ဂရုစိုက်သင့်တဲ့ Facebook ပေါ်က Pulic Post များ

တချို့ လူနာမည်တွေကို ကျနော်စာရေးရာမှာ ထည့်မရေးချင်ပါ။ စာရေးရင် တစ်သီးပုဂ္ဂလနာမည်တွေ ထည့်ရေးလေ့ မရှိတာလည်း မိတ်ဆွေတွေ သတိထားမိကြမှာပါ။ တချို့လူနာမည်တွေက ကိုယ့် စာထဲ ထည့်ရေးရမှာ သေးသိမ်ပါတယ်။ ခုတော့ ဒီနာမည်ကို ထည့်မရေးချင်ဘဲ ရေးရတော့မယ်လို့ ဆိုရမယ်။ ဟန်ငြိမ်းဦး အကြောင်းပါ။
 
သူ့ တယ်လီဂရမ်ပေါ် တင်လိုက်ပြီး နာရီပိုင်းအကြာမှာတင် ဖမ်းဆီးခံရတာက တော်တော်များများကို ဖြစ်လာနေတာ တွေ့ရပါတယ်။ တချို့လည်း ပြန်သိရ၊ ကြားရလို့သာ ဒုက္ခရောက်သွားကြတာတွေ မြင်ရပေမယ့် တချို့ကိစ္စတွေဆိုရင် မသိလိုက်ရဘဲ ရဲကဖမ်း၊ ပိုက်ဆံပေး၊ တောင်းပန်ရှင်းပြပြီး ပြီးလိုက်ရတဲ့ ကိစ္စတွေလည်း အများကြီးပါပဲ။ ဖမ်းဆီးရတဲ့ အကြောင်းရင်းကို မေးရင် ဟန်ငြိမ်းဦး တင်လိုက်လို့ဆိုတဲ့ အဖြေပဲ ရပါတယ်။
 
လာတိုင်ပင်ကြ၊ စာပို့ကြတဲ့ ကိစ္စတွေပေါ် မူတည်ပြီး တချို့အချက်ကလေးတွေ စဉ်းစားမိပါတယ်။ (လူအမျိုးမျိုး၊ စိတ်အထွေထွေရှိကြတော့ ခုအောက်မှာ ရေးပြမယ့် အချက်တွေက လူတိုင်းနဲ့ မကိုက်ညီတာမျိုးလည်း ရှိနိုင်ပါတယ်)။
 
(၁) တစ်ကိုယ်ရေ သဘောထား။
ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို၊ မင်းအောင်လှိုင်ကို ပေါ်တင်ဆဲတာ၊ တော်လှန်ရေးအဖွဲ့တွေကို ပေါ်တင် ထောက်ခံတွေက ပုဂ္ဂလိက ခံစားချက် ယူဆချက်ဖြစ်တော့ တစ်ကိုယ်စာ ပြဿနာမရှိပါ။ ဒါပေမယ့် ကိုယ့်နဲ့ မလွတ်ကင်းတဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေ၊ မိသားစုဝင်ထဲမှာ အွန်လိုင်းရှော့ပင်းလုပ်နေတာ၊ ဈေးဆိုင်ဖွင့်ထားတာမျိုးတွေ၊ ရပ်ကွက်ထဲမှာ၊ မြို့ပေါ်မှာ လူသိရှင်ကြား သိကြသူတွေရှိရင် Public နဲ့ Social Media ပေါ် ကိုယ့်ဆန္ဒကို ထုတ်ဖော်တဲ့နေရာမှာ ဂရုစိုက်သင့်ပါတယ်။
 
