ယန်းပေါဆတ် အင်တာဗျူးနဲ့ မြန်မာပြည်က သတင်းသမား

အရင့်အရင် ဘာသာပြန်သူတွေကတော့ Jean Paul Sartre ကို ယန်းပေါဆတ်လို့ ပြန်တယ်။ ဆရာမြင့်သန်းကတော့ ယန်ပေါဆာရ်ထာ ဆိုပြီး ပြန်တယ်။ ကျနော် ပြင်သစ်တွေကို အဲ့ဒီနာမည် မေးကြည့်တော့ ဒုတိယတခုက ပိုနီးစပ်တာ တွေ့တယ်။ ဒီမှာက ယန်းပေါဆတ်ဆိုတာ ပိုနီးစပ်ကြတော့ ဒါပဲ ခေါ်ကြတယ်။ ဒါက နာမည်နဲ့ပတ်သက်ပြီး မြင်တာလေး ပြောတာပါ။

မောင်သာမည (ဆရာခင်မောင်စိုး) ဘာသာပြန်တဲ့ 'ယန်းပေါဆတ်၏ ဖြစ်တည်မှုဝါဒ' စာအုပ်က ပထမအကြိမ်ထုတ်တုန်းက စာအုပ်အဖြူမှာ ယန်းပေါဆတ် ဆေးတံသောက်နေတဲ့ပုံနဲ့ စာအုပ်ရှည်၊ ဒုတိယအကြိမ်မှာတော့ ပုံစံပြောင်းထားတာတွေ့တယ်။ ပြီးတော့ ပထမအကြိမ်တုန်းက အင်တာဗျူးက ရှေ့ကလာပြီး ဟောပြောချက်က ဒုတိယ။ ဒုတိယအကြိမ်မှာတော့ ပြောင်းပြန်။ ဒါက ပိုဖတ်ကောင်းတယ်။

ပြောလိုတာက အင်တာဗျူးအကြောင်းပါ။ ယန်းပေါဆတ်နာမည်ကြီးလာတော့ သူတို့ဆီက သတင်းစာဆရာတွေက သူနဲ့ အင်တာဗျူးရဖို့ အသည်းအသန်လိုက်ကြတယ်။ နောက်ဆုံး သူ့ရဲ့ အတူနေချစ်သူ (ဆရာမောင်သာမည မူအရ - ချစ်မိတ်ဆွေ) ဆီမွန်ဒီဗူးဗွား Simone de Beauvioir ရဲ့ အကူအညီနဲ့ Playboy မဂ္ဂဇင်းက အင်တာဗျူးခွင့်ရတယ်။ 

အင်တာဗျူးအစပိုင်းမှာ (သူ့လေသံအရ) ယန်းပေါဆတ်က မေးတဲ့ သတင်းထောက်ကို ခပ်ချဉ်ချဉ်ပဲလို့ မြင်ပုံရတယ်။ နောက်တော့ အင်တာဗျူးတဲ့သတင်းထောက်က အိမ်စာကြေညက်ပြီး မေးခွန်းတွေက အပြင်းစားတွေ ဖြစ်လာတော့ အတွေးခေါ်ပညာရှင် ယန်းပေါဆတ်တောင် မေးခွန်းတွေကို ဂရုတစိုက်ဖြေလာတာ တွေ့ရတယ်။

ယန်းပေါဆတ်ရေးထားတဲ့ စာအုပ်တွေအားလုံးနီးပါးကိုလည်း သတင်းထောက်က သေချာကြေညက်အောင် ဖတ်ထားပုံရပါတယ်။ မေးခွန်းတွေက ကောင်းလွန်းတော့ ယန်းပေါဆတ်တောင် တချို့အချက်တွေမှာ “တစုံတခု” တို့၊ “တနည်းနည်းနဲ့” တို့ စသဖြင့် မရေရာတဲ့စကားလုံးတွေတောင် ပါလာတာတွေ့ရတယ်။

ယန်းပေါဆတ်ကိုယ်တိုင်ဝန်ခံထားတဲ့ “တချို့ကိစ္စတွေကို ဒီထက်ပို ဆက်မတွေးတော့ဘူး” ဆိုတဲ့ကိစ္စတွေကို သတင်းထောက်က သေချာ ဖော်ထုတ်ထားတာတွေလည်း မြင်ရတယ်။

သတင်းသမားတွေနဲ့ပတ်သက်ပြီး ပေါ်လာတဲ့အတွေးတခုက အတွေးအခေါ်ပညာရှင်တယောက်ကို ကျနော်တို့ဆီက သတင်းသမားတွေ အင်တာဗျူးနိုင်မလားဆိုတာပဲ။ အပျော်ဖတ်စာရေးဆရာတယောက်ကိုတောင် ကျနော်တို့သတင်းသမားတွေ ကောင်းကောင်းကြီး မဗျူးနိုင်တာတွေ့ရတယ်။ အတွေးအခေါ်နဲ့ယှဉ်တဲ့ ကိစ္စမျိုးတွေဆိုပိုပြီး ဆိုးဆိုးရွားရွား ဖြစ်လာနိုင်စရာရှိတယ်။

လက်တွေ့မှာ ပန်းချီအကြောင်း၊ ဂီတအကြောင်း စသဖြင့် အနုပညာနဲ့ပတ်သက်တာတွေ၊ နောက် ကဗျာဆိုင်ရာတွေ၊ စာပေဆိုင်ရာတွေကို သေချာ မေးမြန်းနိုင်တဲ့ သတင်းသမားတွေ ကျနော်တို့ဆီမှာ မရှိဘူး။

ရသစာပေနဲ့ပတ်သက်တာတွေကိုလည်း သေချာမေးမြန်းနိုင်တဲ့ သတင်းသမားဆိုတာ ရှားမှရှားပဲ။ ရသစာပေနဲ့ စာပေဆိုင်ရာတွေဟာ နေ့စဉ်သတင်းတွေအောက်မှာ ပျောက်နေပြီး သတင်းစားသုံးသူတွေဟာလည်း ရသစာပေကို ဘေးပစ်ထားကြတော့တယ်။

ရေးတဲ့သူတွေရှားပါးလာတာလည်း ပြဿနာတခုဖြစ်ပေမယ့် သတင်းသမားတွေကိုယ်တိုင်ကလည်း ထုတ်ဖော်ကြဖို့ အချိန်တွေမရကြသလို၊ ဂရု မစိုက်နိုင်ကြဘူး။ ဒါရဲ့ နောက်ဆက်တွဲက သတင်းစားသုံးမှုနဲ့အတူ လူတွေရဲ့ အပြုအမူနဲ့ ကျင့်ဝတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းတွေ လျော့ကျလာပြီး လူ့အသိုင်းအဝိုင်းထဲမှာ တဖြည်းဖြည်း လူမှုပြသနာတွေ ပိုပိုများများ လာတော့တယ်။

You can treat me a cup of coffee.

wave

Press ESC to close