ရက်ပေါင်း ၅၁၀ ရှိသွားပြီ ဖြစ်ပါတယ်။ ကျနော်တို့ မသိတဲ့၊ လက်လှမ်းမမီတဲ့၊ လူသူအရောက်အပေါက်နည်းတဲ့၊ ဖုန်း၊ အင်တာနက် အားနည်းတဲ့ ဒေသတွေမှာ ဒီလိုမျိုး လူမဆန်စွာ သတ်ဖြတ်ခံရတဲ့ လူပေါင်း ဘယ်လောက်ထိရှိနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါ။ နီးစပ်ရာ၊ တတ်နိုင်တဲ့အပိုင်း၊ လုပ်နိုင်တဲ့ ခွင်၊ Click တစ်ချက်ပဲဖြစ်ဖြစ်၊ သတင်းအစအနတစ်ခုပဲဖြစ်ဖြစ် ပါဝင်ပေးကြဖို့ပါ။ 

မဟုတ်ရင် အရှင်လတ်လတ် ခေါင်းဖြတ်သတ်လိုက်တာကို မြင်ရတာကိုတောင် ရိုးအီလာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဆီ မလွဲမသွေ ရောက်သွားနိုင်လို့ပါပဲ။

 

You can treat me a cup of coffee.

wave

Press ESC to close