တကယ်တော့ Friend Only နဲ့တင်ရင်တောင် ကိုယ့် Friend List ထဲမှာ ဘယ်သူက ဒလံလဲ၊ ဘယ်သူက ယုံကြည်ရသူလဲဆိုတာ မခွဲခြားနိုင်တဲ့ အခြေအနေဆိုတော့ ဘာပဲရေးရေး ကိုယ့်ရဲ့ အကျိုးစီးပွားတစ်ခုခုကို စစ်တပ်၊ ရဲက လာပြီး ခြိမ်းခြောက်နိုင်တာ၊ အကြပ်ကိုင်နိုင်တာမျိုး အလွယ်တကူ ဖြစ်လာနိုင်တယ်လို့ စဉ်းစားမိရင် ဂရုစိုက်သင့်ပါတယ်။
 
(၂) ဂုဏ်ဆာတဲ့ကိစ္စ။
ကိုယ်လှူလိုက်တဲ့ကိစ္စကို Public မှာပြောတာက လက်ရှိအချိန်မှာ အင်မတန် အန္တရယ်များလာပါတယ်။ အသိမိတ်ဆွေတွေထဲမှာလည်း အတော်များများ ပြေးရလွှားရဖြစ်ကြရတယ်။ တစ်ဖက်အဖွဲ့အစည်းဟာ အင်မတန် အောက်တန်းကျကောက်ကျစ်တဲ့ အဖွဲ့ဖြစ်လေတော့ တစ်ကြောင်းရတစ်ကြောင်း Screenshot ရိုက်ယူ၊ ဓာတ်ပုံရ ဓာတ်ပုံယူပြီး ရဲကို သတင်းပေး၊ PDF နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းခိုင်းနေတာပါ။
 
ရပ်ကွက်ထဲက ကွမ်းတံတွေးတပြစ်ပြစ်၊ အရက်နံတထောင်းထောင်းနဲ့ ဒလံတွေရယ်၊ ဇိမ်အိမ်တွေ လိုင်းကြေးကောက်နေတဲ့ အုပ်ကြီးတွေရယ်က ရဲတပ်ကြပ် အဆင့်လောက်နဲ့ပေါင်းပြီး ဖမ်းဆီးမှုတွေ လုပ်နေတာပါ။ စခန်းရောက်မှရှင်းဆိုပြီး အမှုမကြီးချင်ရင် ငွေတောင်း၊ လုပ်ချင်သလို လုပ်နေတာပဲ ဖြစ်ပါတယ်။
 
ဒါပေမယ့် စခန်းရောက်ပြီဆိုတာနဲ့ သန်းခေါင်စာရင်းရှိသမျှ အချက်အလက်အားလုံး၊ ဖုန်း၊ စာရွက်စာတမ်း အားလုံး စစ်ဆေးခံကြရတော့တာပါပဲ။ ပိုက်ဆံပေးလိုက်ရတာ၊ ခြိမ်းခြောက်ခံရတာတွေကို ပြန်ပြောဖို့ကလည်း မဖြစ်နိုင်ဘဲ အားလုံး ဒုက္ခများကြရပါတယ်။
 
ဆိုတော့ ရေးတာနဲ့ မကာမိ၊ ဂုဏ်ဆာတာနဲ့ မကာမိဖြစ်ပြီး စိတ်မလုံခြုံတာရော၊ ခြိမ်းခြောက်ခံရတာရောတွေက မလိုအပ်ဘဲ နောက်လုပ်မယ့် ထောက်ပံ့မှုတွေအတွက်ပါ တွန့်ဆုတ်ယုတ်လျော့သွားရပါတော့တယ်။
 
(၃) ကိုယ့် Social Media ကို သန့်ရှင်းရေးလုပ်ပါ။
အပေါ်မှာ ပြောခဲ့သလိုပဲ ခုချိန်ဟာ ဘယ်သူ့မှ မယုံရပါ။ ကိုယ့်ကို အကောက်ကြံနေသူ၊ မကြေနပ်သူ၊ ကြည့်မရသူတွေဟာ ဟန်ငြိမ်းဦးဆီသွား ဖော်ကောင်လုပ်နိုင်ပါတယ်။ (လုပ်ခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်)။ ဒါ့အပြင် ကိုယ်လှူဒါန်းကိစ္စ၊ ထောက်ပံ့တဲ့ကိစ္စတွေကို မလိုအပ်ဘဲ Facebook မှာရေးတာ၊ မက်ဆင်ဂျာထဲ သွားပြောတာ၊ ဖုန်းထဲမှာ ပြောတာတွေကို ရှောင်သင့်ပါတယ်။
 
