လူငယ်တွေ စနစ်တကျစုစည်းဖို့လိုပြီ

လူငယ်လို့ ဆိုလိုက်တာနဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ အရာရာစူးစမ်းတတ်တဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေကို စိတ်ကူးထဲ မြင်မိကြမှာပါ။ ဒီနေ့လူငယ်တွေမှာ နယ်ကလူငယ်နဲ့ မြို့ပြလူငယ်ဆိုပြီးနှစ်ပိုင်း ခွဲခြားပြောဖို့လိုပါလိမ့်မယ်။

 

အများအားဖြင့်ကတော့ မြို့ပြလူငယ်ကိုပဲ ဦးတည်ချက်ထား ပြောကြတာများပါတယ်။ ဒါကလည်း ဒီနေ့ လူငယ်အတော်များများဟာ နယ်ကမြို့ကို တက်လာပြီး ကျောင်းတက်သူတက်၊ ကိုယ်ဝါ သနာပါရာလမ်းကို လျှောက်လမ်းဖို့ စွန့်စားလာကြတာကိုး။

 

ဒီနေ့လူငယ်တွေဟာ အင်တာနက်ဂိမ်းဆိုင်မှာ ကစားနေကြပေမယ့်၊ လဖက်ရည် ဆိုင်မှာ ဆေးလိပ်ကိုက်ထားပေမယ့်၊ ညဘက် လူခြေတိတ် ချိန်ဂစ်တာကိုင်ထားပေမယ့်၊ ပန်းခြံထဲမှာ ထီးဆောင်းထားကြပေမယ့်၊ ကျောင်းပြေးနေကြပေမယ့် သူတို့ရဲ့အနာဂတ်ဟာ နိုင်ငံရဲ့ အနာဂတ်ပဲဖြစ်ပါတယ်။

 

အခြေခံပညာ ကျောင်းတွေကနေ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် တက်နေတဲ့ လူငယ်အရေအတွက်ထက် ILBC လိုကျောင်းမျိုးကထွက်တဲ့ လူငယ်အရေတွက်ထကနည်းပါးမှာပါ။ ဒါပေမယ့် သူတို့ဟာအခုအချိန်မှာ အခွင့်အလမ်းတွေ၊ နိုင်ငံရေးအခြေအနေတွေကြားထဲမှာ အရင်စစ်အစိုးရက ဖျက်ဆီးခဲ့တဲ့ စိတ်ဓါတ်တွေနဲ့ မလူးသာမလွန့်သာ ခံစားနေကြရတာပါ။

 

လွန်ခဲ့တဲ့တစ်ပတ်က အမေရိကန်က ကျောင်းတက်ပြီးပြန်လာတဲ့ဆိုတဲ့ လူငယ်လေးတစ်ယောက် မြန်မာနိုင်ငံက လူငယ်တွေရဲ့အခြေအနေကို ဝေဖန်ထားတာ ဖတ်လိုက်ရပါတယ်။ သူကမြန်မာနိုင်ငံက လူငယ်တွေဟာ ဘာလို့ လက်ဖက်ရည်ဆိုင်တွေမှာ အချိန်ကုန်နေကြရတာလဲဆိုပြီး (ကရုဏာ ဒေါသလို့ ထင်ပါရဲ့) ပြောထား တာ တွေ့လိုက်ရပါတယ်။ ဒီနိုင်ငံကလူငယ်တွေဟာ သူတို့ပြောချင်တာတွေ၊ သူတို့ မကျေနပ်တာတွေ၊ သူတို့ရဲ့ စိတ်ထွက်ပေါက်တွေကို ဖြေရှင်းဖို့ နေရာမရှိဘူးဆိုတာကိုတော့ အဲ့ဒီ အမေရိကန် ပြန်လူငယ်လေးက ထည့် စဉ်းစားတာမျိုး ရှိသင့်တယ်လို့ မြင်မိပါတယ်။


