စပစ်ဖိုင်းယ အောင်နိုင်မှုမှ အတွေးတစ

 

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီဟာ ဗြိတိန်ကို လေကြောင်းတိုက်ပွဲမှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့တယ်။ ဒီအကြောင်းအရာတွေထဲက စိတ်ဝင်စားမိတဲ့အချက်တခုကို တွေ့လို့ ပြောချင်မိတယ်။

 

နာဇီဂျာမဏီတွေက ပြင်သစ်နယ်ထဲကနေ လှမ်းပြီး ဗြိတိန်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ဝင်စတန်ချာချီက ဟစ်တလာနဲ့ ညှိနှိုင်းမှု မလုပ်ဘဲ စစ်ပွဲ ဆင်နွှဲဖို့ပဲ အားသန်သူပေါ့။ ဒုတိယကမ္ဘာစစ်မှာ ဂျာမဏီနဲ့ ဗြိတိန်တို့ရဲ့ လေကြောင်းတိုက်ပွဲဟာ အထင်ကရ၊ ပြောစမှတ်ပြုစရာ သမိုင်းတခုအနေနဲ့ ဒီနေ့ထိ ကျန်နေဆဲပါပဲ။

 

နာဇီဂျာမဏီဟာ Luftwaffe (လုဖ်ဝက်ဖာ) က သုံးတဲ့ Messerschmitt Bf 109 E (မစ်ရှာရှမစ် ဝမ်းအိုနိုင်း) ဆိုတဲ့ ဗုံးကြဲလေယာဉ်တွေကြာင့် နာမည်ကြီးပြီး လုဖ်ဝက်ဖာ ဟာလည်း အဲ့ဒီအချိန်တုန်းက ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး တိုက်လေယာဉ်တပ်ဖွဲ့ ဖြစ်ခဲ့တယ်။

ဂျာမဏီ လုဖ်ဝက်ဖာတွေ သုံးခဲ့တဲ့ မစ်ရှာရှမစ်
ဂျာမဏီ လုဖ်ဝက်ဖာတွေ သုံးခဲ့တဲ့ မစ်ရှာရှမစ်တိုက်လေယာဉ်

 

ဟစ်တလာရဲ့ လုဖ်ဝက်ဖာ တိုက်လေယာဉ်တပ်ဖွဲ့တွေဟာ ဗြိတိန်ကို လေကြောင်းက အပြုတ်နှံဖို့အတွက် မစ်ရှာရှမစ် ဝမ်းအိုနိုင်းတွေ သုံးပြီးချမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ၁၉၄၀ ဇူလိုင် ၁၀ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အချိန်မှာတော့ ဂျာမန် လုဖ်ဝက်ဖာ တွေ မမျှော်လင့်ထားတဲ့ အခြေအနေနဲ့ ကြုံရတယ်။

 

ဒါကတော့ ဗြိတိန် တော်ဝင်လေတပ် (Royal Air Force) ရဲ့ Supermarine Spitfire (စပစ်ဖိုင်းယ) တိုက်လေယာဉ်တွေပါပဲ။ ဒီအချိန်မှာ စပစ်ဖိုင်းယ တွေနည်းတူ ဗြိတိန်မှာ Hurricane တွေလည်းရှိနှင့်နေပြီဖြစ်ပါတယ်။ ဗြိတိန်ရဲ့ စပစ်ဖိုင်းယတွေလောက် မမိုက်တဲ့ ဂျာမဏီရဲ့ မစ်ရှာရှမစ်တွေဟာ အတုံးအရုံးကျဆုံးကုန်ပါတယ်။

 

စိတ်ဝင်စားစရာက ဒီလိုပါ။

 

