ခေတ်ရဲ့အစာ ဟာ သတင်းဖြစ်လာသလား

 

  • နေ့စဉ်သတင်းတွေဟာ နာမည်ကြီးတဲ့ဖြစ်ရပ်တွေကတစ်ဆင့် ဖြစ်ပေါ်လာတာလား?
  • ရေစီးကြောင်းကိုလိုက်တဲ့ ခေတ်ရဲ့အစာ ကတစ်ဆင့် သတင်းဆိုတာ ဖြစ်လာတာလား?
  • ဒီသတင်းတွေဟာ လူတွေဆီတိုက်ရိုက်ရောက်နေတာလား?
  • ဒါမှမဟုတ် သတင်းခန်းတွေက သတင်းဖြစ်တယ်လို့ အတည်ပြုပြီးမှ စာဖတ်သူဆီ ရောက်တာလား?

ဒီနေရာမှာ ခေတ်ရဲ့အစာ ဆိုတာ (Trend) ကို ရည်ညွှန်းပါတယ်။

 

ဒီနေ့ခေတ်အခြေအနေအရ ကမ္ဘာ့မီဒီယာလောကမှာရော၊ ကျနော်တို့ မြန်မာ့မီဒီယာမှာပါ မပြောမပြီး၊ မတီးမမြည် ဖြစ်လာတာ Facebook ပါပဲ။ အပေါ်က မေးခွန်းတွေအတိုင်းဆိုရင် နာမည်ကြီးဖြစ်ရပ်တွေဟာ သတင်းမဟုတ်ဘူးလား၊ သတင်းဖြစ်လာတာ မဟုတ်ဘူးလားမေးရင် ဟုတ်တယ်ပဲ ဖြေရမှာပါ။ ဒါပေမယ့် နာမည်ကြီးတဲ့ဖြစ်ရပ်တိုင်း သတင်းဖြစ်ပါသလား…?

 

ဒီနေ့မှာတော့ Facebook ပေါ်က နာမည်ကြီးဖြစ်ရပ်တိုင်းဟာ အထင်ကရသတင်းစာ၊ ဂျာနယ်တွေရဲ့ စာမျက်နှာပေါ်ကို ရောက်လာနေပါပြီ။ Facebook မှာ နေ့စဉ်အလိုက် ခေတ်ရဲ့အစာတွေ၊ နေ့စဉ်ခေတ်စားမှုတွေရှိပါတယ်။ ဒါတွေဟာ သတင်းတွေ မဟုတ်ဘူးလားမေးရင် ဟုတ်ပါတယ်။ ဒီကနေသတင်းမရနိုင်ဘူးလား မေးရင် ရနိုင်ပါတယ်။

 

ဒါပေမယ့် ပြောစရာရှိလာပါတယ် Facebook ဟာ သတင်းဌာနတခုဖြစ်ရဲ့လားဆိုတာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပညာရေးအခြေအနေအရပါ နည်းပညာနဲ့အလှမ်းဝေးခဲ့တဲ့ ကျနော်တို့သတင်းသမားတွေကိုယ်တိုင်ရော၊ စာဖတ်သူတွေရော ဒီ Facebook (နယ်အခေါ်-အင်တာနက်) ဆိုတာကို သတင်းဌာနတခုပမာ အသုံးပြု၊ အသုံးချလာနေတာဟာ ကောင်းတဲ့ အချင်းအရာတခုလား…?

 

Facebook မှာ ဒီနေ့ နာမည်ကြီးတဲ့ကိစ္စရပ်ဟာ နောက်နေ့မှာ သတင်းစာ မျက်နှာဖုံးဖြစ်လာနေပြီ။ ဒါဟာနာမည်ကြီးမှုမျှသာဖြစ်ပြီးတော့ သတင်းဖြစ်ရဲ့လားဆိုတာ ကျနော်တို့မှာ ဝေခွဲ၊ ချင့်ချိန် စဉ်းစားနိုင်ချိန်တောင် မရှိတော့ပါဘူး။ ဒါဟာ ခေတ်ရဲ့အစာ၊ ခေတ်ရဲ့ သွတ်သွင်းမှု၊ ခေတ်ရဲ့အာရုံပြောင်းမှုထဲ သတင်းစာပညာက အညံ့ခံ၊ ငုပ်လျှိုးသွားရတာပါပဲ။

