Fixed Gear နဲ့ နိုင်ငံကြီးသား

များပြားလှတဲ့ စက်ဘီးအမျိုးအစားတွေထဲ တယောက်ယောက်က ရုတ်တရက် “Fixed Gear က တခြား ဘီးတွေနဲ့ ဘာကွာလို့လဲ” လို့ မေးလာရင် အများစုဖြေကြတာက “သူက Cog ဘီးဗျာ။ ချိန်းသေ” စသဖြင့်ပေါ့။ မမှန်ဘူးလားဆို မှန်ပါတယ်။ တကမ္ဘာလုံး ဘယ်နေရာသွားမေးမေး ဘီးသမားတွေဆို ဒီလို ဖြေကြမှာပဲ။ နောက်တစ်ခုက “ကဲကွာ Fixed Gear Biker နဲ့ တခြား Biker တွေ ဘာကွာလဲ” ဆိုပြီး မေးလာရင်တော့ နည်းနည်း ကျပ်ပြီ။

 

အဲ...ဒီလိုဗျာ။ သူက ဟိုလိုလေ၊ ဒီလိုဗျာ...အဲ။ 

 

ပြောရရင် Fixed Gear Biker နဲ့ တခြားဘီးသမားတွေနဲ့ ကွာခြားချက်က “ဝတ်စားပုံ၊ အမူအကျင့်” တွေပါပဲ။ ဒီလိုပြောလိုက်လို့ “ဟာ ဒီကောင်ကတော့ လုပ်ပြီ။ ဘီးစီးတာများကွာ ဝတ်စားပုံ အရေးကြီးသလား၊ ဘီးစီးလို့ကောင်းမယ့် အဝတ်ဝတ်ပြီးပြီပေါ့” ဆိုကြမယ်။ မဟုတ်သေးပါဘူး။ ဒီလိုပါ။ အဲ... ဟိုလိုဗျာ။ 

 

Urban/Street Bike

 

Fixed Gear Bike ဆိုတာ တကယ်တော့ လမ်းကောင်းမယ့် မြို့တွင်းလို နေရာမျိုးတွေမှာ စီးရတဲ့ Complete Urban Bike ပါပဲ။ ကျနော်တို့ Fixed Gear ပစ္စည်းတွေ၊ ဖရိန်ဆက်တွေရဲ့ ပါကင်ဘူးတွေမှာ ရေးထားတာကို ကြည့်ရင် “For Urban Commuting” ဆိုတာ တွေ့နိုင်ပါတယ်။ urban သို့မဟုတ် street အနေနဲ့ စီးကြရတဲ့ ဘီးပေါ့။ 

 

ဆိုတော့ Fixed Gear ဟာ Street ဆန်တယ်၊ လွတ်လပ်တယ်၊ စည်းတွေဘောင်တွေ ကန့်သတ်မထားဘူး၊ No Brakes, No Gear, No Problem ပဲ။ Fixed Gear မှာ အဆောင်အယောင်တွေ မရှိဘူး၊ အပိုတွေမလိုဘူး၊ ကြွားဝါမှုတွေ မလိုဘူး။ 

 

Fixed Gear သမားမဟုတ်တဲ့ တခြား Biker အများစု (ဥပမာ - Road, MTB biker) တွေဟာ ပုံမှန်အားဖြင့် ဖက်ရှင်မိတဲ့ အပေါ်အောက် ဝမ်းဆက် ဝတ်စုံပြည့်၊ ရေဘူး၊ ဦးထုပ်၊ ဖိနပ်၊ မျက်မှန်တွေနဲ့ စီးနေချိန်မှာ Fixed Gear Biker တွေက ဂျင်းဘောင်းဘီရှည်ကို ဖြတ်၊ တီရှပ် တထည်၊ Snapback နဲ့ လျှောက်ဒိုးနေကြတာမျိုး။ 

 

စက်ဘီးယဉ်ကျေးမှုဆိုတာကလည်း မြန်မာနိုင်ငံမှာ အစပျိုးရုံပဲ ရှိသေးတယ်လို့ ဆိုရမှာပါ။ Bike Lane မရှိတဲ့နိုင်ငံမှာ စက်ဘီးယဉ်ကျေးမှုလို့ပြောရင် ဟာသကြီးတစ်ခုလိုပါပဲ။ အဲ့ဒီနေရာမှာ စက်ဘီးဆိုရင် Frame, Fork, Helmet အရောင်တူ၊ မျက်မှန်နဲ့ ဝတ်စုံပြည့်စီးကြတော့မှ လမ်းပေါ်က ကားသမားတွေနဲ့ လူအများရဲ့ အမြင်မှာ “သူကတော့ Biker ပဲ” ဆိုပြီး သတ်မှတ်ကြတယ်။ ယေဘုယျပေါ့လေ။