လေကြောင်းတိုက်ပွဲ အောင်မြင်မှုတွေရနေတဲ့ ဗြိတိန်တပ်က တိုက်လေယာဉ်မှူးတွေဟာ ညဆိုရင် ဘားသွား၊ ကလပ်သွားရင် တကယ့် သူရဲကောင်းတွေလို ဆက်ဆံခံရပါသတဲ့။ လေယာဉ်မှူးဝတ်စုံ ဝတ်သွားရင် မင်းသားပေါ့။ ၂ နာရီ ၃ နာရီလောက်ပဲ အိပ်၊ နောက်နေ့ ပျံ၊ ဆက်တိုက်။ ဒီလိုလုပ်နေတာပဲတဲ့။

 

ဒါပေမယ့် ဂျာမဏီဘက်မှာတော့ ပြောင်းပြန်ပါ။ ဒီအချိန်ဟာ ဂျာမဏီက ဒိန်းမတ်၊ ပြင်သစ်တို့ကို သိမ်းထားချိန်ပါ။ မစ်ရှာရှမစ်တိုက်လေယာဉ်မှူးတွေဟာ ဗြိတိန်လေယာဉ်မှူးတွေလိုပဲ တနေကုန် လေပေါ်ပျံ၊ တိုက်ပွဲထဲမှာ နေခဲ့ရပြီး ညရောက်တော့ အရက်ဆိုင်တွေ၊ ယမကာဘားတွေ သွားကြရင် အကောင်းမြင်မခံကြရပါဘူး။

 

ပြင်သစ်ကို သိမ်းပိုက်ထားချိန်၊ ပြင်သစ်မှာ လေတပ်စခန်း ဆောက်ထားချိန်၊ ပြင်သစ်နိုင်ငံသားတွေက သူတို့ရှိနေတဲ့ အရက်ဆိုင်၊ ဘားတွေထဲ ဂျာမန် တိုက်လေယာဉ်မှူးတယောက် ဝင်လာရင် မသင်္ကာတဲ့မျက်လုံးနဲ့ ကြည့်လေ့ရှိကြပါသတဲ့။ စဉ်းစားကြည့်လို့တော့ ရပါတယ်လေ။ ကိုယ့်နိုင်ငံကို သိမ်းပိုက်ထားသူ ကိုလိုနီကို ဘယ်ကြည်ဖြူပါ့မလဲ။

 

ပြဿနာက အဲ့ဒီကိစ္စဟာ သေးသေးမွှားမွှားရယ်လို့ ထင်ရပေမယ့် တကယ့်တိုက်ပွဲကို သက်ရောက်မှု ရှိတယ်ဆိုတာပါပဲ။ စိတ်ဓာတ်ရေးရာမှာ ဂျာမန် မစ်ရှာရှမစ်တိုက်လေယာဉ်မှူးတွေဟာ မပျော်တော့ဘူး။ တနေကုန်တိုက်၊ ဘားသွား၊ မိန်းကလေးတွေကလည်း မကြည်၊ အကပ်မခံ၊ လူတွေက မျက်စောင်းထိုးကြည့်၊ ညစ်ညစ်နဲ့ သောက်၊ နောက်နေ့ လေပေါ်ဆက်ပျံ။

 

တဖက်မှာတော့ ပျော်ရွှင်မြူးတူးနေတဲ့ စပစ်ဖိုင်းယ လေယာဉ်မှူးတွေဟာ ပြောရရင် စိတ်ဓာတ်ရေးရာမှာ တက်ကြွနေကြပြီး စစ်တိုက်ရာမှာလည်း စိတ်ပါလက်ပါ ရှိနေကြတာပါပဲ။

 

ဆက်ပြီး အတွေးပွားကြည့်တာပေါ့လေ။ စစ်တိုက်ရတဲ့အချိန်မှာ စိတ်ဓာတ်ရေးရာဟာ အင်မတန် အရေးကြီးတဲ့အရာဖြစ်မှာပါပဲ။ စတာလင်ဂရက်မှာ ဆိုဗီယက်တပ်တွေ ကျဆုံးနေချိန် ဗိုလ်ချုပ်ကြီးတဦးက ကဲ ငါတို့ ဘယ်ဗျူဟာနဲ့ တိုက်ကြမလဲ၊ ဗျူဟာရှိတဲ့ကောင် ပြောစမ်း” ဆိုတော့ နိုင်ငံရေးအရာရှိတဦးထွက်လာပြီး “Give them hope” ပါတဲ့။ မျှော်လင့်ချက်တွေပေးပြီး တိုက်ပါမယ်တဲ့။

