ဘီး သမားများ၊ Delivery နှင့် ပြဿနာအထွေထွေ

တကယ်တော့ စက်ဘီးစီးတယ်ဆိုတာ ကားတစီး စီးသလိုပဲ တန်းတူနီးပါး တာဝန်ယူမှု လိုပါတယ် မိတ်ဆွေတို့။ ဒီလိုပဲ “စက်ဘီးပဲကွာ၊ ဘီး နှစ်ဘီးပဲ ပါတာပဲ၊ ကားထက် ပိုလွယ်တယ်” လို့လည်း ကားပေါ်ကနေ မဆုံးဖြတ်လိုက်စေချင်ပါဘူး။ ကတ္တရာခင်းထားတဲ့လမ်းတခုကို တူတူ အသုံးပြုနေကြသူတွေပါပဲ။
 
မနေ့က ဘီးတစီးနဲ့ ယောက်ျားလေးတဦး ပြည်လမ်း IBC ရှေ့မှာ ပြိုင်ကားတိုက်မိပြီး ဆုံးသွားတယ်။ ပုံတွေ ကြည့်ရသလောက် ဘီးက MTB အမျိုးအစား၊ 700 ထင်တယ်။ ဒီအကြောင်းကို တင်ထားသူအောက်မှာလည်း ထုံစံအတိုင်း ပြိုင်ကားစီးနိုင်သူအုပ်စုနဲ့ ဘီးသမားအုပ်စုတို့ အပြန်အလှန် ပြောကြဆိုကြပေါ့။
 
စက်ဘီးသမားဘက်က ပြောကြသူတွေကို ပြိုင်ကားပိုင်သူတဦးကဆို “Low Life People” တွေ လို့ခေါ်ထားတာ တွေ့ရတယ်။ Lowlife ရဲ့ အဓိပ္ပါယ်ကို မသိတာလား၊ မှန်မှန်ကန်ကန် မပေါင်းတတ်တာလားတော့ မသိဘူး။ ‘အောက်ခြေလူတန်းစား’ လို့ ပြောချင်ပုံရပါတယ်။ ထားပါလေ။ အဆင့်အတန်းခွဲခြားပြောနေရင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။
 
ကျနော် မြင်တဲ့ ပြဿနာလေးတွေ ပြောချင်တာရယ်ပါ။
 
ရန်ကုန်မှာ ဘီးသမား (Delivery သမားတွေ မဆိုလိုသေး၊ ဝါသနာအရ၊ လိုအပ်ချက်အရ စီးနေရသူတွေ) တနေ့ထက်တနေ့ ပိုများလာပါတယ်။ ဘီးသမားဆိုရာမှာလည်း ဘီးနဲ့ကျွမ်းဝင်သူတွေ အဖို့တော့ ဘီးအမျိုးအစား ခွဲခြားသိကြပေမယ့် ကားပေါ်ကလူ၊ သာမာန်လူတွေအဖို့တော့ ဘထ္ထရီဘီးနဲ့ ရိုးရိုး ‘မ’ စီး ဘီးဆိုတာတောင် မကွဲကြပါဘူး။ ဆိုလိုတာက ဘီးနှစ်ဘီးနဲ့ အင်ဂျင်သံ မကြားရဘူးဆိုရင် ဒါ စက်ဘီးလို့ပဲ သတ်မှတ်ကြလို့ပါပဲ။
 
