မြို့ထဲကို ကားတစီးဝင်လာမှ ဟိုဘက်မြို့မှာ ဘာဖြစ်နေပြီလဲ၊ ဘာကြားခဲ့သေးလဲ၊ လူတွေရော သေနေပြီလား၊ ဆေးရုံမှာ လူတွေ ပြည့်နေပြီလား စသဖြင့် မိုင် ၂၀/၃၀ ခရီးလောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မမြင်နိုင် မကြားနိုင် ဖြစ်နေရတဲ့ဘဝကို မြင်ယောင်ကြည့်နိုင်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ စစ်တွေမြို့ဟာ အဓိကမြို့ဖြစ်ပြီး နယ်သူ နယ်သားတွေ ရန်ကုန်၊ မန်းလေး တက်ကြသလိုပဲ ရခိုင်က ကျွန်းသူ ကျွန်းသား၊ ချောင်းသားတွေဟာ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက် စစ်တွေကို လာကြရပါတယ်။
ခု စစ်တွေမှာ ဘာဖြစ်နေသလဲဆိုတာ စစ်တွေနဲ့အနီးဆုံးဖြစ်တဲ့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းလောက်မှာနေတဲ့လူတွေဟာ စမ်းတဝါးဝါးပါပဲ။ ကျန်တဲ့နေရာကလူတွေအဖို့တော့ ဆိုဖွယ် မရှိတော့ပါဘူး။
ဆိုးရွားလွန်းတဲ့ ကုန်းလမ်း ဆက်သွယ်ရေးဟာ စစ်ပွဲတွေကြောင့် မလုံမခြုံဖြစ်နေတာ ကြာပါပြီ။ ရခိုင်ရဲ့ဆက်သွယ်ရေးဟာ အရင်လို စက်လှေနဲ့သွားရတဲ့ ရေလမ်းကိုပဲ အားကိုးနေရဆဲပါပဲ။ ပြောရရင် ရခိုင်ဟာ လမ်းပန်းဆက်သွယ်ရေးမကောင်းခင်၊ အင်တာနက်တွေ မရခင် ၂၀၀၀ ခုနှစ်လောက်က အခြေအနေမျိုးပါပဲ။
ခုလက်ရှိ ပိုးတွေ့လူနာဟာ ပုဏ္ဏားကျွန်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ လူတွေအမြင်မှာ ပုဏ္ဏားကျွန်းဆိုတာ ဒီနိုင်ငံက တခြားမြို့တမြို့လိုပဲ ပြေးမြင်မှာပါ။ တကယ်တော့ မြို့ဧရိယာက ကျဉ်းကျဉ်းလေး။ ဒါပေမယ့် ရေလမ်းခရီးနဲ့ပဲ သွားလို့ရတဲ့ ကျေးရွာငယ်ပေါင်း မြောက်များစွာရှိပါတယ်။ ပိုးတွေ့လူနာဟာ ဒီလို မြို့နဲ့ဝေးတဲ့နေရာက သူ့ အမျိုးတွေနဲ့ သွားတွေ့ခဲ့ပါသေးတယ်။
နဂိုကမှ တနေရာနဲ့ တနေရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းလို့ သတင်းအချက်အလက်အတွက် အင်တာနက်/ဖေ့စ်ဘွတ်ကိုသာ အားပြုနေရတဲ့ ရွာသိမ်ရွာငယ်ပေါင်း ရာထောင်ချီဟာ ခုချိန်မှာ ဘယ်လောက်ခက်ခဲနေမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။
ခု ရခိုင်မှာ 2G ရနေပါပြီဆိုပြီး ပြောကြပါတယ်။ ကျနော်တို့ ရန်ကုန်မှာ သုံးနေတဲ့ 4G/4G+/LTE+ တွေတောင် တခါတလေ Scroll လုပ်လို့ တက်မလာရင် ဘယ်လောက်များ စိတ်အနှောက်အယှက် ဖြစ်ကြသလဲဆိုတာ ခံစားကြည့်လို့ရပါတယ်။ ရခိုင်မှာ ဖုန်းလိုင်းမိတာက မြို့နယ်နေရာရွေးပါသေးတယ်။ Ooredoo ရတဲ့နေရာ Telenor မရပါဘူး၊ MPT မိရင် ကျန်တာတွေအလုပ်မဖြစ် ဆိုတာမျိုးပါ။
ကျနော်တို့ ခင်ဗျားတို့က “သတိရှိကြပါ၊ Mask တပ်ကြပါ၊ လက်ဆေးကြပါ၊ မပေါ့ကြပါနဲ့” ဆိုပြီး ရေးနေတာတွေကို သူတို့ မမြင်ကြပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကျနော်တို့က ဖုန်းတချက် ကောက်နှိပ်လိုက်တာနဲ့ သိနိုင်ပေမယ့် ရခိုင်မှာရှိတဲ့ ရွာသိမ်ရွာငယ်ပေါင်းများစွာက လူတွေဟာ ဘယ်သူ့ကို ဖုန်းဆက်ပြီး မေးရမလဲ၊ ဘယ်မှာ ဘာတွေဖြစ်နေသလဲဆိုတာတောင် မသိနိုင်ကြပါဘူး။
