သူ့ဘက်က ကြည့်တော့ သူရဲကောင်း    

စစ်ယူနီဖောင်းကနေ တိုက်ပုံ ပြောင်းဝတ်လာသူတွေထဲ မီဒီယာနဲ့ လက်ပွန်းတတီးရှိခဲ့ကြသူတွေမှာ ဦးကျော်ဆန်းက စလို့ ဦးရဲထွဋ် နောက်ဆုံး အာဏာမသိမ်းခင် ဦးဇော်ဌေးထိ သူတို့အလုပ်မှာ တာဝန်ကျေကြသူတွေလို့ ဆိုရမယ်။ 

ဒီနေရာမှာ ‘တာဝန်ကျေကြသူတွေ’ ဆိုတာ သူတို့အလုပ်မှာလို့ ဆိုချင်တာရယ်ပါ။ အထူးသဖြင့် အစိုးရအပေါ် မင်းခစား တာဝန်ကျေကြသူတွေပေါ့။ မီဒီယာကို ထုံးလိုချေ ရေလိုနှောက်ထားသူတွေလို့ ပြောလို့ရမယ်။ နောက်ပိုင်း ပြန်ကြားရေးဝန်ကြီး ဖြစ်လာတဲ့ (သတင်းစာသမားဟောင်း) ဦးဖေမြင့်နဲ့ ဦးအောင်လှထွန်း တို့ဟာ စစ်ယူနီဖောင်းချွတ်ကြသူတွေနဲ့ ယှဉ်ရင် မီဒီယာနဲ့ ဆက်ဆံရာမှာ အင်မတန် ချိနဲ့ခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အောက် တာဝန်ယူကြရတာဖြစ်လို့ အထက်လူကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ရှိပေမယ့် ကိုယ့်နေရာ ကိုယ့်တာဝန် ကိုယ်ပြောနိုင်တဲ့ ဘောင်ကို ကိုယ့်ဘာသာ မချဲ့နိုင်ခဲ့ကြသလို ‘တွန့်ဆုတ်’ နေခဲ့ကြပြီး ယုံကြည်မှု မရှိဘဲ ဝန်ကြီး/ဒုဝန်ကြီး နေရာ ‘လက်ခံ’ ခဲ့ကြသူတွေလို့ ဆိုချင်ပါတယ်။ ပြီးခဲ့တာတွေလည်း ပြီးပါပြီ။

တနေ့က ဦးဇော်ဌေး ဆုံးတယ်ကြားတော့ သူနဲ့ ထိပ်တိုက်တွေ့ခဲ့ဖူးတာလေး ပြန် သတိရပါတယ်။

စစ်သားအခေါ်တော့ တိုက်ပွဲမှာကျရင် ‘တိုင်းပြည်အတွက် အသက်ပေးလှူတယ်’ သုံးနှုန်းကြတယ်။ ၆၂၊ ၈၈၊ ၂၀၀၇ နဲ့အတူ နောက်ဆုံး ၂၀၂၂ ထိ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တဲ့ တိုက်ပွဲတွေ၊ ခုလောလောဆယ် ဒေသအသီးသီး၊ မြို့ပေါ်လူမြင်ကွင်းမှာ သတ်ဖြတ်နေကြပုံတွေ၊ ရွာစဉ်အလိုက် မီးပုံရှို့နေကြတာတွေ...  

ဒီလိုတိုက်ပွဲတွေကြားထဲ ကျသွားသူ စစ်သားတွေကိုတော့ ဘယ့်အတွက် အသက်ပေးလှူတယ်လို့ သတ်မှတ်ရမယ် မဆိုနိုင်။ တိုင်းပြည်အတွက် မဟုတ်တာတော့ အသေအချာပဲလို့ ဆိုရမယ်။ 

ဆက်ရရင်...
၂၀၁၇ မောင်တော၊ ဘူးသီးတောင် အာဆာတိုက်ခိုက်မှု သတင်းတွေယူအပြီး ရန်ကုန် ပြန်ရောက်လာတော့ ရုံးကနေပဲ ရခိုင်သတင်းတွေ ဆက်လိုက်ရတယ်။ မောင်တောမှာပဲ ကြာရှည်မနေနိုင်တော့ မြေပြင်မှာရခဲ့တဲ့ မျက်မြင်ကိုယ်တွေ့အချက်အလက်တွေ၊ သတင်းရင်းမြစ်တွေကို အသုံးပြုပြီး ရန်ကုန်ကနေပဲ သတင်းလှမ်းယူရပါတယ်။