 

ဒါပေမယ့် ဒီ အွန်လိုင်းနာမည်ကြီးမှုတခုကို သတင်းအဖြစ်ဖော်ပြလိုက်ပြီးတဲ့နောက် စာဖတ်သူဘယ်နှစ်ယောက်အပေါ် သက်ရောက်သွားသလဲဆိုတာ ကျနော်တို့ မစဉ်းစားကြပါဘူး။ အမှန်တကယ်မှာ (သတင်းစာကျင့်ဝတ်နဲ့ သတင်းစာပညာအရ) သတင်းဖြစ်တယ်လို့ ယုံကြည်ရတဲ့သတင်းတွေ၊ အွန်လိုင်းပေါ် တက်မလာရတော့ဘဲ၊ ဖော်ထုတ်ခံဖို့ စောင့်ဆိုင်းနေတဲ့ သတင်းတွေဟာ ဒီနာမည်ကြီး၊ ခေတ်ရဲ့အစာအောက်မှာ ပျောက်ကွယ်သွားရပါတယ်။

 

ဒီနေရာမှာ နောက်တခုက ဒီနာမည်ကြီးဖြစ်ရပ်သတင်းဟာ စာမျက်နှာပေါ်ရောက်တော့လည်း ဒီအတိုင်း (အမြီးပြင်၊ ခေါင်းဖြတ်ထားတာကလွဲပြီး) စာမျက်နှာပေါ် ရောက်လာတာပါပဲ။ ဒါတွေဟာ အွန်လိုင်းပေါ်က နာမည်ကြီးအစာတွေ ဖြစ်လို့ အွန်လိုင်းအသုံးပြုသူတွေသာပဲ နားလည်ကြမယ့် အမျိုးအစားလဲ ဖြစ်ပါသေးတယ်။ ဒါရဲ့အကျိုးဆက်က စာဖတ်သူ၊ (အွန်လိုင်းပေါ်က စာဖတ်သူရော) အွန်လိုင်းအားမကိုးတဲ့ စာဖတ်သူရော၊ နှစ်ဦးစလုံးအတွက် သတင်းတွေက တန်ဖိုးမရှိတော့ပါဘူး။ အွန်လိုင်းသမားကဒါတွေအားလုံး အွန်လိုင်းပေါ်မှာ သိပြီးသားပဲဆိုပြီး ဖတ်စရာမလိုတော့သလို၊ မယုံကြည်တော့သလို၊ အွန်လိုင်းမဟုတ်သူကျတော့လည်းဒီကိစ္စတွေ ငါတို့မှ မသိတာဆိုတဲ့ခံစားချက် ဖြစ်လာတော့တာပါပဲ။

 

ပြဿနာက အဲ့ဒီမှာ စတင်ပါတယ်။ Facebook ကိုယုံကြည်သွားတဲ့ စာဖတ်သူ (လူတန်းစားအားလုံးကို ရည်ညွှန်းပါတယ်) ဟာ Facebook ကို သတင်းဌာနတခုအဖြစ် ထင်မြင်နေပါတော့တယ်။

 

Facebook နဲ့ twitter ကနေ ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့မသက်ဆိုင်တဲ့ အဖြစ်အပျက်တွေ၊ သတင်းတွေနဲ့ ကိစ္စအဝဝ ၆၃ ရာနှုန်းလောက်ကို သိရှိနိုင်တယ် (ယုံကြည်ကြတယ်) လို့ သတင်းစာပညာဖွံ့ဖြိုးမှုလုပ်နေတဲ့ A Knight Foundation ရဲ့သုတေသနပြုချက်တခုက ဆိုပါတယ်။

 

