ရခိုင်က မွတ်စလင်ဒုက္ခသည်စခန်းတွေကို အချိန်မီ ဂရုစိုက်ပါ

တိုက်ပွဲတွေပြင်းထန်နေချိန်၊ ကိုဗစ်ကလည်း အရှိန်မြင့်နေချိန်မှာ မွတ်စလင်ဒုက္ခသည်စခန်းတွေ ကိစ္စပြောရတယ်ဆိုတာ အရေးတကြီး လုပ်ရမယ့်ကိစ္စဖြစ်တာကြောင့်ပါ။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်ဒုက္ခသည်စခန်းတွေထဲ ကိုဗစ်ပိုးတွေ့ရှိခဲ့ရင် အခြေအနေတွေက အရင်ကထက် ပိုရှုပ်ထွေးလာနိုင်ပြီး ပြည်နယ်အစိုးရတင်မက ပြည်ထောင်စုအစိုးရပါ ပိုအကြပ်ရိုက်လာနိုင်ပါတယ်။ 

 

စိုးရိမ်မိတဲ့အကြောင်းရင်းက ဒီလိုပါ။

 

သြဂုတ်လ ၂၇ ရက်က ဧရာဝတီ ဘိုကလေးမြို့ကို ရောက်လာခဲ့တဲ့ မွတ်စလင်ဒုက္ခသည် ၄၂ ဦးကို ကြံခင်းမှာ ကွာရန်တင်းထားခဲ့ပါတယ်။ အမျိုးသမီး ၂၉ ယောက်နဲ့ ကလေး နှစ်ဦးလည်း ပါ ပါတယ်။ သတင်းဌာနကြီးတော်တော်များများကတော့ သိပ်ထင်ထင်ပေါ်ပေါ် ဖော်ပြခဲ့တာ မတွေ့ရပါဘူး။ 

 

ဒီလိုကွာရန်တင်းထားတုန်းမှာပဲ ကိုဗစ်စစ်ဆေးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲ့ဒီမှာ စက်တင်ဘာ ၁ ရက်နေ့ ရလာဒ်အရ ၄၂ ဦးထဲက တဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။ အမျိုးသမီး၊ အမျိုးသား၊ ကလေး ဘယ်သူဘယ်ဝါဆိုတာတော့ ကွဲကွဲပြားပြား မသိရပါဘူး။ 

 

ပိုးတွေ့ရှိသူကို ရန်ကုန်က ဝေဘာဂီဆေးရုံကို ပို့ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်တဲ့ ၄၁ ဦးကိုတော့ ရခိုင်ပြည်နယ်အစိုးရက လာခေါ်သွားတယ်လို့ ဆိုပါတယ်။ ဒီလူတွေရဲ့ ဇစ်မြစ်က ဘယ် စခန်းကလဲဆိုတာ မသိရပေမယ့် ပြန်ခေါ်သွားပြီး ကျောက်ဖြူက ကျောက်တလုံး ဒုက္ခသည်စခန်းမှာ ထားတယ်လို့ သိရပါတယ်။ ဒီကနေတဆင့် စစ်တွေကို ထပ်ပို့မယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

 

သြဂုတ် ၂၇ မှာ ရောက်လာခဲ့သူဟာ စက်တင်ဘာ ၁ မှာ စစ်ဆေးပိုးတွေ့တဲ့အတွက် တပတ်အတွင်း ဖြစ်တာလို့ တွေ့ရတယ်။ ကျန်တဲ့လူ ၄၁ ဦးမှာ ပိုးမတွေ့ရပေမယ့် အန္တရာယ် သိပ်များလွန်းတာကို တွေးမိကြမှာပါ။ ပိုးတွေ့လူနာဟာ ဘိုကလေးကိုရောက်မှ ကူးစက်တာလား၊ ရခိုင်ကလာစဉ်ကတည်းက ပါလာတာလား ဆိုတာ စဉ်းစားရမှာပါ။ ခု ၄၁ ဦးကိုလည်း ရခိုင်ကို ပြန်ခေါ်သွားတဲ့အတွက် ပိုပြီး ဂရုစိုက်ရမှာပါ။

