ရန်ကုန် ဘဏ္ဍာရေးဝန်ကြီး အစားထိုးမှုနဲ့ နောက်ဆက်တွဲ  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ထောက်ခံသူတွေဟာ မြနန်းနွယ်ကိစ္စပြီးကတည်းက ရန်ကုန်တိုင်းဦးဖြိုးမင်းသိန်းနဲ့ပတ်သက်ရင် လုံးဝ စကားမ ’ဟ’ တော့တာသတိထားမိပါတယ်။ ဦးဖြိုးမင်းသိန်းလို့ ပြောလိုက်ရင် ဦးမောင်မောင်စိုးနဲ့ ဒေါ်နီလာကျော်တို့ပါ တပါတည်း တွဲမြင်မိကြပါလိမ့်မယ်။​

 

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကိုတော့ အင်တာနက်စာမျက်နှာပေါ်မှာ ခဏလောက်ပေါ်လာပြီး ပြန်ပျောက်သွားခဲ့တာ သတိထားမိကြမှာပါ။ ဒေါ်နီလာကျော်ကိုတော့ လူမှုကွန်ရက်ပေါ်မှာ အထူးတလည်တွေ့ရလေ့မရှိပါဘူး။ ရန်ကုန်တိုင်းအစိုးရဟာ အင်န်အယ်ဒီ အာဏာရစဉ်က လက်သံပြောင်သယောင် ထင်ခဲ့ရပြီး သတင်းစာမျက်နှာတွေရဲ့ မျက်နှာဖုံးတိုင်းမှာ မင်းမူခဲ့တာပါ။

 

ဒါပေမယ့် ရွေးကောက်ပွဲ နီးလာလေလေ၊ တနည်းဆိုရရင် အစိုးရသက်တမ်းကုန်ဆုံးချိန် နီးလာလေလေ ရန်ကုန်အစိုးရရဲ့ အသံ၊ လှုပ်ရှားမှုကို မတွေ့ရလေပါပဲ။ တကယ်ဆိုရင် (အထူးသဖြင့် တိုင်း/ပြည်နယ် အစိုးရသာ) တကယ် အလုပ်လုပ်ခဲ့တယ်ဆိုရင် ရန်ကုန်လိုနေရာမျိုးဟာ ‘ပြ’ ဖို့အတွက် အကောင်းဆုံး နေရာ တစ်ခုပါပဲ။ ဒါပေမယ့် ရန်ကုန်မှာ ပြစရာ ဘာကြောင့် မရှိရတာလဲ။ ဘာကြောင့်လဲ...?

 

ရန်ကုန်တိုင်း အစိုးရအဖွဲ့ထဲက အရပ်သားဝန်ကြီးတွေကို စာရင်းချကြည့်ရအောင်ပါ။ အဓိကကျ နာမည်ကြီးကြတဲ့ ဦးဖြိုးမင်းသိန်း၊ ဦးမောင်မောင်စိုး၊ ဒေါ်နီလာကျော် တို့ရှိမယ်။ တဖက်မှာ စိုက်ပျိုးရေး ဦးဟံထွန်း၊ ရခိုင်တိုင်းရင်းသားရေးရာ ဦးဇော်အေးမောင်၊ ကရင်တိုင်းရင်းသားရေးရာ ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ လူမှုရေး ဦးနိုင်ငံလင်း၊ လူဝင်မှု ဒေါ်မိုးမိုးစုကြည်နဲ့ ဘဏ္ဍာရေး ဦးရဲမင်းဦးတို့ ကျန်ပါလိမ့်မယ်။

 

လုံ/နယ် ဗိုလ်မှူးကြီးဝင်းတင့်ကိုတော့ ခန့်အပ် (Appointed) ဖြစ်တဲ့အတွက် ဒီစာရင်းမှာ ခဏဖယ်ထားပါမယ်။ ပြီးတော့ ဒေါ်ခင်သန်းလှနဲ့ ဒေါ်ချိုမာလာတို့က စာရင်းစစ်နဲ့ တရားရေးဖြစ်တဲ့အတွက် စဉ်းစားချက်ထဲကနေ ခဏခွဲထုတ်လိုက်ပါတယ်။

