စာဖတ်သူက ဆုံးဖြတ်ပါလိမ့်မယ်

ကျနော့် ဘော်ဒါတယောက် ပြောသလို "ခင်ဗျားတို့ သတင်းသမားတွေ အရင်တည့်အောင်လုပ်ပြီးမှ တခြားလူတွေမတည့်တာကို ဝေဖန်စမ်းပါ" တဲ့။ အတော် အောင့်သက်သက်နိုင်တာမျိုး။ "ဟ...ကိုယ့်ချင်းချင်း မတော်မတည့်တာတော့ ပြောရမှာပဲ" ပေါ့၊ သိပ်တော့ လက်ခံချင်စရာ မကောင်းဘူ းဆိုရမယ်။ ဒါဆို မီဒီယာတခု မကောင်းဘူးဆို ဘယ်သူတွေက ဝေဖန်ကြမလဲ... ဘယ်သူက ဆုံးဖြတ်မလဲ...

 

ကျနော်တို့ သတင်းသမားတွေ ဒီနေ့အချိန်မှာ ပုဂ္ဂိုလ်ရေး သိပ်ဆန်ကြတယ်လို့ ဆိုချင်တယ်။ လွှတ်တော်အမတ် မကောင်းရင် သူ့နာမည်ကြီးတပ်ပြီး ရိကြ ကလိကြ၊ ထေ့ကြ။ ကိုယ့်စာမျက်နှာ၊ သတင်းစာ၊ ချန်နယ်၊ ရေးခွင့်ရှိနေတဲ့နေရာကြီးကို အတော်အားနာစရာကောင်းတယ်။ ကျနော်တို့မှာ ရေးစရာ ပလက်ဖောင်းတွေ ရှိနေတာပဲ။

 

ဒေါ်နယ်ထရန့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ အိမ်ဖြူတော်ရဲ့ နာမည်ကြီး ဆာရာ ဆန်းဒါးစ် ဆိုတဲ့အမျိုးသမီးဟာ မက္ကဆီကန် စားသောက်ဆိုင်ကနေ မောင်းထုတ်တာ ခံခဲ့ရတယ်။ အဲ့ဆိုင်က အန်တီ-ထရန့် ပေါ့။ မက္ကဆီကိုက ရွှေ့ပြောင်းလာတဲ့ ကလေးတွေနဲ့ မိဘတွေကို ခွဲထားတဲ့ကိစ္စ ရေချိန်မြင့်နေချိန်ပေါ့။

 

သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကို စားသောက်ဆိုင်ကနေ မောင်းထုတ်တာပါ။ ဘယ်လောက်တောင် ရေချိန်မြင့်မလဲဆိုတာ စဉ်းစားကြည့်လို့ရတယ်။ (ကျနော်တို့ဆီမှာသာဆို ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်မိသေးတယ်) ဒီနေရာမှာ အိမ်ဖြူတော်ထဲက သတင်းထောက်တွေဟာ ဆာရာ ဆန်းဒါးစ်ကို ပုဂ္ဂိုလ်ရေးအရ မကြိုက်ပေမယ့် ပရော်ဖက်ရှင်နယ်လဇင်အရ သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ ဆာရာ ဆန်းဒါးစ်ရဲ့ ကြမ်းတမ်းမှု၊ ပေလျာလကန်ပြုမှုတွေကို ပေါ်လွင်အောင် ရေးတယ်။ ဆိုတော့ စာဖတ်သူက ဆုံးဖြတ်ပေါ့။

 

ဖောက်စ် နယူးဟာ ပရို-ထရန့်ဖြစ်ပြီး ထရန့်လုပ်သမျှအကောင်း၊ ကျနော်တို့ မြန်မာပြည်က (တချို့မီဒီယာတွေ) ဘက်လိုက်တယ်ဆိုတာ သူတို့က 'သြော်..ဟုတ်လား' ပဲ ရှိမယ်။ ဘာလို့ဆို ဖောက်စ်နယူး သတင်းကြေညာသူတွေဟာ သတင်းပြီးခါနီးမှာ ထရန့်ရဲ့ လက်သုံးမဲဆွယ်စကား "မိတ်ခ် အမေရိက ဂရိတ် အဂိန်း" ဆိုတာကိုတောင် ထည့်ပြောတာမျိုးကိုး။ တော်ရုံ အရှက်မျိုးနဲ့တော့ မရဘူးပေါ့။

 

