ဒီမိုကရေစီမှာ မီဒီယာဆိုတာ အတိုက်အခံပါ

အတိုက်အခံပါတီတိုင်း အာဏာ ရမသွားနိုင်ပေမယ့် အာဏာရသွားပြီဆိုရင်တော့ အဲ့ဒါအတိုက်အခံပါတီ မဟုတ်တော့ဘဲ အာဏာရအစိုးရ ဖြစ်သွားပြီဆိုတာပါပဲ။ ဘယ်လိုဘယ်ပုံနဲ့ တက်လာတဲ့အစိုးရပဲ ဖြစ်ဖြစ် အစိုးရဟာ အာဏာကို ဆုပ်ကိုင်ထားသူ၊ အာဏာကို သုံးမယ့်သူပါ။ တဖက်မှာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ပေးရမယ့်သူ၊​ ပြည်သူ့အကျိုးစီးပွား ပျက်စီးစေသူတွေကို အာဏာနဲ့ ထိန်းကျောင်းပြုပြင်ပေးရမယ့်သူပါပဲ။

 

ဒီနေရာမှာ "ကျုပ်တို့အစိုးရကတော့ ဘယ်လိုပုံစံနဲ့ တက်လာလို့ပါ၊ သမိုင်းကြောင်း ဘယ်လို ရှိခဲ့လို့ပါ" စသဖြင့် အကြောင်းပြချက်တွေထက်စာရင် ပြည်သူ့အကျိုးစီးပွားကို ဘယ်လောက်ထိ ကာကွယ်ပေးထားပြီးပြီ၊ အာဏာကို ဘယ်လိုပုံစံနဲ့ အသုံးပြုနေပါတယ် ဆိုတဲ့ အကြောင်းပြချက်တွေကသာ အစိုးရတရပ်ရဲ့ သရုပ်မှန်ကို ပေါ်စေမှာဖြစ်ပါတယ်။

 

အာဏာကို ဆုပ်ကိုင်ထားတဲ့ အစိုးရရဲ့ အာဏာကို တလွဲသုံးမှု၊ ပြည်သူ့အကျိုးစီးပွားကို လျစ်လျူရှုမှုတွေကို စဉ်ဆက်မပြတ် ဝေဖန်၊ ထောက်ပြနေကြရမယ့်သူတွေကတော့ မီဒီယာတွေပါပဲ။

 

အတိုက်အခံနိုင်ငံရေးပါတီ နဲ့ မီဒီယာ

 

မြန်မာစကားမှာ အတိုက်အခံ လို့ဆိုလိုက်တာနဲ့ နိုင်ငံရေးပါတီနဲ့ အမြဲတမ်းရောထွေးတတ်ကြတာပါပဲ။ ဘာလို့ဆို အတိုက်အခံနိုင်ငံရေးပါတီဟာ အာဏာရအစိုးရ အာဏာရပါတီကို ဝေဖန်၊ တိုက်ခိုက်လေ့ရှိသလို တဖက်မှာ မီဒီယာကလည်း အာဏာရထားတဲ့အစိုးရကို ဝေဖန်ကြသူတွေမို့လို့ပါပဲ။

 

တခါတရံ အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ မီဒီယာဟာ အသံတူသွားနိုင်တဲ့နေရာတွေတောင် ရှိပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့အချက်က အတိုက်အခံနိုင်ငံရေးပါတီဟာ ရွေးကောက်ပွဲ အနိုင်ရရှိရေး၊ နိုင်ငံရေးအားသာချက်ရရှိရေးအတွက် အာဏာရပါတီကို တိုက်ခိုက်လေ့ရှိပေမယ့် မီဒီယာကတော့ ပြည်သူ့အကျိုးစီးပွားကိုရှေးရှုပြီး အစိုးရရဲ့ အာဏာ တလွဲသုံးမှုကိုသာ တစိုက်မတ်မတ် ဝေဖန်တယ်ဆိုတာပါပဲ။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မီဒီယာ


တချိန်က အဖွဲ့ချုပ်ပါတီနဲ့ မီဒီယာတွေဟာ လင်နဲ့မယား လို့တောင် ကင်ပွန်းတပ်ရလောက်အောင် အသံတူခဲ့ကြပါတယ်။ ဒီမိုကရေစီစနစ်ကို သွားနေကြတဲ့အချိန်မှာ ဒီမိုကရေစီရဲ့ အသက် လွတ်လပ်တဲ့မီဒီယာဟာ အရေးကြီးလာသလို တပါတီအုပ်ချုပ်ရေး၊ တဦးတဖွဲ့က အာဏာကို လက်ဝါးကြီးအုပ်ထားမှုကို အတူတူ ဖြိုဖျက်ကြတာချင်း တူတူမို့ပါပဲ။

 