လူငယ်ဟစ်တိုင်

ကျောင်းစာသင်ခန်းထဲက လူငယ်တစ်ယောက်ဟာ သူ့ရှေ့က ဆရာမသင်နေတဲ့ သင်ခန်းစာထဲမှာ အမှားတွေ့ တယ်။ သူကိုယ်တိုင်ပြောချင်တယ်။ ဆရာ၊ ဆရာမတွေက ပြောခွင့်မပေးဘူး။ ဒါကအစ... အိမ်မှာ မိဘနဲ့ မပြေ လည်ဘူး။ ငါပြောတာလုပ်၊ မင်းတို့ကောင်းစားစေချင်လွန်းလို့ ငါတို့စီစဉ်ရတာဆိုတဲ့ စကားတွေကို မွေးကတည်း က ကြားလာခဲ့ရတဲ့လူငယ်တွေ။ ဒါက နေ့စဉ် ကြုံတွေ့နေကျ။

 

အဲ့ဒီနှစ်ခုလောက် အဆင်မပြေတော့တာနဲ့ အဲ့ဒီလူငယ်ဟာသူ့အတွက် ထွက်ပေါက်ဘယ်မှာလဲ။ ဘယ်နေရာက သူ့အတွက် ဖြစ်နိုင်မလဲ။ သူတို့ပြောချင်တာတွေ၊ သူတို့ဆွေးနွေးချင်တာတွေကို ဘယ်နေရာမှာပြောမလဲ။ နောက်ဆုံး လူငယ်ထုတစ်ခုလုံးနဲ့ဆိုင်တဲ့ လူငယ့်ရေးရာကိစ္စတွေကို ပြောနိုင်ဖို့ လက်တွန့်သွားပြီး ဘယ်ကိစ္စမဆို ၀င်မပြော၊ ၀င်မပါဘဲ နဲ့ ဘေးထိုင်ဘုပြော၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဂိမ်းဆော့စတဲ့ အလုပ်တွေနဲ့သာ အချိန်ဖြုန်းပြီး မိဘခိုင်းတဲ့အတိုင်းသာ နေလိုက်ဖို့ပဲ ရှိပါတော့တယ်။

 

နိုင်ငံတည်ဆောက်ခြင်းဖြစ်စဉ်မှာ စီးပွားရေး၊ နိုင်ငံတော်(အစိုးရ)နဲ့ အရပ်သား လူ့အဖွဲ့အစည်းဆိုတဲ့ ဒေါက်တိုင် သုံးရပ်နဲ့ ဆွဲတင်ရပါတယ်။ ဒီအထဲက အရပ်သား လူ့အဖွဲ့အစည်းဆိုတာ လူငယ်တွေနဲ့ဖွဲ့စည်း ထားပါမှ အင်အားတောင့်တင်းတဲ့ အမြင်ကျယ်တဲ့၊ နောက်ထပ် အမှန်တကယ် ကိုယ်ကျိုးစွန့်တဲ့ လုပ်ငန်းတွေ ဖြစ်လာမှာပါ။ ဒါပေမဲ့ လူငယ်တွေဟာ သူတို့ရဲ့ အယူအဆတွေ၊ အမြင်မတူမှုတွေကို ရိုက်ချိုးခံလိုက် ရတဲ့အခါမှာ ဒီလိုကိစ္စတွေကနေရှောင်ဖယ် လာပါတော့တယ်။ သူတို့အတွက် ပြောစရာနေရာကို သူတို့ ရှာဖွေဖို့ မကြိုးစားတော့ပါဘူး။

 

လူငယ်အဖွဲ့အစည်းတွေ ပေါများလာမှု

 