ရခဲ့တဲ့ သတင်းရင်းမြစ်တွေထဲမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဗိုလ်အဆင့်၊ မြို့နယ်အဆင့် ရဲမှူး၊ တပ်ကြပ်၊ ရဲတပ်သား စသဖြင့် အမယ်စုံသလို ကျီးကန်းပြင်က မွတ်ဆလင်မိသားစုတွေ၊ မောင်တောသုံးမိုင်ဂိတ်က ရင်းမြစ်တွေ၊ မောင်တောမြို့ ရွှေဇား မွတ်ဆလင်ရွာက ရင်းမြစ်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တောင်ပြိုလက်ဝဲက သတင်းရင်းမြစ်တွေ စသဖြင့်...

သတင်း မထူးရင်တောင် ဒီလူတွေနဲ့ အပတ်စဉ် စကားပြောဖြစ်ပါတယ်။ ဒါကြောင့် အမြဲလိုလို မြေပြင်သတင်းတွေကို အတိုင်းအတာတစ်ခုအထိ ခြုံငုံနိုင်ခဲ့တယ်။

အဲ့ဒီတုန်းက နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာဟာ ရခိုင်အရေးကိစ္စတွေ ထုတ်ပြန်ရာမှာ တော်တော်ကို အရေးပါတဲ့နေရာမှာ ရှိခဲ့ပါတယ်။ ဘာကြောင့်ဆိုရင် ဒီက ထုတ်ပြန်ချက်ကို ဘာသာပြန်တန်ပြန်၊ မြန်မာလို ကိုးကားတန် ကိုးကားကြနဲ့ နိုင်ငံတကာ မီဒီယာတွေရော၊ အဖွဲ့အစည်းတွေရော၊ ပြည်တွင်းအဖွဲ့တွေအတွက်ရော မှီငြမ်းရာ ရင်းမြစ်တစ်ခု ဖြစ်ခဲ့တာပါ။

ဒါကြောင့် ဒီက ထုတ်ပြန်ချက်တွေဟာ ကိန်းဂဏန်းတစ်ခု၊ အသုံးအနှုန်း သေးသေးလေးက စလို့ တာဝန်ကြီးသလို ထိလွယ်ရှလွယ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တချို့သောကိစ္စတွေကို အဲ့ဒီချိန်က အစိုးရဟာ ‘ပြီးစလွယ်’ ‘ပေါ့ပေါ့တန်တန်’ ရေးသားထုတ်ပြန်တာတွေ လုပ်ခဲ့တာတွေ့ရတယ်။ မီးမလောင်ဘဲ မီးလောင်တယ်လို့ ရေးတာ၊ ရခိုင်ရွာတွေက ထွက်ပြေးရတဲ့ လူအရေအတွက်ကို အတိုးအလျှော့လုပ်ပြီး ကစားတာ၊ ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်တာကို နောက်တစ်မျိုး ပုံဖော်ပစ်တာ၊ အောက်ခြေကပို့တဲ့ အချက်အလက်တွေကို လိုသလို ပုံဖော်တာတွေ လုပ်ခဲ့တာပါပဲ။

ဒါတွေကို အဓိက လုပ်ခဲ့တာက အတိုင်ပင်ရုံးစာမျက်နှာပါ။ အတိုင်ပင်ခံရုံး စာမျက်နှာမှာ ဒီနေ့ ရေးတဲ့စာဟာ နောက်တစ်နေ့ ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ပါလာလေ့လည်းရှိပါတယ်။ ဒီစာမျက်နှာကို နောက်ကနေ ရေးသားထိန်းချုပ်သူ အချို့ ရှိနိုင်ပေမယ့် အဓိက တာဝန်ယူနေသူက ဦးဇော်ဌေးပါပဲ။ 

ဦးဇော်ဌေးနဲ့ နီးစပ်သူ မီဒီယာသမားတွေ ရှိပါတယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ သူနဲ့အတိုင်အဖောက်လုပ်ပြီး မေးခွန်းမေးကြသူ သတင်းသမားတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ်လို့ ဦးဇော်ဌေးဟာ မီဒီယာသမားတွေကို သူ့လက်အောက်ငယ်သားတွေလို အမြဲလိုလိုဆက်ဆံတတ်ပါတယ်။

အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဟာ မီဒီယာသမားတွေအပေါ် အပြန်အလှန်လေးစားမှု မရှိသလို အသုံးအနှုန်း အခေါ်အဝေါ်ကစလို့ ‘ရင့်’ သူ တစ်ဦးဆိုတာ သူနဲ့ ‘ပရော်ဖက်ရှင်နယ်ဆန်ဆန်’ ဆက်ဆံဖူးသူ သတင်းသမားတွေ သိကြတယ်။ သူ့ဆီက အင်တာဗျူးရမှ သတင်းရမှ အဆင်ပြေကြသူတွေကတော့ သူနဲ့ ပနံသင့်အောင် ပေါင်းကြလေ့ ရှိတယ်။ 

အဲ့ဒီကာလက ဦးဇော်ဌေးဟာ ဒေါ်အောင်ဆန်းစုကြည်ပါးစပ် အငှားယူထားသူလို့တောင် ပြောရမယ်။ အတိုင်ပင်ခံရုံးအစား မီဒီယာနဲ့ တိုက်ရိုက်ဆက်ဆံရသူဖြစ်လို့ သူ့ပါးစပ်က ထွက်သမျှဟာ အတိုင်ပင်ခံရုံးကို ကိုယ်စားပြုနေခဲ့တာပါ။ 

အေအေနဲ့ စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေချိန်က ဦးဇော်ဌေးဟာ ရခိုင်ပြည်သူတွေ အပေါ်မှာ စော်ကားပြောဆိုခဲ့ပြီး သူဟာ အတိုင်ပင်ခံရုံးရဲ့ ပါးစပ်ပေါက်ဖြစ်လို့ သူပြောဆိုမှုတွေဟာ တော်တော် ‘တာ’ တဲ့နေရာမှာ ရှိခဲ့ပါတယ်။ 

ဆက်ရရင်...
မောင်တောကိစ္စ အတိုင်ပင်ခံရုံး ဖေ့စ်ဘွတ်စာမျက်နှာကနေ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ‘Double-check, counter-check လုပ်သင့်ကြောင်း ကျနော့် ဖေ့စ်ဘွတ်မှာ စာတစ်ပိုဒ်ရေးခဲ့ပါတယ်။ မြေပြင်မှာ ဖြစ်နေတာတွေနဲ့ အတိုင်ပင်ခံရုံးက ထုတ်ပြန်တာတွေဟာ ကွဲလွဲမှုတွေရှိနေကြောင်းနဲ့ သေသေချာချာ စိစစ်သင့်တဲ့အကြောင်း။

ဒါရေးပြီး တစ်နာရီခွဲကျော်လောက် အချိန်မှာပဲ ဦးဇော်ဌေးက သူ့နာမည် Hmu Zaw ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျနော့်နာမည်ကို ‘mention’ လုပ်ပြီး ကိုယ်ရေးတာကို ကိုယ်တာဝန်ယူဖို့ ဆိုတဲ့အကြောင်း စာရေးတဲ့ဟန် မာမာထန်ထန်နဲ့ ရေးသားလာပါတယ်။ မိတ်ဆွေအချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေချိန်ဖြစ်လို့ မသိခဲ့။ နောက်တော့ သတင်းသမား မိတ်ဆွေအချို့က ဖုန်းဆက်ပြီး ‘ဦးဇော်ဌေးက ရေးထားတယ်၊ ဘာဖြစ်တာလဲ’ ဆိုပြီး မေးလာတော့မှ သိရတယ်။

သိပ်မကြာခင်ပဲ ဦးဇော်ဌေးက ဖုန်းဆက်လာပြီး “မြတ်ကျော်သူ ခင်ဗျားရေးတာကို ပြန်ဖျက်လိုက်ပါ။ ဒါဟာ နိုင်ငံတော်ကို မခန့်လေးစားလုပ်တာ၊ အတိုင်ပင်ခံရုံးကို မခန့်လေးစားလုပ်တာ ဖြစ်တယ်၊ ကိုယ်ရေးတာကို ကိုယ် တာဝန်ယူရလိမ့်မယ်” လို့ ဖုန်းထဲမှာ ပြောလာပါတယ်။