နောက်ထပ် စောဒကတက်နိုင်တာက “အင်တာနက်မရရင် ဖုန်းဆက်ပေါ့ကွာ” လို့ပြောနိုင်တယ်။ စစ်ပွဲတွေ နှစ်ချီကြာလာပြီဖြစ်တဲ့ ရခိုင်မှာ (ဆေးပြားရောင်းတဲ့ လူတန်းစားနဲ့ ခေတ်ပျက်သူဌေးတွေက လွဲပြီး) အောက်ခြေလူတန်းစားတွေ စီးပွါးပျက်နေခဲ့တာ ကြာပါပြီ။ ဆိုတော့ ဖုန်းဘေ တထောင်ဖိုးဖြည့်ဖို့ဆိုတာတောင် တော်တော်ခက်ခဲနေကြရတာပါ။
ရခိုင်ပြည်နယ်ဟာ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့လို့ နယ်စပ်ဖြစ်ပေမယ့် မတူတဲ့တချက်က တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို အလုပ်သွားလုပ်သူ မရှိတာပါပဲ။ ဆိုလိုတာက ကျန်တဲ့ပြည်နယ်တွေက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုယ့်နိုင်ငံဆီ ပြန်ဝင်လာရင် တရုတ်ဖုန်း၊ ထိုင်းဖုန်း စတဲ့ အင်မတန်မြန်ဆန်တဲ့ အင်တာနက်တွေကနေ သတင်းအချက်အလက်တွေ ရရှိနေပေမယ့် ရခိုင်ကို နယ်စပ်က ပြန်ဝင်လာခဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူး။
တော်တော်များများက ကျန်းမာရေးနဲ့ နယ်စပ်ခြံစည်းရိုးအရေးကို မရောထွေးစေဘဲ အသံလည်း မကျယ်ကြခဲ့ပါဘူး။ တကယ်တော့ ဘင်္ဂလားဒေ့ရှ်၊ နယ်စပ်ခြံစည်းရိုးကနေ (တရားမဝင်တဲ့လမ်းကြောင်းက) ဝင်လာသူတွေကို အသွားအလာကန့်သတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
ခုထိလည်း ဘယ်နေရာကမှန်းမသိဘဲ ဝင်လာနေကြတုန်းပါပဲ။ တချို့ကိစ္စတွေ ရောထွေးသွားမှာ စိုးတဲ့အတွက် အစိုးရအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်နေရပုံပေါ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်က ကိုဗစ်ထိန်းချုပ်ရေးမှာ နယ်စပ်ခြံစည်းရိုးဟာလည်း အဓိကကျတယ်ဆိုတာပါပဲ။
နောက်ဆုံး တချက်ကတော့ စစ်တွေက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေရဲ့ ဆက်ဆံရေး ‘ပွိုင့်နေရာ’ တွေကိုဂရုစိုက်ဖို့ပါ။ သဲချောင်း၊ သက္ကယ်ပြင်၊ ဘုမေလိုနေရာမျိုးတွေဟာ စစ်တွေမြို့ထဲနဲ့ လူဦးရေ ထူထပ်သိပ်သည်းတဲ့ ဒုက္ခသည် စခန်းတွေကို အဓိက ဆက်သွယ်ရာ၊ ကုန်စည်ဖလှယ်ရာ နေရာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ မြို့ပေါ်က ပိုးရှိနေသူတဦးဦးဆီကတဆင့် ဒုက္ခသည်စခန်းနေလူတွေဆီကို တဆင့်ပျံ့သွားနိုင်တယ်ဆိုတာကိုလည်း အထူးဂရုစိုက် စဉ်းစားရမှာ ဖြစ်ပါတယ်။
အားလုံး ခြုံပြောရရင် ရခိုင်ပြည်နယ်ဟာ အရမ်းပျံ့နှံ့သွားရင် နိုင်ငံတွင်းက တခြားပြည်နယ်တွေထက် ပိုပြီးထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာကွယ်ရေးမှာ အဓိကကျတာက “မိမိက စ ကာကွယ်ရေး” အတွက် ကျန်းမာရေးအသိပညာပါ။
ကျနော်တို့ဟာ ကိုဗစ်ရဲ့ရောဂါလက္ခဏာကို အလွယ်တကူ သိနိုင်ပေမယ့် ရွာသိမ်ရွာငယ်က သိန်းချီတဲ့တိုင်းရင်းသားတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဆိုတာ ဘာမှန်းတောင် သိကြမှာ မဟုတ်ပါဘူး။ ရခိုင် တိုင်းရင်းသားတွေကို အထူး ဂရုစိုက်ကြဖို့၊ သတိထားကြဖို့ အစိုးရက ပြောနေပါတယ်။ ဒါပေမယ့် ရခိုင်တိုင်းရင်းသားတွေကတော့ မကြားနိုင်ကြပါဘူး။
အစိုးရပြောနေတာတွေ ကြားနိုင်ဖို့၊ လူ့အသက်တွေ မဆုံးရှုံးစေဖို့ ရခိုင်မှာ 3G/4G အင်တာနက် ပြန်ဖွင့်ပေးဖို့ လိုပါတယ်။