စိုးရိမ်ထိတ်လန့်မှု အစစ်အမှန်

တလောက ပါကစ္စတန်က ဆယ်လီတကောင် ရခိုင်အထိ လာမယ် ဆိုပြီး သတင်းတွေ တက်လာတယ်။ တကယ်၊ လာ မလာတော့ မသေချာပါဘူး။ သေချာတာကတော့ သူဟာ ၂၀၁၅ ခုနှစ်က ရခိုင်ပြည်နယ်ထိ ရောက်ခဲ့တယ်။ သူကိုယ်တိုင် ပြောကြားချက်အရ ပြည်တွင်း ပုံမှန်လမ်းကြောင်းကနေ ဝင်ဖို့အဆင်မပြေလို့ ထိုင်းကနေတဆင့် ကားနဲ့ ဝင်ရတဲ့အကြောင်း၊ ပြီးတော့ ဒုက္ခသည်တွေနဲ့ တွေ့ခဲ့တဲ့အကြောင်းတွေကို ဗီဒီယိုရိုက်ပြီးတော့ တင်ထားတယ်။

အခုတကြိမ် ပဋိပက္ခတွေ ဖြစ်တော့ မြန်မာနိုင်ငံကို ထပ်လာမယ်ဆိုပြီး သူ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ ကြေညာတယ်။ နောက်ဆက်တွဲ ကိစ္စတွေကို ဆက်ပြီးမကြားရသေးပါဘူး။ ဒီလူဟာ ၂၀၁၅ ခုနှစ်က တွေ့ခဲ့ရတာတွေ၊ မြင်ခဲ့ရတာတွေကို အခြေခံပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ အမုန်းစကားတွေလွှတ်တယ်၊ လူတွေရဲ့ စိတ်ကို ဆွပေးတယ်။ ဒီလိုလူမျိုးတွေဟာ ပါကစ္စတန်ကနေ ရခိုင်ထဲထိ ရောက်ခဲ့တယ်။ လူမြင်ကွင်းတွေမှာ သွားလာလှုပ်ရှားခဲ့တယ်၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ယူခဲ့တယ်။ ဒါပေမယ့် မြန်မာ အာဏာပိုင်တွေ ဘာလို့ မသိလိုက်ရသလဲ…?

ပြဿနာတွေ ဖြစ်တော့ ကျနော်တို့ လေယာဉ်နဲ့ ခရီးသွားတယ်။ အဲ့ဒီမှာ လေယာဉ်ပေါ်မှာ ရဲထောက်လှမ်းရေး နှစ်ယောက်ပါလာတယ်။ မေးကြည့်တော့ လေယာဉ်တိုင်းမှာ လုံခြုံရေးအနေနဲ့ ထည့်ပေးထားတဲ့အကြောင်း ပြောပြတယ်။ ကျနော်တို့ကိုလည်း ခရီးစဉ်တလျှောက် သတင်းထောက်တွေမှန်း သိတော့ ကွက်ကြည့်၊ ကွက်ကြည့်နဲ့။ ထားပါ။ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေမှာ သတင်းထောက်တွေလာတယ်ဆိုရင် ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် အများဆုံးကြုံရတာက ရဲထောက်လှမ်းရေးတွေနဲ့ လဝက အရာရှိတွေရဲ့ရစ်တာကို အများဆုံးခံရတာပဲ။


လုံခြုံရေးအရ နားလည်ပေမယ့် အမြဲတမ်းလိုလို ဖြစ်နေတာက အဓမ္မ စစ်မေးတဲ့ပုံစံနဲ့ စစ်မေးလေ့ရှိတယ်။ အဲသတင်းထောက်တွေ တနေရာရောက်နေပြီဆိုရင် ရဲထောက်လှမ်းရေးတွေ သိနေပြီ။ သတင်းက ပျံ့နေပြီ။ ဒေသခံတွေကိုယ်တိုင်လည်း သိနေပြီ။ (ခုနောက်ပိုင်း ဖြစ်ခဲ့တဲ့ကိစ္စတချို့မှာ သတင်းထောက်တွေအပေါ် ဒေသခံတွေ ရန်ပြုတဲ့ကိစ္စတွေဖြစ်လာတာဟာ ဒီလိုကိစ္စမျိုးတွေက အခြေခံပါတယ်)

သင်္ဘောနဲ့ ခရီးသွားတော့လည်း သတင်းထောက်တွေကို မျက်နှာချင်းဆိုင်က တဖြတ်ဖြတ် ဓာတ်ပုံတွေရိုက်၊ အထက်ကို ရီပို့တွေတင် အလုပ်တွေရှုပ်ကြတယ်။ နာမည်တွေ၊ စာရင်းတွေကနေတဆင့် အမုန်းစကားတွေ လွှတ်ကြတယ်။ အဲခုနကလို ပါကစ္စတန်ကလိုလူမျိုး ရခိုင်က မြို့တွေထဲထိ ရောက်လာပြီး လုပ်ချင်ရာတွေ လုပ်သွားတာမျိုးကျတော့ ဘာမှန်းတောင် မသိလိုက်ကြဘူး။

အမှန်တကယ် ပြည်ပကနေ ပြည်တွင်းထဲထိ ဝင်လာပြီး လုံခြုံရေးအရ အန္တရယ်ပေးဖို့ကိစ္စဟာ အင်မတန်လွယ်တဲ့အနေအထားမှာ ရှိပါတယ်။ ပြည်တွင်း သတင်းစီးဆင်းမှုအားနည်းချက်တွေကြောင့် တကယ်ဖြစ်လာခဲ့ရင်တောင် ကာကွယ်မှု၊ သတင်းထိမ်ချန်မှုတွေကြောင့် အမှန်တကယ် နစ်နာမှာက ပြည်သူတွေပါပဲ။

ဘူးသီးတောင်ကနေ စစ်တွေကို ပြန်လာတော့ သင်္ဘောပေါ်မှာ ရဲထောက်လှမ်းရေးတယောက်က အတင်းကြီး ဓါတ်ပုံတွေလိုက်ရိုက်ပြီး အနှောင့်အယှက်ဖြစ်အောင် လုပ်တယ်။ ကျနော့်အနားရောက်လာတော့ ကျနော် တခု ပြောခဲ့ပါတယ်

ခင်ဗျားတို့ ခုလို လိုက်ပြီး သတင်းထောက်တွေကို လိုက်စစ်ဆေးနေသလို တကယ်အန္တရယ်ရှိသူတွေကို ဂရုတစိုက် စစ်ဆေးနိုင်ခဲ့မယ်ဆိုရင် လက်ရှိ မောင်တော ပြဿနာတောင် ဖြစ်လာမှာ မဟုတ်ဘူးလို့။

 

You can treat me a cup of coffee.

wave

Press ESC to close