ဒါကြောင့် ဘာမှားနေသလဲဆိုတာ ပြန်မေးရပါတယ်။ မှားနေရင် တာဝန်ယူမယ့်အကြောင်း၊ အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်ထဲ အဓိပ္ပါယ်အကောက်အယူ လွဲနိုင်တာတွေ ပါနေကြောင်း ပြောပါတယ်။ ဒီအခါမှာ သူ့ဘက်က ဖြေရှင်းလာတာတွေ ရှိပါတယ်။

ဒါတွေက...
အောက်ခြေ ရဲထောက်လှမ်းရေးနဲ့ ထွေအုပ် က ရလာတဲ့အချက်အလက်တွေ အခြေခံပြီး ထုတ်ပြန်တာ ဖြစ်ကြောင်း၊ စစ်ရုံး၊ စစ်တပ်ဘက်က သတင်းကို သူတို့ကို မျှ မပေးတဲ့အကြောင်းနဲ့ ဒါကြောင့် လွဲတာတွေ ရှိနိုင်ကြောင်း ပြန်ပြောလာပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က သတင်းကို ရနိုင်အောင် သူတို့ အတိုင်ပင်ခံရုံးအနေနဲ့ ညှိနှိုင်းနေရကြောင်းလည်း သူက ဆိုပါတယ်။ သူပြောတာတွေက ဘယ်အတိုင်းအတာထိ မှန်ကန်မှု ရှိသလဲတော့ သူနဲ့ စစ်တပ်ပဲ သိနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ကျနော်ရေးတဲ့စာဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ အစိုးရကို ပြည်သူက အထင်အမြင်လွဲမှားစေနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖျက်ပေးဖို့ ပြောလာပါတယ်။ ရေးထားတာမှာ အမှားမပါတဲ့အတွက် မဖျက်နိုင်ကြောင်း ကျနော်က ပြန်ပြောပါတယ်။

တပြိုင်နက်တည်းမှာပဲ အစိုးရကို ထောက်ခံသူတွေနဲ့ ဦးဇော်ဌေး နောက်လိုက်တွေဟာ ကျနော့် Messenger ထဲ လာပြီး ဆဲဆိုနေကြတာ ဆက်တိုက်တွေ့ရပါတယ်။ ဒါကြောင့် ‘ဦးဇော်ဌေးအနေနဲ့ ကျနော့်နာမည်ကို Mention လုပ် ရေးထားတာကို ဖျက်ပေးမယ်ဆိုရင် ကျနော် ရေးထားတာလည်း ဖျက်ပါမယ်’ လို့ နောက်ဆုံးမှာ သဘောတူညီမှု ရပါတယ်။ 

ဖုန်းပြောပြီး ၁ နာရီလောက်ကြာတဲ့အချိန်မှာ ဦးဇော်ဌေးက သူရေးထားတာကို ဖျက်လိုက်တဲ့အတွက် ကျနော်လည်း ဖျက်လိုက်ပါတယ်။ သူနဲ့ ဖုန်းပြောစဉ်တလျှောက် တောက်လျှောက် သုံးနှုန်းတာ ‘ခင်ဗျား ကိုယ်ရေးတာ ကိုယ်တာဝန်ယူရလိမ့်မယ်၊ အကျိုးဆက်ကို ခင်ဗျားကြိုတွေးထားပါ’ ဆိုတာကို ခဏခဏ ထည့်ပြောတာပါပဲ။ တနည်းဆိုရရင် ခြိမ်းခြောက်တာပါ။

တကယ်တော့ ဗိုလ်သိန်းစိန် သမ္မတလက်ထက်အပြီး​ ဦးဇော်ဌေးလည်း နားသွားပြီလို့ ထင်ခဲ့တာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ သူ့ကို သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်အနေနဲ့ စပြီး ခန့်ခဲ့ပါတယ်။​ အဲ့ဒီတုန်းက ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့ကြပေမယ့်လည်း နယ်ဆင်မင်ဒဲလား ထုံး နှလုံးမူပြီး အရင်အစိုးရရဲ့ ယန္တရားတွေ အားလုံးကို ဖယ်မပစ်ဘဲ ဆက်ထားရင် ပိုပြီး အကျိုးများနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ပြန်လည်ချေပခဲ့ကြလည်း ထင်ထင်ပေါ်ပေါ် ရှိခဲ့ပါတယ်။

