ဘားအံသွား တောလား

မနက် ၃ နာရီလောက်ကြီး ရောက်တယ်။ တည်းရမယ့် ဟိုတယ်က မြို့ထဲနဲဲ့ လှမ်းတော့ ကားငှါးသွားရတယ်။ ဟိုတယ် အဝင်ဝမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုကလို့ ‘ယူဆရတဲ့’ လူငယ်တယောက်ထွက်လာပြီး..
“ဘယ်သွားမလို့လဲ"
ဟာ... ဒုက္ခပဲ။
“ဘယ်သွားရမှာလဲ၊ ဒီချိန်ကြီး ဒီဟိုတယ်ရှေ့ကို ရောက်လာမှာတော့ ဟိုတယ် လာတည်းတာပေါ့ဟ” လို့ ဘု ပြန်ဖြေတော့ “မသိလို့မေးတာလေ” တဲ့။ တင်း သွားတဲ့လေသံ။
တော်တော် နောက်တဲ့ကောင်ပဲ လို့ စိတ်ထဲ တွေးမိတယ်။ သူနေတဲ့ လုံခြုံရေးအခန်း အတွင်းဖက်ကြည့်လိုက်တော့ စစ် ယူနီဖောင်းတချို့ ချိတ်နဲ့ ချိတ်ထားတာ တွေ့ရတယ်။ သေနတ်တွေဘာတွေတော့ မတွေ့ရဘူး။
တက္ကစီ ဆရာကိုမေးကြည့်တယ်။ “ဒီဟိုတယ်က ဘယ်သူ ပိုင်တာလဲ” ဆိုတော့ “အဖွဲ့အစည်းကပေါ့ အစ်ကို”။ တဲ့။ ရှမ်းနဲ့ ကချင်ဘက်ကို သွားရင်လည်း ဒီအသုံးအနှုန်းကို ကြားရလေ့ရှိတယ်။ “အဖွဲ့အစည်း” ဆိုတာ။ ရန်ကုန်၊ မန်းလေးနေကြတဲ့ သူလိုငါလိုလူတွေအဖို့ ရုတ်တရက်ဆို ဘာကို ဆိုလိုတယ်ဆိုတာ သိပ်ရင်းနှီးကြမယ် မထင်ဘူး။
ဒေသခံတွေအခေါ် အဖွဲ့အစည်း ဆိုတာ “လက်နက်ကိုင်” ကိုပြောတာပေါ့။
ဘားအံမှာရှိတဲ့ စီးပွါးရေးလုပ်ငန်းတော်တော်များများဟာ တချိန်က တန်ခိုးထွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်တော်များများရဲ့ ရှယ်ယာတွေပါဝင်ပတ်သက်နေကြတယ်လို့ သိရတယ်။
ထုံးစံအတိုင်း တချိန်က စစ်ပွဲတွေပြင်းထန်ခဲ့ပြီး အခု ငြိမ်းချမ်းပါပြီဆိုတဲ့နေရာတော်တော်များများမှာ ဒီအတိုင်းချည်းပါပဲ။
ကျနော့်အစ်ကို တယောက်အမြဲပြောလေ့ရှိတာလေး သတိရတယ်။ “ဘယ်လက်နက်ကိုင်ဖြစ်ဖြစ် စီးပွါးရေးလုပ်တတ်သွားရင်၊ ချမ်းသာသွားရင် စစ်မတိုက်ချင်တော့ဘူး” တဲ့။ သူပြောတာကလည်း မှတ်သားစရာပါပဲ။
