ရှက်သင့်တဲ့ စစ်ကောင်စီ ထောက်လှမ်းရေး

အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖင်းစတားကို ဖမ်းဆီးထားတာ ဒီနေ့နဲ့ဆို ရက်ပေါင်း ၁၆၇ ရက် ရှိသွားပြီဖြစ်ပါတယ်။ ဒန်နီ ဟာ အမေရိကန်နိုင်ငံသား ဖြစ်တဲ့အတွက် ဖမ်းဆီးခံရပြီး သိပ်မကြာခင် ပြန်လွတ်နိုင်တယ်ဆိုပြီး အများက မျှော်လင့်ခဲ့ကြပါတယ်။ ကမာရွတ်မီဒီယာက အမေရိကန် နိုင်ငံသားဖြစ်တဲ့ ကိုနေသန်မောင်လည်း ပြန်လွတ်ခဲ့တော့ ဒန်နီလည်း ပြန်လွတ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ကြတယ်။

ဒန်နီနဲ့ ကျနော်က Myanmar NOW ကို ရှေ့ဆင့်နောက်ဆင့် ရောက်ပြီး သိခဲ့ကြတယ်။ ကျနော်ရောက်ပြီး သိပ်မကြာဘူး၊ ဒန်နီ ရောက်လာတယ်။ ရုံး အပေါ်ထပ်က ခုံအလွတ်မှာ ခပ်ရို့ရို့ဝင်ထိုင်နေတုန်း မျက်နှာဖြူ အသစ်တစ်ယောက်မြင်တော့ နှုတ်ဆက်ရင်း စကားပြောဖြစ်တယ်။ သူက မစ်ချီဂန်က ဆိုတဲ့အကြောင်း စ သိရတယ်။ လူက အေးတယ်။ တနေကုန်နေလို့ စကားဆယ်ခွန်းပြည့်အောင် မပြောဘူး။

မြန်မာ့သတင်းမီဒီယာလောကထဲမှာ နိုင်ငံခြားသား တော်တော်များများရှိတယ်။ အနည်းဆုံး တစ်နှစ်လောက် လုပ်ပြီးသွားရင် အများစုက မြန်မာ့အရေး ကျွမ်းကျင်နှံ့စပ်သူဖြစ်သွားပြီး ဘာလာလာ အကုန်သိပြီး မြောက်ကြွမြောက်ကြွ ဖြစ်သွားကြတာ များတယ်။

ဒန်နီက နည်းနည်းကွာတယ်။ Myanmar NOW မှာ မလုပ်ခင် Irrawaddy မှာ လုပ်ခဲ့ဖူးသေးတယ်။ အနေရိုးတယ်၊ အေးအေးဆေးဆေး နေတတ်ပြီး ဘာသာပြန်ပြီးသား သတင်းတို့ ဆောင်းပါးတို့ ဆိုလည်း ခပ်မြန်မြန် တည်းဖြတ်တတ်တယ်။ ရုံးမှာ မျက်နှာဖြူလို ထော့နင်းထော့နင်း ပြောတာတွေကိုလည်း သည်းခံ နားထောင်ပေးတတ်တယ်။

 

Myanmar NOW ကို အမဖျက်ချင်နေတဲ့ စစ်ကောင်စီဟာ ဒန်နီကို လေဆိပ်မှာ တွေ့တာနဲ့ ‘Myanmar NOW က သတင်းထောက် မိပြီဆိုပြီး အားရပါးရ ဖမ်းခဲ့ပုံ ရပါတယ်။ ဖြစ်ချင်တော့ တကယ်တမ်း စစ်လိုက်တဲ့အချိန်မှာ Myanmar NOW က မဟုတ်ဘဲ Frontier က ဖြစ်နေတယ်။

 

ပြောရရင် စစ်ကောင်စီ ရထားတဲ့ သတင်းအချက်အလက်တို့၊ ထောက်လှမ်းရေး သတင်းတို့က တလွဲကြီးဖြစ်နေပြီး မျောက်မီးခဲကိုင်မိသလို ဖြစ်တော့တာ။ တကယ်ဆို သူ့ ထောက်လှမ်းရေး အဖွဲ့ရဲ့ ရှက်စရာအကောင်းဆုံး လုပ်ရပ်လို့တောင် ပြောလို့ရတယ်။ ရထားတာက အာဏာမသိမ်းခင်က အချက်အလက်ကြီး။ အပေါ်က အဘတွေလည်း အောက်က ရဲသတင်းပေးတွေရဲ့ တလွဲအချက်အလက်နဲ့ အမိန့်ထုတ်ရတာမျိုး။

 

ဒါပေမယ့် ထုံးစံအတိုင်းပဲ အရှက်မရှိတော့ မိထားပြီပဲကွာ မထူးတော့ဘူးဆိုပြီး အတင်း ပုဒ်မတွေတပ်၊ Myanmar NOW နဲ့ အတင်းဆွဲကပ် လုပ်ငန်းလိုင်စင် ပိတ်သိမ်းပြီးပေမယ့် Myanmar NOW ရဲ့ အယ်ဒီတာစာရင်းမှာ ဒန်နီ ပါနေသေးတယ်ဆိုပြီး စစ်ကောင်စီ သက်သေတွေက သောကြာနေ့က တရားရုံးမှာ ထွက်ဆိုတဲ့အကြောင်း AP သတင်းဌာနက ရေးပါတယ်။

 

တကယ်တော့ ဒန်နီဟာ အာဏာမသိမ်းခင်ကတည်းက Myanmar NOW ကနေ Frontier Myanmar သတင်းဌာနကို ပြောင်းသွားခဲ့တာ။ ဒါပေမယ့် သတင်းဌာနတွေရဲ့ ထုံးစံအတိုင်း သတင်း ရေးသားခဲ့သူတွေရဲ့ နာမည်တွေက သူတို့ရေးခဲ့တဲ့ ဆောင်းပါးတွေမှာ ကျန်နေတာကိုး။ နာမည်ကျန်နေတာနဲ့ သူက အဲ့ဒီမှာ လုပ်နေတယ်လို့ မဟုတ်တမ်းတရား လျှောက်စွပ်စွဲတော့တာပဲ။

 

ပြီးခဲ့တဲ့ တစ်ပတ်က ဘီ ရစ်ချတ်ဆင်လာတုန်း ဒီကိစ္စကို ဆွေးနွေးခဲ့သလားဆိုတာတော့ ထုတ်ပြန်ချက်တွေမှာ မတွေ့ရပါဘူး။ သူ မလာခင်တုန်းက သတင်းထောက်တွေက ဒန်နီအကြောင်း မေးမြန်းခဲ့ရာမှာလည်း သူက ထည့်သွင်း ဖြေကြားသွားတာ မတွေ့ရ။

 

ဒါပေမယ့် သူ့နိုင်ငံသားတစ်ယောက်ကို မည်မည်ရရ အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးထားတာကို အန်ကယ်ဆမ်လည်း ဒီတိုင်းတော့ ကြည့်နေမယ် မထင်ပါ။ ဒန်နီကို ခုချိန်ထိ ဖမ်းဆီးထားတာ စစ်ကောင်စီ ထောက်လှမ်းရေးအတွက် အရှက်ရစရာ ပြယုဒ်တစ်ခု ဖြစ်ပြီး စစ်ကောင်စီအတွက် ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်နေတော့မှာပါပဲ။

You can treat me a cup of coffee.

wave

Press ESC to close