ဒါပေမယ့် သမ္မတရုံး ဒု-ညွှန်မှာတင် ရပ်မနေဘဲ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆက်ပြီး တိုးမြှင့် တာဝန်ပေးခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးစပ်ဆုံးနေရာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်က လက်ပွန်းတတီး ရှိခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထဲက လူတွေတောင် နောက်ပိုင်းမှာ ဦးဇော်ဌေးက ကြားခံဖြစ်သွားတဲ့အတွက် ‘ဦးဇော်ဌေးကို ဖြတ်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဆီ ရောက်နိုင်တယ်’ ဆိုတာမျိုးထိ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရင့်ရင့်သီးသီးစကားလုံးတွေကို နိုင်ငံတော်အဆင့်ကနေ ပြောနေတာတောင်မှ အတိုင်ပင်ခံ အရှိန်အဝါနဲ့ သူ့ကို ဘယ်သူမှ ဝေဖန်တာမျိုး မလုပ်ခဲ့ကြတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တာကြောင့်ပဲ သူ့လက်အောက်လူ ပြောသမျှ အမှန်၊ လုပ်သမျှ အကုန် လက်ခံပေးရမယ်ဆိုတာမျိုးကတော့ ‘ချစ်’ တာမဟုတ်ဘဲ ‘နှက်’ သလိုတောင် ဖြစ်နေခဲ့ပါသေးတယ်။  

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီထဲမှာလည်း အဲ့ဒီကာလက ဦးဇော်ဌေးနေရာကို လက်ပြောင်းလွှဲယူနိုင်သူ ဒီလောက်ထိ ရှားပါးခဲ့သလားလို့ တွေးကြည့်ဖူးပါတယ်။ ဒါ့အပြင် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် နေရာအတွက် ပါတီမှာ သို့မဟုတ် တတ်သိပညာရှင်၊ ကျွမ်းကျင်သူ၊ မီဒီယာကို နားလည်သူ ရှားပါးခဲ့လေသလား။ ဒါတွေကြောင့်ပဲ ရွေးစရာမရှိလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဇော်ဌေးကို ဒီ ညွှန်ကြားရေးမှူးချုပ် ရာထူးကိုပေးပြီး မီဒီယာကို ကိုင်တွယ်ဖို့နဲ့ စစ်တပ်နဲ့ ဆက်ဆံဖို့ ကြားခံလူအဖြစ် နေရာပေးခဲ့သလားလို့တောင် တွေးမိပါတယ်။

ဦးဇော်ဌေးကို ‘လူတော်တစ်ယောက်’ ‘မီဒီယာကို နားလည်သူ’ ‘ပြိုင်ဘက်ကောင်း’ စသဖြင့် ပြောကြတာ တွေ့ရပါတယ်။ မီဒီယာ နောက်ကွယ်က သူ့ အလုပ်လုပ်ပုံ၊ သူ့ ပုဂ္ဂလိကဘဝကိုတော့ မသိပါ။ သတင်းသမား သက်တမ်းတလျှောက် သူနဲ့အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် စကားပြောဖူးသလို ထိပ်တိုက်လည်း တွေ့ဖူးတော့ ဒီအကြောင်းကို ပြန်လည် ရေးပြရုံသာ ဖြစ်ပါတယ်။

လူတစ်ယောက် ဘယ်လိုပဲ သေသေ အထိခိုက်အကြေကွဲရဆုံးကတော့ သူ့ကို ချစ်ရသူနဲ့ သူက ချစ်ရသူတွေပါပဲ။ ဒါပေမယ့် အလုပ်နဲ့တာဝန်ဝတ္တရားအရ လုပ်ခဲ့တာတွေ၊ ပြောခဲ့တာတွေဟာ ထိခိုက်နစ်နာသူ လူပုဂ္ဂိုလ်၊ လူ့အဖွဲ့အစည်း၊ လူမျိုးစုတစ်ခုမက အပေါ် အထိနာစေခဲ့တော့ တချို့ဟာ အဲ့ဒီလုပ်ခဲ့၊ ပြောခဲ့သူတွေအပေါ် သေသွားတာတောင်မှ မကြေနိုင်မချမ်းနိုင်ဖြစ်ကြတာကတော့ ဓမ္မတာပဲလို့ ဆိုရပါတော့မယ်။

You can treat me a cup of coffee.

wave

Press ESC to close