တဖက်မှာ ကျပြန်တော့လည်း ပြည်သူတွေအနေနဲ့ လုပ်ငန်း၊ စီးပွါးတွေ အဆင်ပြေလာရင် ဒီအခြေအနေတွေ ပျက်စီးသွားမှာ ကြောင့်ကြတာကြောင့် အမျိုးသားရေးပြင်းထန်မှုတွေ၊ စစ်ပွဲတွေကို မလိုကြတော့တာမျိုးပေါ့။ ပြည်သူတွေကိုယ်တိုင်က မပါဝင်တော့ရင် လက်နက်ကိုင်တပ်ဖွဲ့ဆိုတာလည်း ရှိမလာနိုင်တော့/အားကောင်း မလာနိုင်တော့ဘူးပေါ့။
ဒီလိုဒေသမျိုးမှာ စီးပွါးရေးလုပ်ချင်ကြတဲ့သူတွေအနေနဲ့လည်း ဟိုတယ်လုပ်ငန်းပဲဖြစ်ဖြစ်၊ နောက်ဆုံး စည်ပင်အမှိုက်ကောက် လုပ်ငန်းကနေ လွှတ်တော်အမတ်၊ ဝန်ကြီးချုပ်အထိ ဒီလို “အဖွဲ့အစည်း” တွေနဲ့ ကင်းကွာလို့ကို မရပါဘူး။ ဘယ်လိုပဲဆိုဆို “ကိုယ့်ပြည်နယ်က စီးပွါးရေး ကိုယ်တိုင်ဦးစီးခွင့်ရနေကြတာ” ဝမ်းသာစရာပဲလို့ ဆိုရမှာပါ။ အပေးအယူတွေတော့ မလွဲမသွေရှိကြမှာပါပဲ။
ခရီးတစ်ခုသွားရင် ကျနော့်ထုံးစံအတိုင်း နာမည်ကြီးနေရာတွေ သွားရတာ စိတ်မပါလှဘူး။ ရိုးအီနေသလိုခံစားရလို့။ ပြောရရင်လည်း လွန်တယ်ဆိုကြမယ်။ အလုပ်ကိစ္စနဲ့ရော အလည်အပတ်ရော ကယား၊ လွိုင်ကော်ကို ရောက်ဖူးတယ်။ တောင်ကွဲစေတီကို မရောက်ဖူးဘူး။
ရခိုင်၊ ကျောက်တော်ကို ခဏခဏရောက်တယ်။ မဟာမြတ်မုနိ ကို မရောက်ခဲ့ဘူး။ တလောကမှ မိတ်ဆွေတယောက်နဲ့ ခရီးအတူသွားတုန်း ကားစောင့်နေရတာ အချိန်ကြာနေတာနဲ့ ဝင်ဖူးခဲ့တယ်။ ဒီလိုမျိုး။
ဆိုတော့ ဘားအံမှာလည်း လှေစီး၊ တောင်တက် စတာတွေထက် တခြားကိစ္စတွေ ပိုစိတ်ဝင်စားမိတယ်။ အထူးသဖြင့်တော့ လူတွေနေထိုင်မှုနဲ့ သမိုင်းကြောင်းပေါ့။
ဘားအံမြို့ထဲ သွားတော့ ပထမဆုံး သတိထားမိတာက တပ်မတော် လုံခြုံရေးတွေပါပဲ။ မြို့ကနည်းနည်းကျဉ်းတော့ နေရာအများစုမှာ တပ်မတော်ရဲ့ ဝန်းခြံတံခါးတွေကို မြင်ရတယ်။ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်ဟာ ဘားအံမြို့မှာ အခြေစိုက်ပါတယ်။ ပြောရရင် ဘားအံမြို့ရဲ့ ဧရိယာတော်တော်များများမှာ တပ်မတော်ရဲ့ ခြံဝင်းတွေကို တွေ့ရတယ်။