နယူးယောက်ခ်တိုင်းမ်၊ ဝါရှင်တန်ပို့စ်၊ စီအန်အန်တို့ကတော့ အန်တီ-ထရန့် ဂိုဏ်းသားတွေပေါ့။ ဒါပေမယ့် သူတို့သတင်းထောက်တွေက ပုဂ္ဂိုလ်ရေးအရ၊ ခံစားမှုတွေအရထက် စာမျက်နှာပေါ်က အဆင့်တန်းရှိရှိ ချေပဖို့ကြိုးစားကြတယ်။ ဥပမာ - မိတ်ခ် အမေရ်က ဂရိတ် အဂိန်း ကို ဖောက်စ်နယူးရဲ့ သတင်းထောက် ဘယ်နှယောက်က ဘယ်နှကြိမ်ပြောသလဲ ဆိုတာမျိုး၊ ကိစ္စတခုကို ဘုရှ်တုန်းက ဘယ်လိုပြောပြီး အိုဘာမားမှာ ဘယ်လိုဆိုကာ ထရန့်ကျတော့ ဘယ်လိုညွှန်းတယ် ဆိုတာမျိုး။

 

ဒီနေရာမှာ ဘယ်မီဒီယာကဖြင့် ပိုကောင်းတယ် ပိုမကောင်းဘူး၊ ဘက်လိုက်တယ် မလိုက်ဘူး ဆိုတာတွေ၊ အနောက်မီဒီယာတွေက အရှေ့က မီဒီယာတွေထက် လူ့အခွင့်အရေး ဦးစားပေးတယ် "ဆိုတာ ဆိုတာ"တွေထက် စာဖတ်သူကို ဦးတည်စဉ်းစားကြည့်တာပါ။ ဒီလိုရေးခြင်းအားဖြင့် အသရေဖျက်ရာလည်း မရောက်သလို ပရော်ဖက်ရှင်နယ်အရလည်း အဆင့်အတန်းရှိတယ်လို့ မြင်မိတယ်။ စာဖတ်သူအနေနဲ့လည်း ဆုံးဖြတ်ရပိုလွယ်ကူမယ်။

 

မီဒီယာတခု ကောင်းတယ် မကောင်းဘူး၊ ဘက်လိုက်တယ် မလိုက်ဘူးဆိုတာကို စာဖတ်သူတွေသာ ဆုံးဖြတ်တာပါ။ ကိုယ်ဘာသာလိုက်ပြီး "ငါတို့မီဒီယာ ဘက်မလိုက်ဘူးကွ" လို့ ပြောနေလို့ မရပါဘူး။ အစိုးရကလည်း ဆုံးဖြတ်တာမဟုတ်သလို မီဒီယာအချင်းချင်းလည်း "တံဆိပ်ကပ်" ပေးလို့ မရပါဘူး။


အဲ... တခုတော့ ရှိသပေါ့လေ။


တနှစ်မှာ နှစ်ကြိမ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးလို့ ပြောလို့ရတဲ့ စကားစစ်ထိုးပွဲတခု ရှိတယ်။ Munk Debate လို့ ခေါ်ပါတယ်။ ကနေဒါ တိုရွန်တိုမှာ ကျင်းပလေ့ရှိတယ်။ ကမ္ဘာ့ နိုင်ငံရေးအရွေ့တွေနဲ့ စီးပွားရေးမူဝါဒတွေမှာ ရှေ့ပြေးနေတဲ့ အင်တယ်လချူရယ်တွေ သူတင်ကိုယ်တင် စကားစစ်ထိုးကြတာ။ ဒီတခေါက် ဒီဘိတ်ခေါင်းစဉ်က "အနာဂတ် အနောက်နိုင်ငံရေးဟာ လစ်ဘရယ်မဟုတ်ဘူး၊ လူပြိန်းကြိုက်ဖြစ်တော့မလား" တဲ့။

 

လူပြိန်းတွေ သိပ်ပေါလာတဲ့ခေတ်မှာ စာဖတ်သူအများစုက ဆုံးဖြတ်တာဟာ ကျနော်တို့သိထားတဲ့ (သိမှုအတိုင်းအတာတော့ ရှိမှာပေါ့) သတင်းစာစံနှုန်းတွေနဲ့ ယှဉ်ရင် ယုတ်လျော့ကောင်း ယုတ်လျော့နေနိုင်ပေမယ့် ခေတ်ကိုက ဒီလိုဖြစ်နေတော့ ဒါကို လက်ခံပေးရမှာပါပဲ။ လူပြိန်းကြိုက်တဲ့အထဲ ကိုယ်ပါမသွားဖို့တော့ ကျနော်တို့ ဘာသာကြိုးစားကြရမှာပေါ့။

You can treat me a cup of coffee.

wave

Press ESC to close