ဘီးသမားတွေကို ခွဲခြား မြင်ပေးပါ
 
ပြောရရင် ကျနော်တို့ အမြင်အရ ဘတ္ထရီဘီးသမားတွေဟာ သိပ် အန္တရယ်များသူတွေပါ။ သူတို့လာရင် အသံမကြားရပါဘူး။ ၄၀ ကီလိုကနေ ၆၀ လောက်ထိ မြန်နှုန်းရှိကြတယ်။ အက်ဆီးဒင့်တွေလည်း ခဏခဏဖြစ်ပါတယ်။ တချို့ ဘတ္ထရီဘီးသမားတွေက ကားကိုတောင် လိုက်ပြိုင်တာမျိုး ရှိတယ်။ ဝေဇယန္တာလမ်းမကြီးပေါ်မှာဆိုရင် သုဝဏ္ဏဘက်ကနေ ပါရမီဘက်ကို လမ်းပြောင်းပြန်နင်းနေကျ ဘတ္ထရီဘီးသမားတွေ အများကြီးပါပဲ။ ဆိုလိုတာက ဘတ္တရီဘီးသမားတွေကို အားလုံး သတိထားကြဖို့ လိုသလို ကိုယ့်ခြေထောက်အားနဲ့ ကိုယ်နင်းပြီး ရုန်းကန်နေကြသူတွေနဲ့ ခွဲပြီး မြင်ပေးဖို့ပါပဲ။
 
ပါဆယ်ဝန်ဆောင်သမားများ
 
လက်ရှိ ရန်ကုန်မြို့မှာစည်းကမ်းအပျက်ဆုံးနဲ့ ဂရုမစိုက်ဆုံး အုပ်စုကို ပြောပါဆိုရင် Food Panda နဲ့ GrabFood က ဒလီသမားတွပါပဲ။ အများစုကို ဆိုလိုတာပါ။ လက်ချိုးရေလို့ရတဲ့ ပမာဏလောက်သာ လမ်းပေါ်မှာ စည်းကမ်းရှိရှိနင်းကြသူတွေ တွေ့ရပါတယ်။ 
 
တဖက်မှာတော့ ဟိုးအရင်ကဆိုရင် Door 2 Door တို့လို ဒလီ သမားတွေက ဘီးကိုလည်းကျွမ်းကျင်ကြသလို တကယ်လည်းကျွမ်းကျင်မှ ကုမ္ပဏီက အလုပ်ခန့်တာမျိုးပါ။ ခုတော့ Food Panda ဟာ များပြားလာတဲ့ သူတို့ ဒလီသမားတွေကို စိစစ်တာမျိုး မလုပ်ဘဲ ‘ဘီးစီးတတ်ရင်လာ၊ ကြိုက်တဲ့ဘီးနဲ့ ပို့၊ ပစ္စည်းရောက်ရင်ပြီးရော’ ဆိုတဲ့မူကို သုံးနေပုံရပါတယ်။
 
လမ်းပြောင်းပြန်စီးလာရင် ကြည့်လိုက် ပန်းရောင်ပဲ။ မီးပွိုင့်မှာ အုပ်စုလိုက် ကန့်လန့်ဖြတ်ထားတာ ကြည့်လိုက်၊ ပန်းရောင်ပဲ။ မြို့တွင်းမှာ ဖြစ်ချင်သလို ဖြစ်နေတာပါ။ Grab Food လည်း ထိုနည်း၎င်းပါပဲ။ Food Panda လောက်လူဦးရေ မများပေမယ့် မြင်ရသလောက်ကို ထင်သလို၊ ဖြစ်သလို စီးကြတာတွေ့ရတယ်။ မီးပွိုင့်နီနေပေမယ့် တဖက်ယာဉ်ကြောမှာ ရှင်းနေရင် အတင်းဖြတ်ပြီး ဝင်သွားကြတာကလည်း ဒီ ဒလီသမားတွေပါပဲ။
 