ဒါပေမယ့် Facebook ဟာ သတင်းဌာနမဟုတ်ပါဘူး။ လူမှုကွန်ရက် – “လူမှုအသိုင်းအဝိုင်းမှာ နေ့စဉ်ဖြစ်ပျက်နေတာတွေကိုပုဂ္ဂလဆန်ဆန်ဖြန့်ကျက်ထားတဲ့နေရာကြီးတခုမျှသာ ဖြစ်ပါတယ်။ Facebook မှာ တက်လာသမျှ သတင်းတွေဟာ ဘယ်သတင်းခန်း(Newsroom) ကိုမှ မဖြတ်သန်းထားရသေးတဲ့၊ သတင်းအကြမ်းထည်တွေသာ ဖြစ်ပါတယ်။ သူတို့ဟာ ဘက်လိုက်ပါမယ်၊ ပုဂ္ဂိုလ်ရေးသုံးသပ်ချက်တွေပါမယ်ဆိုတာ ကျိန်းသေပါပဲ။

 

တည်ဆောက်ပုံမရှိဘူး၊ စနစ်ကျတဲ့ သတင်းပေးမှုမရှိဘူး။ ခိုင်မာပြီးယုံကြည်နိုင်တဲ့ အချက်တွေကို ထည့်သွင်းကိုးကားမှုမရှိဘူး။ အဆိုးဆုံးကတော့ အဲ့ဒီသတင်းတပုဒ်မှားသွားရင် Facebook ပေါ်မှာ ဘယ်သူမှ တာဝန်ခံမှာ မဟုတ်တာပါပဲ။

ဒါတွေကို စားသုံးမိလိုက်တဲ့ စာဖတ်သူတွေဟာ သတင်းအစစ်အမှန်ဆိုတာကို မသိတော့သလို၊ သတင်းမှားရဲ့ နောက်ကွယ်၊ နောက်ဆက်တွဲအကျိုးတွေ (ကောလာဟလတွေ) ကို ခံစားကြရပါတော့တယ်။

 

အမေရိကန်မှာ ၂၀၁၆ ဧပြီကလုပ်ခဲ့တဲ့ Media Insight Project ရဲ့ ရလာဒ်တွေအရ လူဦးရေရဲ့ ၆ ရာနှုန်းကသာ သတင်းမီဒီယာအပေါ်ယုံကြည်မှုခပ်များများထားကြတော့တယ်လို့ ဆိုပါတယ်။ ကြောက်စရာ ကိန်းဂဏန်းပါပဲ။ ကျနော်တို့ဆီမှာတော့ ဒီလိုစစ်တမ်းကောက်ယူမှုတွေ မလုပ်နိုင်သေးသလို၊ တိကျသေချာတဲ့ သုတေသနပြုချက်တွေလည်း ထွက်ပေါ်မလာသေးပါဘူး။

 

လတ်တလောဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပူပူနွေးနွေးသမိုင်းဖြစ်စဉ်တွေမှာဆိုရင် သတင်းခန်းကို ဖြတ်မလာတဲ့ သတင်းတွေရဲ့ ကြောက်မက်ဖွယ်ရာတွေကို ကျနော်တို့ မျက်မြင်ကိုယ်တွေ့ခံစားခဲ့ကြရပြီးပါပြီ။ ရှေ့

 

မှာ ဒီ ခေတ်ရဲ့အစာတွေကနေတဆင့် စာမျက်နှာပေါ်တိုက်ရိုက်ရောက်မလာတော့ဘဲ၊ သတင်းကျင့်ဝတ်နဲ့သတင်းစာပညာအရ သတင်းဖြစ်တယ်လို့ စဉ်းစားချင့်ချိန်နိုင်ကြပြီး ဒီကနေတဆင့် စာဖတ်သူယုံကြည်တဲ့ သတင်းတွေ ထွက်ပေါ်လာခြင်းကသာ ရိုင်းစိုင်းတဲ့သမိုင်းဖြစ်စဉ်တွေကို တားဆီးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

 

(၁၊ ဇူလိုင်၊ ၂၀၁၆)

You can treat me a cup of coffee.

wave

Press ESC to close