 

ရခိုင်က မွတ်စလင်ဒုက္ခသည်စခန်းတွေဟာ ထူထဲကြပ်သိပ်နေတဲ့ ထောင်သောင်းချီလူတွေ စုရုံးနေထိုင်ကြရတာပါ။ ကြေးရတတ် မွတ်စလင်ဒုက္ခသည်တွေရှိပေမယ့် အများစုက ၁၀ ပေပတ်လည်လောက်ရှိတဲ့ အခန်းကျဉ်းထဲ မိသားစုဝင် ၁၂ ယောက်လောက် တူတူနေကြရတာ။ ဈေးတန်းဆိုတာကလည်း အုန်းအုန်းကျွတ်ကျွတ် ရှိတတ်တဲ့နေရာတွေပါ။ ကွာရန်တင်း စင်တာဆိုတာ စဉ်းစားလို့တောင် မရနိုင်တဲ့ကိစ္စ။ ဆိုတော့ တဦးတယောက်လောက်များ ကိုဗစ်ကူးစက်ခဲ့ရင် မတွေးဝံ့စရာ အခြေအနေ ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးသွားတုန်းက ဒီမွတ်စလင်ဒုက္ခသည် စခန်းတွေအရေးကိစ္စကို ထည့်သွင်းပြောသွားတာ မတွေ့မိပါဘူး။ နဂိုကတည်းက ဒုက္ခသည်စခန်းတွေဟာ အင်န်ဂျီအိုတွေရဲ့ အထောက်အပံ့နဲ့ လက်အောက်မှာ ရှိနေတဲ့အတွက် အစိုးရက မျက်နှာလွှဲခဲပစ်လုပ်ထားခဲ့တာ ကြာပါပြီ။ ခုတော့ ဒီပြဿနာဟာ အစိုးရဆီကို တိုက်ရိုက် ရောက်လာနိုင်တဲ့ အလားအလာပါ။

 

အများစုထင်ကြတဲ့ ဒုက္ခသည်စခန်းထဲက မွတ်စလင်တွေက အပြင်ကို ထွက်လို့မရကြဘူးဆိုတော့ အလိုလို ကွာရန်တင်းပြီးသားဖြစ်နေပြီပေါ့ဆိုတာ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းထဲက မွတ်စလင်တွေနဲ့ မြို့ထဲက ရခိုင်တိုင်းရင်းသားတွေဟာ ကူးလူးဆက်ဆံမှုရှိပါတယ်။ အပြန်အလှန် ရောင်းဝယ်ဖောက်ကားမှုတွေလည်း ရှိပါတယ်။ ဒါကြောင့် ထိတွေ့ဆက်ဆံမှု ရှိနေပြီးသားပါပဲ။

 

ဒုက္ခသည်စခန်းတွေမှာ ပိုးတွေ့ရှိခဲ့ရင် ပြည်တွင်းရေး မဟုတ်တော့ဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားတွေပါ ပါလာပါတော့မယ်။ ဒီအချက်ကို အထူးဂရုပြုရပါလိမ့်မယ်။ အစိုးရအနေနဲ့ မွတ်စလင်တွေနဲ့ပတ်သက်ရင် သတင်းထုတ်ပြန်မှုထက် အတွင်းပိုင်းမှာ ကြိတ်ပြီး ဖြေရှင်းတတ်ကြစမြဲပါပဲ။ ဒါပေမယ့် ခုကိစ္စဟာ ကိုဗစ်ပိုးရော၊ ဒုက္ခသည်အရေးပါ ရောထွေးနေပြီမို့ အရင်ကထက် ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုသလို ထုတ်ပြန်သင့်တာတွေကို အချိန်မီ ထုတ်ပြန်ပေးဖို့လည်း လိုပါတယ်။ 

You can treat me a cup of coffee.

wave

Press ESC to close