နောက်တခုကတော့ Food Panda ရော၊ Grab Food မှာပါ ဒလီသမားတွေကို စီးလို့ရရင် ပြီးရော ဆိုတဲ့ ဘီးတွေ ပေးထားကြတာပါ။ ရိုးရိုး ‘မ’ စီး ဘီးနဲ့ နှင်းဆီကုန်းလိုနေရာမျိုးကို ဖင်ထောင်တက်ကြရ၊ လမ်းကြမ်းတဲ့နေရာတွေကို သွားလို့မရ။ ခုဆိုရင် တမြို့လုံးမှာ မိုနိုပိုလိုက်ဇ် လုပ်ထားနိုင်တဲ့ ဈေးကွက်ကို ပိုင်ထားပြီပဲ။ Food Panda အနေနဲ့ရော၊ Grab Food ပါ သင့်တော်တဲ့ ဘီးတွေကို ကိုယ့်ဒလီသမားတွေကို ပေးဖို့ သင့်နေပါပြီ။
လမ်းပြောင်းပြန်နင်းတဲ့ GrabFood ဘီးသမား။ 
ပိုက်ဆံရရင် ပြီးရော ဆိုတဲ့ လမ်းပေါ်မှာ ဘာဖြစ်ဖြစ်ဆိုတဲ့ အမူအကျင့်ကို ပါဆယ်ဝန်ဆောင်ကုမ္ပဏီတွေအနေနဲ့ ပြင်ဖို့လိုပါတယ်။ နောက်တခုကတော့ ကိုယ့်ဝန်ထမ်းကို ကိုယ်တိုင် ကြပ်မတ်ကြဖို့ လိုပါတယ်။ တကယ်ရော၊ ဘီးကို ကျွမ်းကျွမ်းကျင်ကျင်စီးနိုင်ရဲ့လား၊ လမ်းကြောတွေသိသလား၊ စည်းကမ်းဖောက်ဖျက်ရင် ဘယ်လိုလုပ်မလဲ စသဖြင့်။ ကဲ Food Panda ဝတ်စုံနဲ့ ဘီးသမားတယောက် လမ်းပြောင်းပြန်နင်းလာတယ်၊ ဘယ်လိုတိုင်မလဲ။ ဘယ်လိုသိပြီး အရေးယူမလဲ၊ မသိဘူး။ Food Panda မှာ စည်းမျဉ်းလည်း ရှိပုံမရပါဘူး။
 
ကိုယ်ပိုင် ဘီးသမားများ
 
စက်ဘီးစီးတာကို လွယ်လွယ်လေးလို့ ထင်နေကြသူတွေထဲမှာ ဒီလူတွေ ထိပ်ဆုံးက ပါပါတယ်။ ကျနော်တို့ရွာတွေမှာ ဘီးစီးကြရင် ဘာမှ မလိုပါဘူး။ နောက်ဆုံး လကွယ်ညမှာတောင် မျက်စိမှိတ်ပြီး ၂ မိုင် ၃ မိုင်လောက်ခရီး နင်းနိုင်ကြသူတွေချည်းပါပဲ။ ရန်ကုန်မှာတော့ မရပါဘူး။ ပထမဆုံး ဦးထုပ်လိုမယ်၊ ရှေ့/နောက် မီးလိုမယ်။ ညဘက်စီးမယ်ဆို အင်္ကျီအရောင် ရွေးဖို့လိုမယ်။ တောက်တဲ့အရောင်၊ လင်းတဲ့အရောင်တွေ ရွေးဝတ်ဖို့လိုပါမယ်။ ဒီ အခြေခံလောက်မှ မသိဘူး၊ မရှိဘူး၊ ဘီးမှာ မတပ်ထားနိုင်ဘူးဆိုရင်...ရှင်းပါတယ်၊ ဘီး မစီးကြပါနဲ့။ လမ်းပေါ်တက်ပြီး ကားအောက်ကို ဝင်လိုက်တာနဲ့ တူတူပါပဲ။
 
ဘာလို့လဲဆိုရင် ကားသမားတွေဟာ ညဘက်မှာ ရှေ့မီးထိုးထားတဲ့နေရာကလွဲလို့ ဘာမှ မမြင်ကြပါဘူး။ မီးထိုးတဲ့နေရာမှာ ဘာအရောင်မှ ရှိမနေဘူးဆိုရင် တည့်တည့်ကြီး မောင်းမှာပဲ။ ဒါက ထုံးစံပါပဲ။ ဘီးသမားတွေ ဘက်ကသာ ဆင်ခြင်ရမယ့် ကိစ္စပါပဲ။
 