 

ရန်ကုန်တိုင်းအစိုးရက ဘာလို့ အသံပျောက်သွားရသလဲ၊ ပြီးတော့ အင်န်အယ်ဒီ ထောက်ခံသူတွေဟာ ဘာကြောင့် အရင်ကလို “We Stand With Kwee Phyo” ထက် “We Stand With Mother Su” တွေပဲ ပိုများလာရတာလဲ ဆိုတာပါပဲ။ သဘောက ရန်ကုန်အစိုးရဟာ အာဏာရပါတီနဲ့ တလှေတည်းစီး၊ တခရီးတည်းသွားနေသေးသလား ဆိုတာပါပဲ။ မသေချာပါဘူး။

 

တနိုင်ငံလုံးမှာ ပါဝါအရှိဆုံးလို့ ပြောနိုင်တဲ့ ရန်ကုန်တိုင်းလိုနေရာမျိုးကို အုပ်ချုပ်သူ၊ တချိန်က အင်တိုက်အားတိုက် ရပ်တည်ပေးမှုကို ရရှိခဲ့သူ ဦးဖြိုးမင်းသိန်းကို ဘာကြောင့် ချန်လှပ်ထားခဲ့ကြရသလဲ။ အဖြေကတော့ ရွေးကောက်ပွဲ နီးလာလို့ပဲ ဖြစ်မယ်လို့ ကျနော် ယူဆပါတယ်။

 

တဖက်မှာကျတော့လည်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအချို့ကို စစ်ဆေးနေတယ်ဆိုပြီး အသံထွက်တာတွေ ရှိနေပါတယ်။ ဆိုတော့ စဉ်းစားကြည့်တာပါ။ ရန်ကုန်တိုင်းအစိုးရကို ဘယ်သူက စစ်မှာလဲ...? အစိုးရလား...? အစိုးရတောင်မှ ပြည်ထောင်စုအဆင့်လားပေါ့...? တဖက်မှာကျပြန်တော့လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်ကို စစ်ဆေးတာဟာ အစိုးရမဟုတ်ရင် ပါတီလား၊ ပါတီ စီအီးစီလားပေါ့၊ ပါတီရဲ့ စီအီးစီစာရင်းကို ပြန်ကြည့်ရမယ် ထင်ပါတယ်။

 

စဉ်းစားချက်တွေထဲမှာ တခု ထည့်ပြောစရာက ဇွန် ၃ ရက်က ခန့်အပ်ခဲ့တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးပါပဲ။ ဧပြီလတုန်းက ကွယ်လွန်ခဲ့တဲ့ ဝန်ကြီးဦးမြင့်သောင်းရဲ့နေရာကို အစားထိုး ခန့်အပ်ခံရသူပါ။ ဆိုရရင် ဦးမြင့်သောင်းဟာ ဦးဖြိုးမင်းသိန်း၊ ဦးမောင်မောင်စိုး၊ ဒေါ်နီလာကျော်တို့နဲ့ ရင်းနှီးသူတဦးလို့ ဆိုနိုင်ပါတယ်။

 