ဘားအံမြို့ ညဈေးကနေလှမ်းကြည့်လိုက်ရင်တော့သံလွင်မြစ် တဖက်ကမ်းမှာ ဖွေးဖွေးဖြူနေတဲ့ တောင်ကြောကြီးကို မြင်တော့ အံ့ဩရတယ်။ နာမည်ကျော် ဘိလပ်မြေစက်ရုံရှိတဲ့ မြိုင်ကလေး ဆိုတာပဲ။
တကယ်က ရန်ကုန်ကနေလာရင် ဘားအံမရောက်ခင် မြိုင်ကလေးကို ရောက်တယ်။ ဒီ ဘားအံတံတားကြီး မထိုးခင်ကဆိုရင် မြိုင်ကလေးဟာ အဓိက အချက်အချာနေရာ ဖြစ်ခဲ့မှာပဲလို့ ထင်တယ်။ စိတ်ဝင်စားစရာက “ရထားလမ်း”။
ဒီရထားလမ်းဟာ ဘိလပ်မြေသယ်ယူပို့ဆောင်ရေးအတွက် သုံးခဲ့ပုံရတယ် (မသေချာပါဘူး၊ ကျနော် ထင်မိတာပါ)။ ရှာဖွေကြည့်ရသလောက် ဒီရထားလမ်းကို အင်္ဂလိပ်တွေ ဆောက်ခဲ့တာ မဟုတ်ဘဲ ၁၉၈၈ ခုနှစ်မှာမှ စစ်အစိုးက ဖောက်လုပ်ခဲ့တယ်လို့ တွေ့ရတယ်။ ၃၆ ကီလိုမီတာကျော် ရှည်တယ်။ သထုံ-မြိုင်ကလေးပေါ့။
 ရထားလမ်းဟာ မြိုင်ကလေးမှာဆုံးတယ်။ ဘားအံတံတားမှာ ရထားလမ်းမပါဘူး။ စဉ်းစားကြည့်တာပေါ့လေ... လေယဉ်တွေ ကားတွေ ဘယ်လောက်ပဲပေါများလာပါစေ (တရုတ်တောင်မှ ဥရောပကို ရထားလမ်းဖောက်တာပဲ ကြည့်တော့) ရထားကတော့ ကုန်စည်အများကြီး တင်လို့ရသလို ကုန်ကျစရိတ်အသက်သာဆုံး သယ်ယူပို့ဆောင်ရေးပါပဲ။
မြိုင်ကလေးက ရထားလမ်း တပိုင်းတစ
ဝမ်းနည်းစရာကတော့ သထုံ-မြိုင်ကလေး ရထားလမ်းကြီးဟာ သေနေပါပြီ။ ရထားလမ်းအပိုင်းအစတွေလောက်ပဲ ကျန်ပါတော့တယ်။ ရထားလမ်းကြီးကို ကြည့်ပြီး စိတ်ထဲ ဝမ်းနည်းမိတယ်။
ပြောရရင် မြန်မာနိုင်ငံဒေသတော်တော်များများရဲ့ အခြေခံ လူသုံးကုန်ပစ္စည်းဈေးတွေ မြင့်နေတာရဲ့ အကြောင်းရင်းထဲမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲက ထိပ်ဆုံးက ပါပါတယ်။ ကားနဲ့ သယ်ရင် တန်ဆာခ ၁၀၀ ကျမယ့်ပစ္စည်းဟာ ရထားနဲ့သယ် ၁၀ ပဲကျပါလိမ့်မယ်။ ဒီကနေ ပြည်သူတွေအဖို့ ဆယ်ဆလောက် သက်သက်သာသာနဲ့ ဝင်ငွေကို စုဆောင်းနိုင်သွားမယ်။ ဒါပေမယ့်ပေါ့လေ...
ရထားလို့ ဆိုပြီး... ကဲ ဘားအံမှာ လေယာဉ်ရှိသလားပေါ့။ “ဟ ရှိတာပေါ့ဗျာ။ ကျနော်လိုက်ပို့မယ်” ဆိုပြီး သွားလိုက်တာ...