နောက်တခုကတော့ ကားသမားတွေရဲ့ Left/Right Signal ကို မမျှော်မှန်းကြဖို့ပါပဲ။ ကျနော် သတိထားမိသလောက် လမ်းပေါ်က ကားအစီးရေ ၁၀၀ မှာ ၅ စီးလောက်ပဲ ဘယ်ကွေ့၊ ညာကွေ့ အချက်ပြမီးကို ပြကြပါတယ်။ တကယ်တော့ စက်ဘီးဆိုတာ ရှေ့ကကား ဘယ်ဘက်ကွေ့မှာလား၊ ညာဘက်ကွေ့မှာလားဆိုတာ ကြည့်ပြီး ကိုယ့်အရှိန်ကို ကိုယ် ဆုံးဖြတ်ကြရတာပါ။ ဒါပေမယ့် တရာမှာ ငါးစီးလောက်ပဲ အချက်ပြမီးကို ပြတတ်ကြပါတယ်။
 
တက္ကစီမောင်းသူတွေထဲမှာလည်း လက်ချိုးရေလို့ရတဲ့ပမာဏလောက်သာ စက်ဘီးသမားတွေကို ကိုယ်ချင်းစာကြပေမယ့် အများစုကတော့ ညာကြော၊ ဘယ်ကြော ဂရုမစိုက်၊ အမြန်ရောက်ရေးအတွက် ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ အချက်ပြမီးပြဖို့တောင် မလိုဘူးလို့ တွေးထားပုံရပါတယ်။
 
ပြောရရင် ကားသမားတွေရဲ့ အချက်ပြမီးဟာ ဘီးသမားတွေအတွက် အသက် ပါပဲ။ ဒါကို ကျေးဇူးပြုပြီး ဂရုပြုစေချင်တာပါ။
 
ပြီးတော့ "ဒီလမ်းဟာ ကားလမ်းပဲ မင်းတို့ဘီးသမားတွေ ကားလမ်းပေါ် ဘာတက်လုပ်သလဲ" ဆိုတဲ့ ကားသမားတွေလည်း ရှိပါသေးတယ်။ နေ့စဉ် လူပေါင်း ထောင်သောင်းချီဟာ ဘီးနဲ့ အလုပ်သွား၊ အလုပ်ပြန်နေကြရတာပါ။ ညာကြောတခု ရှေ့မှာ မိတာ ၅၀ လောက်ပဲ ရှိတာကို နောက်ကနေ အတင်းကြီး ဟွန်းတွေ တပွမ်ပွမ်းတီးကြတဲ့ ကားတွေကိုလည်း နားမလည်နိုင်အောင်ပါပဲ။ ကျနော်တို့သာ ကားတစီးဆိုရင် ဒီလိုဖြစ်မလား။
 
အနှေးယာဉ် ဥပဒေ
 
ပြဿနာတွေရဲ့ ရင်းမြစ်ကို ပြန်ကောက်ကြည့်ရင် မြန်မာနိုင်ငံရဲ့ အနှေးယာဥ်ဥပဒေထဲမှာ စက်ဘီးနဲ့ပတ်သက်လို့ တိကျတဲ့ ပြဌာန်းချက်မရှိပါဘူး။ စည်ပင်ဥပဒေထဲမှာလည်း တိတိကျကျ ပြဌာန်းထားတာ မရှိပါဘူး။ မြို့ထဲက မော်တော်ပီကယ်တွေကလည်း ကြုံရင်ကြုံသလိုဖမ်းတယ်၊ (ပြောရရင် ရေခမ်းလာရင် ဖမ်းတယ်၊ ကျန်ချိန်ဆို ဘာမှန်းမသိဘူး)။ ငြိမ်းချမ်းရေးလည်း မဟုတ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးလည်း မဟုတ်တဲ့အတွက် ဘယ်နိုင်ငံရေး သမားမှလည်း ဒီကိစ္စကို စိတ်မဝင်စားပါဘူး။
 