 

တကယ်တော့ Fixed Gear ဆိုတာက အနောက်နိုင်ငံတွေမှာ Messenger တွေအများစုသုံးကြတဲ့ ဘီးတမျိုး။ (တခုရှိသေးတာက Messenger ဆိုတာ Delivery Man မဟုတ်ပါဘူး - စကားချပ်) အနောက်လို့ ဆိုရာမှာ ဥရောပနဲ့ အမေရိက ယှဉ်ရင် အမေရိကမှာ Fixed Gear Biker ပိုများပါတယ်။ 

 

နယူးယောက် တဖက်ကမ်း ဘရွတ်ကလင်းက လူမည်းရပ်ကွက်တွေ၊ တနည်းဆိုရရင် ဘရွတ်ကလင်းဆိုတာ ရန်ကုန်မှာဆို ကြည့်မြင်တိုင်လိုနေရာမျိုး။ ကမ်းနားနဲ့နီးတယ်၊ ဂေါ်ဘဲတွေရှိတယ်၊ ဇိုးတွေလည်း ရှိတယ်ပေါ့။ ဘရွတ်ကလင်းက Fixie Biker တွေဟာ Fixed Gear စီးကြတဲ့သူတွေကြားထဲမှာဆို အကောင်ပဲ။ 

 

ဆိုတော့ Fixed Gear Bike ဆိုတာ လက်မှာ တက်တူးအပြည့်နဲ့၊ ဂေါ်ကြတဲ့ဘီးမျိုး။ အများစုဟာ လမ်းတွေပေါ်မှာ ဖြစ်သလို စီးကြတယ်။ Times Square မှာ လမ်းပြောင်းပြန်စီးတဲ့ Fixed Gear Biker လူမည်းကိုလည်း တွေ့ရတယ်၊ Fixed စီးပြီး Weed လိုက်ရောင်းနေတဲ့ လူမည်းကိုလည်း မြင်ခဲ့ရတယ်။ 

 

ဒါပေမယ့် အရေးအကြီးဆုံးအချက်က ကားသမားတွေ​ေရာ၊ လမ်းလျှောက်သူတွေကပါ စက်ဘီးစီးခြင်းကို အားပေးတာပါပဲ။ Fixed Gear, Road, BMX ဘာပဲ စီးစီး၊ စက်ဘီးစီးခြင်းကို အားပေးပြီး ကားတွေဆိုလည်း ရပ်ပေးဖို့ ဝန်မလေးသလို လူတွေကလည်း ဦးစားပေးကြတာ တွေ့ရတယ်။ (မြို့ထဲမှာ MTB စီးနေတာမျိုးတော့ မတွေ့ခဲ့ရဘူး။ Single Speed နဲ့ Fixed Gear ကိုတော့ မြို့ထဲမှာ အတွေ့ရဆုံးပါပဲ)။

 

ကျနော်တို့ဆီမှာတော့ ဘရွတ်ကလင်းမှာလို Snapback နဲ့ တီရှပ်နွမ်းနွမ်းနဲ့ လမ်းပေါ် Skid ဆွဲ (Cog နဲ့ ဘရိတ်ဖမ်း) နေတဲ့ Fixed Gear Biker တွေကိုမြင်ရင် ကားသမားတွေနဲ့ လူအများက တဆင့်နှိမ့်ပြီး မြင်ကြတယ်။ ဟိုးတုန်းက စကားနဲ့ဆိုရရင် လမ်းသူရဲပေါ့၊ ကလေကချေကောင်တွေပေါ့။ ဘယ်သူမှ Street Style တို့၊ Urban Style တို့ကို ခွဲခြားပြီး မသိကြပါဘူး။

 

တဖက်မှာကျပြန်တော့လည်း Fixed Gear Biker တွေ ဂုဏ်ဆာလေ့ရှိတဲ့ “စီးကြည့်ပါဦးကွာ၊ စက်ဘီးစီးတတ်တိုင်း Fixed မစီးတတ်ပါဘူး” လို့ ဆိုတာတွေကို သာမန်လူတွေက မသိကြပါဘူး။ လမ်းပေါ်မှာ မြင်ကြရင် Road, MTB, DJ, BMX, Fixie ကုန်ကုန်ပြောရရင် Battery bike တွေကိုတောင် ခွဲခြားမသိကြဘဲ ဘီးနှစ်ဘီးနဲ့ လိမ့်နေရင် အားလုံး စက်ဘီးပဲ ဆိုပြီး မြင်ကြ၊ ထင်ကြတာပါပဲ။ 

 