လေယာဉ်မဆင်းတာ ကျနော့်တသက်လောက်ရှိပြီလို့ ထင်ရတဲ့ “ဘားအံလေဆိပ်ကြီး” ဟာ ငုတ်တုတ်ကြီးပါပဲ။ ဘားအံမြို့ထဲကနေ “တောင်ဝိုင်း” ဘက်ကိုအသွား ဘယ်ဖက်မှာ တဲသာသာရှိတဲ့ လေဆိပ်အဆောက်အအုံဟာ တံခါးတွေပိတ်လို့။
ဘာလို့လဲ... လေဆိပ်ကြီးတခုလုံး ရှိနေရက်နဲ့ ဒါကို ဘာလို့ မသုံးတာလဲ။ လေဆိပ်ရဲ့ တဖက်မှာတော့ နှစ်စဉ် “လက်ချည်ပွဲ” ကျင်းပတဲ့ ကွင်းပြင်ကျယ်ကြီး ရှိတယ်။ အဲ့ဒီကွင်းပြင်ရဲ့ ထိပ် ၄/၅ ဖာလုံလောက်မှာ မိုးထိမတတ်မြင့်တဲ့ စေတီတဆူမြင်ရတယ်။
မေးကြည့်ရလောက် “လေယာဉ်ဆင်း/တက်ရင် စေတီနဲ့ မလွတ်လို့” ဆိုပြီးပဲ အဖြေရတယ်။ သိပ်တော့ ယုတ္တိမကျပါဘူး။ လေယာဉ်တစီးဆင်းဖို့ တက်ဖို့အတွက် ဘယ်လောက်အကွာအဝေး ဘယ်ကဘယ်လိုစသဖြင့် ကျနော်လည်း ဘာမှ မသိလေတော့ မစဉ်းတတ်ပါဘူး။ ဒါပေမယ့် ဘာကြောင့် လေယာဉ်ကွင်းကြီး ရှိနေလျက်နဲ့ ဒီတိုင်းကြီး ပစ်ထားရသလဲဆိုပြီး စိတ်မကောင်းဖြစ်မိတယ်။
ကရင်ပြည်နယ်ဆိုတာကလည်း ရိုးရာယုံကြည်မှုတွေနဲ့အတူ “ဘာသာရေးကိုင်းရှိုင်းမှု မြင့်မား” ကြတယ်။ လက်နက်ကိုင်တွေနဲ့အတူ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ဩဇာကလည်း ကြီးမားနေဆဲပါပဲ။
ဒေသခံတွေအဖို့တော့ ပြဿနာတခုအကြောင်း စလိုက်ရင် ဒီလို အဖွဲ့အစည်း၊ ဩဇာကြီးမှုတွေကို ထည့်သွင်းစဉ်းစားပြောလေ့ရှိကြတယ်။ ရပ်တန့်နေတာတွေ၊ တွန့်ဆုတ်နေတာတွေဟာ သူ့ရဲ့နောက်ခံသမိုင်းနဲ့အတူ နက်နက်နဲနဲ ရှိကြမှာပါပဲ။
ဒါပေမယ့်လို့ ဘားအံလို ဖွံ့ဖြိုး တိုးတက်လာကာစ မြို့ကလေးတမြို့မှာ လေယဉ်ကွင်းရော၊ ရထားလမ်းရော ရှိနေပေမယ့် အသုံးမပြုနိုင်တာ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။ လမ်းပမ်းဆက်သွယ်ရေးဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ ဘားအံဟာ ရှေ့ကိုဆက်ပြီး ဖွံ့ဖြိုးတိုးတက်ဦးမယ့် မြို့တမြို့ပါပဲ။ ခရီးသွားလုပ်ငန်း ဝုန်းကနဲ ထိုးတက်လာမှုနဲ့အတူ ဒေသခံတွေရဲ့ ဖော်ရွေမှု၊ ရေခံမြေခံကောင်းတွေပါ ပေါင်းစပ်ထားတာကြောင့် မြန်မာနိုင်ငံရဲ့တခြားသော ခရီးသွားနေရာတွေထက် ပိုပြီး ဖွံ့ဖြိုးမှုမြန်ဆန်မယ်လို့တောင် မြင်မိပါတယ်။
ဆိုရရင် ဒီ စွန့်ပစ်ထားတဲ့ လေဆိပ်ကြီးနဲ့ သေနေတဲ့ ရထားလမ်းတွေသာ ပြန်အသက်ဝင်လာခဲ့ရင် ဒေသတွင်း အာဆီယံနိုင်ငံတွေကြားတင်မကဘဲ အင်းလေးလို၊ ငပလီလို ကမ္ဘာလှည့်ခရီးသွားတွေအတွက် မသွားမဖြစ်နေရာတခုအဖြစ် မြန်မြန်ဆန်ဆန် ရောက်နိုင်မယ်လို့ တွေးရင်း...
နောင်တချိန်မှာ သံလွင်မြစ်ကမ်းဘေးက ဘားအံမြို့ကို ဝေဟင်ပေါ်ကနေ ကြည့်နိုင်ဖို့ မျှော်လင့်မိတယ်။

You can treat me a cup of coffee.

wave

Press ESC to close