စစ်တပ်နဲ့ ပတ်သက်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ဆိုရင် တကသယောင်ယောင်၊ ဗကသ ယောင်ယောင်လုပ်ထားပြီး တော်လှန်ရေးအုပ်စုတွေရဲ့ Friend List ထဲမှာရှိနေပြီး သိပ်အရေးမကြီးတဲ့ အချက်တွေ (ဥပမာ ဘယ်သူနဲ့ဘယ်သူနဲ့ကတော့ ကွန်မင့်မှာ ဘာတွေပြောနေတယ်ဆိုတာမျိုး) တစ်ဖက်ကို သွားသတင်းပေးခဲ့တဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့် Friend List ကို စစ်ပါ။ အပြင်မှာ မသိသူ၊ ဘယ်မှာနေမှန်း မသိသူတွေကို အထူးဂရုစိုက်ပါ။
 
(၄) နည်းပညာကျွမ်းကျင်သူများ ကူညီကြပါ။
Telegram ဟာ Facebook လို မဟုတ်ဘဲ ဆက်သွယ်ရာမှာ အခက်အခဲရှိနိုင်ပါတယ်။ Facebook မှာ Myanmar Team ရှိလေတော့ အနည်းနဲ့အများဆိုသလို ပြောဆိုတာတွေကို အရေးယူမှု ရှိပေမယ့် Telegram မှာဒီလိုလုပ်ဖို့တော့ အတော်အားနည်းတာ တွေ့ရပါတယ်။
 
ဒါကြောင့် နည်းပညာကို ဦးစားပေးပြီး လုပ်ငန်းလုပ်ကိုင်ကြသူ အဖွဲ့တွေအနေနဲ့ Telegram နဲ့ ချိတ်ဆက်မှုရအောင်လုပ်ပြီး Advocate လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အဖွဲ့အစည်းပေါင်းစုံစုဖွဲ့ပြီး အသံထုတ်ကြရင် ကြားရနိုင်ပါတယ်။
 
နိဂုံး
သိရသမျှ ဟန်ငြိမ်းဦးဟာ တစ်ယောက်တည်း လုပ်နေတာ မဟုတ်ပါ။ Group တွေဖွင့်၊ Channel ပေါင်းစုံဖွင့်ပြီး တစ်ခုမရတစ်ခုနဲ့ Admin တွေထားပြီး လုပ်နေတာ ဖြစ်လို့ Reporting က ထင်သလောက် ခရီးမရောက်နိုင်ပါ။ လုပ်နိုင်တာကတော့ သူ့ Telegram တွေ Subscriber ပိုများမလာစေဖို့ ဖြစ်ပြီး Social Media ရဲ့သဘောတရားအရ Subscriber/Follower များရင် ဖြုတ်ရတာ နှောင့်နှေးမှုရှိနိုင်ပါတယ်။
 
ဒါပေမယ့်လည်း အပေါ်မှာပြောခဲ့သလို အဖက်ဖက်က ဂရုစိုက်ပြီး နည်းပညာနဲ့ အလုပ်လုပ်ကြသူတွေကလည်း 'အတွင်းစည်း' မှာ Advocate လုပ်နိုင်ကြရင်တော့ အဖြေတစ်ခုခု ရနိုင်မယ်လို့ ယုံကြည်မိပါကြောင်း ခင်ဗျာ။

You can treat me a cup of coffee.

wave

Press ESC to close