 

မျှော်လင့်ချက်ဆိုတာ တကယ်တော့ စိတ်ဓာတ်ရေးရာပါပဲ။ ကျနော်တွေးမိတာပေါ့လေ။ ကျနော်တို့နိုင်ငံက တိုက်ပွဲတွေအကြောင်း။ မြန်မာ့တပ်မတော်က စစ်သားတွေ ဒီနေ့ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာရင် ဆိုင်ထဲကလူတွေ ဘယ်လိုဆက်ဆံကြသလဲ။ ကချင်မှာ တိုက်ပွဲဝင်နေတဲ့ မြန်မာ့တပ်မတော်က စစ်သားတွေ မြစ်ကြီးနားက ခေါက်ဆွဲဆိုင်တဆိုင်ထဲ ဝင်လာရင် ဆိုင်ထဲကလူတွေက ဘယ်လိုမြင်ကြသလဲ၊ ဘယ်လိုကြည့်ကြသလဲ။

 

ရခိုင်မှာ တိုက်ပွဲဝင်နေတဲ့ မြန်မာ့တပ်မတော်က စစ်သားတွေ ရသေ့တောင် ပုဏ္ဏားကျွန်းက ထမင်းဆိုင်ထဲ စစ်ဝတ်စုံနဲ့ ဝင်လာရင် ဘယ်လိုမြင်ကြသလဲ၊ ဘယ်လိုနှုတ်ဆက်ကြမလဲ ဆိုတာ တွေးကြည့်ပါတယ်။

 

နောက်ဆုံး ကချင်နဲ့ရခိုင်ကိုထား၊ ရန်ကုန်လိုနေရာမျိုးမှာတောင် စစ်ဝတ်စုံနဲ့ ဗိုလ်ကြီးတယောက် လက်ဖက်ရည်ဆိုင်ထဲ ဝင်လာရင် လူတွေ ဘယ်လိုကြည့်ကြသလဲ၊ စိတ်ထဲမှာ ဘယ်လိုမြင်ကြသလဲဆိုတာကို ဆက်ပြီး တွေးကြည့်မိပါတယ်။

 

တကယ်တိုက်ပွဲဆင်နေရတဲ့ စစ်သားတွေဟာ စိတ်ဓာတ်ရေးရာမှာ ပိုပြီးထိလွယ်ရှလွယ် ဖြစ်ကြမှာပါ။ နေ့စဉ်တိုက်ပွဲဝင်၊ အချိန်ပြည့်အိပ်မရကြားထဲ လူတွေရဲ့ အကြည့်တွေ၊ အမြင်တွေအပေါ်မှာလည်း စိတ်ခံစားမှုတွေ မလွဲမသွေဖြစ်ကြမှာပါပဲ။

 

ဗြိတိန်နဲ့ ဂျာမဏီတို့ လေကြောင်းတိုက်ပွဲမှာ ချာချီရဲ့ စပစ်ဖိုင်းယတွေ နိုင်သွားတာဟာ ရေဒါစခန်းတွေ၊ သတင်းအချက်အလက် ရရှိမှုတွေ၊ တဖက်ရန်သူ ဟစ်တလာနဲ့သူ့လက်ထောက်တွေရဲ့ ကိုယ့်ဘာသာ ယုံကြည်မှုလွန်ကဲတာတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ ရှိပေမယ့် တဖက်မှာလည်း တိုက်ပွဲဝင်ကြတဲ့ စစ်သားတွေရဲ့ စိတ်ဓာတ်ရေးရာအရ တက်ကြွမှုနဲ့ အားပေးချီးမြှင့်မှုတွေ ရှိနေလို့ဆိုတာ ငြင်းမရနိုင်ပါဘူး။

 

You can treat me a cup of coffee.

wave

Press ESC to close