လူထုအခြေပြုအဖွဲ့အစည်းတွေ ဒီနေ့မှာ ပေါများလာပေမယ့် လက်ချိုးရေလို့ရတဲ့ လူငယ်ပမာဏလောက်သာ ဒီအဖွဲ့အစည်းတွေကြားထဲမှာ ပါလာတာကိုတွေ့ရပါတယ်။ နောက်အားနည်းချက်တစ်ခုက ဒီအဖွဲ့အစည်းတွေ ဟာ ပြန့်ကျဲနေတဲ့ ပြဿနာပါ။ ဒီအဖွဲ့အစည်းတွေကို စုစည်းနိုင်ခြင်းမရှိသေးပါဘူး။ ယနေ့ နိုင်ငံတည်ဆောက်ခြင်းဖြစ်စဉ်ထဲမှာ လူငယ်တွေ ပါ၀င်နိုင်ဖို့ဆိုတာ လက်ရှိ လူထုအခြေပြုအဖွဲ့အစည်း တွေမှာ တာဝန်ယူနေတဲ့ လူငယ်ခေါင်းဆောင်တွေက ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ရမှာဖြစ်ပါတယ်။လက်ရှိ အဖွဲ့အစည်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူငယ်ညီလာခံဖြစ်မြောက်လာအောင် စွမ်းဆောင်ကြရမှာပါ။

 

ဒီနှစ်လယ်လောက်က UMFCCI မှာ လူငယ်အဖွဲ့အစည်းတစ်ခုက ဦးဆောင်တဲ့ လူငယ်ညီလာခံ ပုံစံမျိုး ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်ညီလာခံမဟုတ်ဘဲ လူကြီး ညီလာခံပဲဖြစ်ခဲ့ပါတယ်။ လူငယ်တွေကို စင်အောက် က ထိုင်ခိုင်းထားပြီး လူကြီးတွေက စင်ပေါ်က တရားဟောတဲ့ကိစ်္စပါ။ သူတို့ရဲ့ အတွေ့အကြံုနဲ့ အာဘော်တွေ၊ သူတို့ရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို အောက်က လူငယ်တွေကို ဟောခဲ့ကြတာပါ။

 

လူငယ်တွေစုစည်းတဲ့ပွဲတွေကို တစ်နှစ်မှာ တစ်ခါလောက်တောင်ဖြစ်ဖြစ်မြောက်မြောက်တွေ့ခွင့်ရဖို့ အခွင့်အရေး နည်းလှပါတယ်။ ဖြစ်လာသမျှပွဲတွေဟာလည်း အသိအမှတ်ပြုလောက်အောင် စနစ်ကျတာမျိုး မတွေ့ရပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ရတာရဲ့ ပြဿနာအရင်းအမြစ်က စုစည်းမှုအားနည်းတာရယ်၊ ရည်ရွယ်ချက် မရှင်းလင်းတာရယ်၊ ရွေးကောက်ခံပုံစံတွေ မရှိတာရယ်ကြောင့် ဖြစ်ပါတယ်။

 

ရလဒ်မကောင်းမှု ကွင်းဆက်

 

အဖွဲ့အစည်းတွေ ပျံ့ကျဲခြင်း ။ ။ အဖွဲ့အစည်းပျံ့ကျဲခြင်းဟာ ရည်ရွယ်ချက်တူ အဖွဲ့တွေ မစုစည်းနိုင်တာပါ။ သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ လက်လှမ်းမှီရာ နေရာတွေမှာသာ အဆင်ပြေအောင်လုပ် ဆောင်နေကြရတာပါ။ ဒီနေရာမှာ ရန်ပုံငွေပမာဏနဲ့လည်း ပတ်သက်ပါတယ်။ ရန်ပုံငွေနည်းတယ်။ စေတနာဝန်ထမ်းမရှိဘူး။ ဒါကြောင့် ကွန်ရက်ဖွဲ့စည်းမှု မကျယ်ပြန့်ဘူး။ ဒါကြောင့် ရည်ရွယ်ချက်တူ အဖွဲ့ တွေ စုစည်းဖို့လိုတယ်လို့ ဆိုချင်တာပါ။

 