မြန်မာနိုင်ငံရဲ့ တခုတည်းသော စက်ဘီးလမ်းက ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာရှိပါတယ်။ ကျနော့်အထင် မီတာ ၂၀၀ လောက် ရှည်လျားလိမ့်မယ်။ တခုတည်းသောလမ်းပါပဲ။ ဘီးသမားတွေများလာပေမယ့် ဘယ်သူမှလည်း ဂရုမစိုက်ပါဘူး။ ဂရုစိုက်ချိန်လည်း မရပါဘူး။
 
ဘယ်လိုလုပ်နိုင်သလဲ
 
ဒီအချိန်မှာ ဘီးတွေကို အများစုအသုံးပြုနေရသူတွေကို ကြပ်မတ်ဖို့ လိုလာပါတယ်။ Food Panda, Grab Food, Food2U တို့လို ဘီးကိုပဲ အသုံးပြုတဲ့ကုမ္ပဏီတွေကို အစိုးရအနေနဲ့ စည်းမျဉ်းတွေ ကန့်သတ်ဖို့လိုပါတယ်။ Proper Bike ကိုအသုံးပြုဖို့၊ ဒလီသမားတွေဆိုရင်လည်း ရှေ့/နောက်မီး၊ ဦးထုပ် အစုံပါစေဖို့၊ မီးနီးဖြတ်သူ၊ လမ်းပြောင်းပြန်စီးသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ မလုပ်နိုင်ရင် ဒီကုမ္ပဏီတွေကို ဒဏ်ရိုက်တာမျိုးထိ လုပ်ဖို့ လိုပါတယ်။
 
တဖက်မှာလည်း ကိုယ်ပိုင်ဘီးစီးကြသူတွေအနေနဲ့ မီးပွိုင့်အနီကို မဖြတ်ဖို့၊ ညာ/ဘယ် ကွေ့မယ်၊ ချိုးမယ်ဆိုရင် လက်ပြဖို့ပါပဲ။ ရှေ့က ဘီးက ဘယ်သွားမယ်မှန်းမသိ၊ လမ်းအူကြောင်းတည့်တည့်ကြီး မောင်းနေပြီး ညာဘက် ရုတ်တရက် ကောက်ချိုးချလိုက်လို့ တိုက်မိတဲ့ အက်ဆီးဒင့်ပေါင်းလည်း မနည်းပါဘူး။
 
ဆိုရရင် ဘီးသမားတွေကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ မြန်မာနိုင်ငံမှာ အဆင့်အတန်းတွေ မပြောကြဘူးလို့ဆိုပေမယ့် ဘီးစီးတယ်ဆိုရင် တဆင့်နှိမ့်ပြီး မြင်ကြသူတွေများပါတယ်။ မတတ်နိုင်လို့ ဘီးစီးရတယ်ဆိုတာမျိုး မြင်လေ့ရှိတယ်။ တဖက်မှာလည်း မီးနီဖြတ်၊ လမ်းပြောင်းပြန်နင်းပြီး ‘စရိုက်ကျတဲ့’ ဘီးသမားတွေ များလေတော့ ဘယ်သူ့ဘယ်သူမှ အပြစ်တင်လို့မရနိုင်တာမျိုးပါပဲ။
 
စက်ဘီးလမ်းလည်း မရှိ၊ ရှိတဲ့ကားလမ်းကလည်း မလောက်ငှပဲ လူသွားလမ်းတောင် ရှားပါးနေတဲ့ ကျနော်တို့ နိုင်ငံမှာ ဒီလမ်းမကြီးတွေကို ဘီးသမားရော၊ ကားသမားရော၊ လမ်းလျှောက်သူတွေပါ စည်းကမ်းရှိရှိ၊ နားလည်မှုရှိရှိ၊ ဝေမျှ သုံးကြရအောင်ပါဗျာ။
 
စက်ဘီးတွေ များလာပြီး
စည်းကမ်းရှိတဲ့
လမ်းမကြီးတွေကို မျှော်လင့်ရင်း...

You can treat me a cup of coffee.

wave

Press ESC to close