မီးပွိုင့်မိနေချိန် Track Stand (ဘီးပေါ် Balance ချိန်တာ) မျိုးကို ကားသမားတွေဟာ မျက်မုန်းကျိုးကြတယ်။ “ဘာကောင်တွေလဲကွာ၊ ရှုပ်တယ်” စသဖြင့်။ အဲ Road တို့၊ MTB သမားတွေနဲ့ တွေ့ပြန်တော့လည်း Skid ဆွဲ (Cog နဲ့ ဘရိတ်ဖမ်း) တာကို မျက်ပြင်းကပ်ကြ၊ Skill ပြတယ် ထင်နေကြပြန်ရော။ 

 

အားလုံးကို အပြစ်ဆိုလို့လည်း မရနိုင်ပါဘူး။ စက်ဘီးယဉ်ကျေးမှုဆိုတာတောင် အစပျိုးနေရသေးတဲ့အချိန်မှာ ဘီးသမားမဟုတ်တဲ့ သာမန်လူတွေအနေနဲ့ Fixed Gear, MTB, Road, BMX, Touring ခွဲခြား မသိကြတာ အဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒီလိုပဲ ဘီးတော့ စီးကြတာပဲ Fixed Gear ဆိုတာ ဘယ်လို ဘရိတ်ဖမ်းသလဲ ဆိုတာ မသိကြတဲ့ တခြားဘီးသမားတွေရှိကြတော့ ခက်ပြန်ရော။ 

 

ဒါပေမယ့် Fixed Gear စီးသူတွေဟာ ဖြည်းဖြည်းချင်းများလာတာကို ဝမ်းသာစရာတွေ့ရတယ်။ အရင်က လမ်းပေါ်မှာ Fixed Gear တစ်စီးတွေ့ရဖို့ဆိုတာ မလွယ်ပါဘူး။ Group Ride တွေစီးမှာသာ လူသစ်တွေနဲ့ တွေ့ရဆုံရ ရင်းနှီးရဖို့ အခွင့်အလမ်း ရှိတာပါ။ ခုတော့ မီးပွိုင့်တစ်ခုမဟုတ် တစ်ခု၊ လမ်းချိုးတစ်ကွေ့ကွေ့မှာ Fixie တစ်စီးလောက်ကိုတော့ တွေ့ရပါပြီ။

 

Bicycle Magazine

 

တစ်ဦးချင်း ပရိုမိုးရှင်း ဆင်းဖို့

 

ပညာရေးနိမ့်ကျခဲ့ရတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းမှာ အရာရာဟာ စကားပြောချင်း၊ အပြန်အလှန် ဆွေးနွေးခြင်းနဲ့သာ ယဥ်ကျေးမှုတစ်ခု သက်ဝင်ခြင်းကို ဖြစ်စေမှာပါ။ စက်ဘီးယဉ်ကျေးမှု ထွန်းကားလာဖို့၊ စက်ဘီးသမားတွေရဲ့ လမ်းပေါ်က အခက်အခဲတွေကို ဘီးသမားမဟုတ်သူတွေ နားလည်လာစေဖို့ ကျနော်တို့ ဘီးစီးသူတွေကိုယ်တိုင် တွေ့ရာနေရာမှာ ရှင်းပြ၊ ပြောပြပေးကြဖို့ပါပဲ။ 

 

ဘီးအကြောင်းတွေကို ရှင်းပြပေးဖို့၊ ဘီးသမားအချင်းချင်း အမြင်ကြည်လင်စေဖို့နဲ့ ဘီးအမျိုးအစားမခွဲခြားဘဲ အပြန်အလှန် ရိုင်းပင်းကူညီကြဖို့ လိုတယ်လို့ မြင်မိပါတယ်။ ဒီကနေတဆင့် စည်းကမ်းရှိတဲ့ ဘီးသမားတွေကို လေးစား၊ ဦးစားပေးတဲ့ လမ်းမကြီးတွေဆီ သွားကြရအောင်ပါ..... 

 

စာရေးသူသည် Fixed Gear ကို စွဲစွဲမြဲမြဲစီးသည့် Biker တစ်ဦးဖြစ်သည်။ သူ၏ ကြက်သွေးရောင် 8bar bike နှင့်အတူ အမြဲတွေ့ရလေ့ရှိပြီး ရုံးတက်၊ ရုံးဆင်း ကီလိုမီတာ ၃၀ ခန့်ကို နေ့စဉ်အသွားအပြန်စီးလေ့ရှိသည်။ YGN FXD ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

 

[ယခုဆောင်းပါးသည် BICYCLE Magazine, Volume 01, Issue No (3) မှာ ဖော်ပြပြီးဖြစ်ပါသည်]

You can treat me a cup of coffee.

wave

Press ESC to close