ရည်ရွယ်ချက် မရှင်းလင်းခြင်း ။ ။ အဖွဲ့အစည်းငယ်တွေဟာ လုပ်ပိုင်ခွင့်နဲ့ ငွေအင်အားနည်းပါးတဲ့ အတွက် သူတို့ရဲ့ ကွန်ရက်ချိတ်ဆက်မှုကို ဖြန့်ကျက်နိုင်ဖို့ မစွမ်းနိုင်ကြပါဘူး။ ဒါကြောင့် ရှိတဲ့စွမ်းရည်နဲ့ ရနိုင်သလောက် အလုပ်တွေ ကိုသာ လုပ်နိုင်ပါတော့တယ်။ ဒါကြောင့် ပုံမှန်ချထားတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေ ဝေဝါးလာပါတယ်။

 

ရွေးကောက်ခံပုံစံမဟုတ် ။ ။ ဒီအဖွဲ့အစည်းတွေကို ဦးဆောင်သူတွေဟာ ဒီအဖွဲ့ကို စတင်တည်ထောင်ခဲ့ သူတွေ ဖြစ်နေတတ်ပါတယ်။ အချိန်ကြာလာပေမဲ့လည်း ဒီလူဟာ ဒီလူဖြစ်နေပြီး နောက်ထပ်အသစ်တွေ ရောက်လာရင် ဒီခေါင်းဆောင်အောက်ကို ရောက်သွားတတ်စမြဲပါ။ အဖွဲ့အစည်းတွေ စုဝေးမယ်ဆိုရင် ဒီပြဿနာက ဒုက္ခရောက်နိုင်ပါတယ်။ အဖွဲ့အစည်းငယ်တွေဟာ အဖွဲ့အစည်း တည်ဆောက်ပုံ အလွန်အားနည်းကြပါတယ်။ ဒီလိုပုံစံတွေကြောင့် စုစည်းဖို့ ခက်ခဲရခြင်း လည်းဖြစ်ပါတယ်။

 

ရလဒ်မရှိ ။ ။ ဒါတွေရဲ့ နောက်ဆုံးအကျိုးဆက်ကတော့ ရလဒ်မရှိတာပဲဖြစ်ပါတယ်။ ဒီလိုပုံစံပါ_ လှုပ်နေခြင်းသာလျှင် သူတို့အတွက် အလုပ်ပဲဖြစ်နေပါတယ်။ လှုပ်နေခြင်းအားဖြင့် ထွက်လာတဲ့အသံဟာ အော်နေတာလောက် မကျယ်တာ အမှန်ပါ။ လူငယ်တွေကို စုစည်းဖို့ရယ်၊ အဲ့ဒီကတစ်ဆင့် ရည်ရွယ်ချက် တွေကို ချမှတ်ဖို့ရယ်၊ ရွေးကောက် တင်မြှောက် ပြီး စတင်ဖို့ရယ်နဲ့ နောက်ဆုံး လူငယ်ညီလာခံတွေ ပေါ် ပေါက်လာစေဖို့၊ ပြီးတော့ လူငယ်ထုတစ်ခုလုံး အသံတစ်သံထွက်ဖို့ လိုအပ်ပါတယ်။

 

လူငယ်လွှတ်တော်တွေ

 

ဥပမာပြုစရာ တစ်ခုရှိပါတယ်။ အရမ်းအလှမ်းဝေးလှတယ်လို့ဆိုနိုင်ပေမဲ့ ဖြစ်နိုင်စရာအကြောင်းတွေ အများကြီး ရှိပါတယ်။ ဒါကတော့ လူငယ်လွှတ်တော် ပေါ်ပေါက်လာဖို့ပါ။ လူငယ်လွှတ်တော်ဟာ ဥရောပ တလွှားမှာတော့ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခုတောင်ဖြစ်နေပါပြီ။ ပြီးတော့ အံ့သြစရာကောင်းတာက အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ဖြစ်တဲ့ အစ္စရေးနိုင်ငံမှာလည်း လူငယ်လွှတ်တော် ရှိပါတယ်။ တောင်အမေရိကတိုက်နဲ့ အာရှမှာဆိုရင် တောင်ကိုရီးယား၊ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ လူငယ်တွေညီလာ ခံတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိနေပါတယ်။