ဒီနေ့မှာ အဖွဲ့ချုပ်ပါတီဟာ အတိုက်အခံမဟုတ်တော့တဲ့ အာဏာကို ဆုပ်ကိုင်ထားသူဖြစ်နေပြီး မီဒီယာဟာလည်း "အတိုင်းအတာတခုအထိ" လွတ်လပ်ခွင့်ရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယာသမားအများစုနဲ့ သတင်းစာတိုက်တချို့ဟာ တချိန်က အတိုက်အခံဖြစ်ခဲ့တဲ့နိုင်ငံရေးပါတီနဲ့ အသံတူနေတုန်းဆိုတာ ဝမ်းနည်းစွာနဲ့ တွေ့ရပါတယ်။ ဒါဟာ တဖက်မှာတော့ ဒီမိုကရေစီသွားရာမှာ အပြန်အလှန်ထိန်းညှိနိုင်မှု ပျက်ယွင်းသွားခြင်းပဲ ဖြစ်ပါတယ်။

 

နောက်တခုကတော့ မီဒီယာတွေဟာ ဘယ်အစိုးရလက်ထက်မှာတော့ ဘယ်လို၊ ဘယ်အစိုးရလက်ထက်မှာတော့ နောက်တမျိုး စသဖြင့် ပြောင်းလဲသွားလို့ မရပါဘူး။ ဘယ်အစိုးရတက်တက် မီဒီယာဟာ မီဒီယာအလုပ်ပဲ လုပ်ရမှာပါပဲ။ "ဒီအစိုးရကိုတော့ ခွင့်လွှတ်လိုက်ပါကွာ၊ လျှော့ရေး၊ လျှေ့ဝေဖန်ကြတာပေါ့" ဆိုရင် နောင်လာမယ့် အစိုးရအဆက်ဆက်မှာလည်း မီဒီယာတွေကို မီဒီညာတွေလို့ ဝါးလုံးရှည်နဲ့ သိမ်းရိုက်ရင် ခံကြရပါလိမ့်မယ်။ 

 

မြန်မာနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးပါတီ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ အာဏာရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေဟာ သူတို့အလုပ်ဖြစ်တဲ့ အတိုက်အခံအလုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ စွမ်းရည်မရှိကြပါဘူး။ အောက်လုံးထိုး၊ ခြေထိုးမှုတွေနဲ့သာ လုံးပါးပါးနေကြသူတွဖြစ်ကုန်ပါတယ်။ အစိုးရတရပ်ကို တန်ပြန်အတိုက်အခံမလုပ်နိုင်တော့ဘူးဆိုရင် ဒါဟာ အယောင်ပြဒီမိုကရေစီပဲ ဖြစ်ပါလိမ့်မယ်။

 

ဒီလိုအခြေအနေမှာ မီဒီယာရဲ့အခန်းကဏ္ဍဟာ အင်မတန်အရေးပါလာပါတယ်။ နဂိုလုပ်နေရမယ့် အစိုးရရဲ့ အာဏာအလွဲသုံးမှု၊ ပြည်သူ့အကျိုးစီးပွားကို လျစ်လျူရှုမှုတွေကို ဝေဖန်နိုင်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အတိုက်အခံဟာ မီဒီယာတခုတည်းအပေါ် ပုံကျလာသလိုတောင် ရှိလာပါတယ်။

 

ဝမ်းနည်းစရာက ဒီအချိန်မှာ မီဒီယာ သူ့အလုပ်သူမလုပ်တဲ့အပြင် အစိုးရနဲ့ "အသံတူ" နေတာဟာ ပြဿနာအကြီးကြီးဖြစ်နေပါတော့တယ်။ မီဒီယာတွေဟာ မီဒီယာအလုပ် မလုပ်ကြတော့ပါဘူး။ ကမ္ဘာမှာ အတိုက်အခံပျောက်နေတဲ့ လွှတ်တော်နဲ့ အာဏာဆုပ်ကိုင်ထားသူတွေကို ကြည့်ကြစေချင်ပါတယ်။ အတိုက်အခံမရှိရင် အစိုးရတရပ်ဟာ အင်မတန်အန္တရယ်များလွန်းပါတယ်။ ကိုယ်လုပ်ချင်ရာ လုပ်နိုင်တဲ့ အစိုးရတရပ် ဖြစ်သွားနိုင်သလို တဖက်မှာတော့ ပြည်သူ့အကျိုးစီးပွားကိုလည်း လျစ်လျူရှုလာတတ်ပါတယ်။

 

"မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးပါဘူး၊ ဒီမိုကရေစီခရီးလမ်းကို လျှောက်နေတုန်းပဲ ရှိပါသေးတယ်" ဆိုရင် ဒီမိုကရေစီမှာ အရေးကြီးတဲ့ အပြန်အလှန်ထိန်းညှိခြင်းကို တန်ဖိုးထားရမှာဖြစ်သလို အပြန်အလှန်ထိန်းညှိကြမယ့် အတိုက်အခံဖြစ်တဲ့ မီဒီယာတွေအနေနဲ့လည်း ကိုယ့်အလုပ် "အမှန်" ကို သိကြမှာသာ ဒီမိုကရေစီကို သွားရာမှာ လမ်းမှန်ကမ်းမှန်နဲ့ လျင်မြန်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close