ခု ဦးမြင့်သောင်းနေရာမှာ ဦးရဲမင်းဦးဝင်လာပါတယ်။ ရုတ်တရက်တော့ ဦးရဲမင်းဦးရဲ့ နောက်ကြောင်းရာဇဝင်အရ ငွေကြေး၊ ဘဏ်၊ တို့နဲ့ပတ်သက်လို့ သူ့ကို စီမံ/ဘဏ္ဍာ ဝန်ကြီးခန့်လိုက်တယ်လို့ ဆိုနိုင်ပါမယ်။ ဒါပေမယ့် ကျနော့်အမြင်မှာတော့ ဒီထက် ပိုနိုင်မယ်လို့ ယူဆပါတယ်။ ဘာလို့ဆို ဘဏ္ဍာရေးပါနေလို့ပါပဲ။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားတဲ့ပါတီတခုပါ။ ဒေါ်လဲ့လဲ့မော်က စလို့ ခုနောက်ဆုံး (သမ္မတက လက်မှတ်ထိုးဖို့ ကျန်နေတဲ့) အယ်ဖောင်းရှိုအထိ အဂတိမှုအကြီးကြီးတွေကို ကိုင်တွယ်နေခဲ့တာ မြင်သာပါတယ်။ တဖက်မှာလည်း အဂတိတိုက်ဖျက်ရေးကော်မတီရဲ့ လုပ်ဆောင်မှုတချို့ မြင်ခဲ့ရတာ ရှိပါတယ်။

 

ပြန်ကြည့်ရင် အဂတိဆိုတာရဲ့ အစဟာ အားလုံးဟာ ဘဏ္ဍာရေးမှာ တည်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းရဲ့ ဘဏ္ဍာရေးကို ဦးရဲမင်းဦးကို ကိုင်တွယ်စေလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာသားပါတဲ့ ပြောင်းရွှေ့မှုတခုများလားဆိုတဲ့ မေးခွန်းကို ဖြစ်စေပါတယ်။ နောက်တခုကတော့ ဦးရဲမင်းဦးပြောင်းရွှေ့လာချိန်ဟာ အင်န်အယ်ဒီအစိုးရ ပထမ ငါးနှစ်သက်တမ်း ကုန်ဆုံးချိန်နီးလာတော့မှ ဆိုတာကိုလည်း သတိချပ်ရမယ်ထင်ပါတယ်။

 

နောက်တခုကတော့ ဦးရဲမင်းဦးဟာ အင်န်အယ်ဒီရဲ့ ငယ်မွေးခြံပေါက် မဟုတ်ဘူးဆိုတာပါပဲ။ ငယ်မွေးခြံပေါက် မဟုတ်သူရဲ့ အားနည်းချက်ရှိသလို အားသာချက်လည်း ရှိပါမယ်။ သူဟာ ပြောရရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထဲမှာဆို ‘တဦးတည်း’ သီးခြား ရှိနေသူလို့တောင် ဆိုရပါမယ်။ တဦးတည်း သီးခြား ရှိနေသူဟာ ဘဏ္ဍာရေးဝန်ကြီး ဖြစ်နေပါတယ်။

 

အစိုးရတရပ်နဲ့ တရပ်ကြား အာဏာအလွှဲအပြောင်းလုပ်ချိန်၊ ကုန်ဆုံးချိန်ကာလ၊ ကြားကာလဟာ အင်မတန်မှ လှည့်ကွက်၊ မျက်နှာလွှဲခဲပစ်မှု၊ ဉာဏ်များမှုတွေ အတွေ့ရဆုံးအချိန်ပါပဲ။ အရင် မန္တလေး ဝန်ကြီးချုပ်ဟောင်း ကိစ္စတွေ၊ မကွေးက ဝန်ကြီးချုပ်ဟောင်းက ငွေပြန်အပ်ရတာတွေနဲ့ အစိုးရဆင်းခါနီး ချပေသွားတဲ့ ဂရန်မြေကွက်တွေက စလို့ အများကြီးပါပဲ။

 

ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘဏ္ဍာရေးဝန်ကြီးနေရာကို အစိုးရသက်တမ်းကုန်ဆုံးချိန် နီးလာတဲ့ ဒီလိုအချိန်မှာ ဦးရဲမင်းဦးကို ကိုင်တွယ်စေလိုက်တာ ဟာ အဓိပ္ပါယ်တွေ အများကြီး ရှိနေလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close