 

တောင်ကိုရီးယားက အမျိုးသားလူငယ် ညီလာခံဟာဆိုရင် တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ကျင်းပတဲ့ လူငယ် လွှတ်တော်ဖြစ်ပြီး တောင်ကိုရီးယား အမျိုးသားညီလာခံကကြီးမှူးပေးပြီး ကျင်းပလေ့ရှိပါတယ်။ ဒီ လူငယ်ညီလာခံမှာ နာယက၊ ဥက္ကဋ္ဌအဆင့်အဆင့် တည်ဆောက်ထားပြီးတော့ ဒီလူတွေကို အသက် ၁၃ နှစ်နဲ့ ၂၅ နှစ်ကြား လူငယ် မဲပေးခွင့်ရှိသူတွေကတစ်ဆင့် ရွေးချယ်ထားတာပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန်ဂန်နီယန်ကာဘက်တန်ဟာ နိုင်ငံရဲ့ အဓိကလူငယ်ကောင်စီတစ်ခုပဲဖြစ်ပါတယ်။ ဒီလူငယ်ကောင်စီမှာလည်း ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေ ပါ၀င်ပြီးပေမဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ဥက္ကဋ္ဌတွေဟာ လူငယ်ဖက်ဒရေးရှင်း မှာ အဖွဲ့ဝင်အနေနဲ့ ပါ၀င်ပါတယ်။

 

လူငယ်လွှတ်တော်တွေဟာ ဒေသတွင်းအဆင့်၊ နိုင်ငံအဆင့်ဆိုပြီး တစ်ဆင့်ချင်း ကျင်းပသွားလေ့ရှိပြီးတော့ နိုင်ငံတကာ အဆင့်ထိ ကျင်းပလေ့ရှိကြပါတယ်။ ဒီကနေ ဒီနှစ်မှာတော့ ဒီနိုင်ငံရဲ့ ဒေသတွေရဲ့ အခြေအနေတွေကို အဆင့်ဆင့် ကြေညာချက်တွေ၊ ဖြေရှင်းချက်တွေနဲ့ နောက်ဆုံးအဖြေရှာနိုင်တဲ့အထိ အဆင့်ဆင့် ဆောင်ရွက်သွားနိုင်ကြပါတယ်။

 

စနစ်တကျစုစည်းဖို့

 

ဒီလိုလုပ်ဆောင်နိုင်တဲ့ကိစ္စတွေကို သေချာကြည့်ခြင်းအားဖြင့် မြင်တွေ့နိုင်တာကတော့ စနစ်တကျ စုစည်းခြင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူငယ်တစ်ဦးချင်းစီဟာ စုစည်းဖို့ခက်တဲ့ အနေအထားမဟုတ်ပါ ဘူး။ ဒီအခြေအနေကို လက်ရှိဦးဆောင်တဲ့နေရာကို ရောက်နေသူတွေအနေနဲ့ သေချာစဉ်းစားဖို့လိုပါ တယ်။ နွားခြေရာခွက်ထဲမှာ လသာ မနေဖို့ အရေးကြီးပါတယ်။ ဒီကနေတစ်ဆင့် လူငယ်ညီလာခံတွေကို စနစ်တကျ တစ်နှစ်စီ ကျင်းပသွားနိုင်ပြီး အဲ့ဒီက တစ်ဆင့် အမြဲတမ်း လူငယ်ကော်မတီတွေ စတင်ထူ ထောင်သွားနိုင်ဖို့ ကြိုးစားသင့်နေကြပါပြီ။

You can treat me a cup of coffee.

wave

Press ESC to close