ရခိုင်မှာ စစ်ကောင်စီဆန္ဒထုတ်ဖော်ပွဲတွေ ဘာကြောင့် မရှိတာလဲ

ဒီနေ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မြို့ကြီးတွေမှာ အာဏာလု စစ်ကောင်စီကို ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေကျင်းပခဲ့ကြပြီး ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက စရင် ဒီနေ့ဟာ အထွေထွေသပိတ်ကြီးလို့ ခေါ်ရမှာပဲ ဖြစ်ပါတယ်။

 

တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ကြီးတွေမှာ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေကြပေမယ့် ရခိုင်ပြည်နယ်မှာတော့ အာဏာလုစစ်ကောင်စီကို ဆန့်ကျင်ပွဲတွေ ဒီနေ့အတွက် သိပ်မရှိတာ တွေ့ရပါတယ်။ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေရှိနေတဲ့ကြားက ဆန္ဒထုတ်ဖော်ပွဲတွေ ရှိခဲ့တာကတော့ ရခိုင်ပြည်နယ် တောင်ဘက်စွန်း၊ ဧရာဝတီတိုင်းနဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဂွမြို့နယ်မှာပဲ ရှိခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်တောင်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့လူတွေဟာလည်း ရန်ကုန်လိုမျိုး လွယ်ကူခဲ့တာမျိုးတော့ မဟုတ်ပါ။ နယ်မြို့တွေ ဖြစ်တဲ့အတွက် ဘယ်သူ ဘယ်အိမ်မှာနေသလဲ၊ မိဘနာမည်ကအစ လူတိုင်းသိတဲ့ အခြေအနေမို့လို့ ရှောင်ပုန်းဖို့လည်း မလွယ်ပါ။ ဒီလိုအခြေအနေမှာ တဖက်က ရခိုင်ပါတီထောက်ခံသူ၊ တဖက်က အာရကန်အာမီထောက်ခံသူ၊ တဖက်က အဖွဲ့ချုပ်ပါတီ ထောက်ခံသူဆိုပြီး လူတွေမညီကြတော့ ဆန္ဒထုတ်ဖော်ပွဲတွေဟာ ကျယ်ကျယ်လောင်လောင် မရှိခဲ့ကြပါဘူး။

 

တောင်ပိုင်းမှာ ဒီလိုအခက်အခဲတွေကြား ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပေမယ့် လုံးဝ အသံမကြားရတာကတော့ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး စတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တွေပဲ ဖြစ်ပါတယ်။

 

ပထမဆုံး အချက်အနေနဲ့ လုံးဝ ဆန္ဒမပြတဲ့ မြို့တွေဟာ အာရကန် အာမီ (English လိုရော၊ မြန်မာလိုပါ စာလုံးမှန်အောင်ရေးရင် Facebook က ဖယ်ရှားပစ်နိုင်ပါတယ်) အမာခံတွေဆိုတာ သတိထားကြစေလိုပါတယ်။ အရှင်းဆုံးဆိုရရင် အာရကန် အာမီကို အပြင်းအထန်ထောက်ခံကြတဲ့ ရခိုင်မြောက်ပိုင်းက မြို့တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မကြိုက်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံကြပါဘူး။

 

ဒီလိုပဲ  တောင်ပိုင်းလို့ အခိုင်အမာဆိုနိုင်တဲ့ မြို့တွေဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွမှာလည်း အများစုက အာရကန်အာမီကို မထောက်ခံကြပေမယ့် အဖွဲ့ချုပ်ပါတီကို မကြိုက်တဲ့ လူဦးရေက အရမ်းများပါတယ်။

 

ဘာကြောင့် အဖွဲ့ချုပ်ပါတီကို ရခိုင်မြောက်ပိုင်းက မကြိုက်ရတာလဲဆိုတဲ့ အချက်ကို ပြန်ဆွေးနွေးရရင်တော့ တချက်တည်းပြောရရင် ရခိုင်တွေကို တခြားပြည်နယ်တွေနည်းတူ နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့လို့ပါပဲ။ စီးပွားရေး၊ နိုင်ငံရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ စတဲ့ အချက်ပေါင်းများစွာမှာ လျစ်လျူရှုခံခဲ့ရတာကြောင့်ပါပဲ။ ဒါ့အပြင် ရခိုင်လွှတ်တော်ထဲမှာ ဒေသခံ ရခိုင်တိုင်းရင်းသားပါတီက အများစု အနိုင်ရခဲ့ပေမယ့် ဝန်ကြီးချုပ်ကို အဖွဲ့ချုပ်က ဦးညီပုကို ခန့်ခဲ့တာတွေက အစ တစခြင်း၊ တစခြင်း အဖွဲ့ချုပ်ပါတီအပေါ် တိုးလာတဲ့ သံသယတွေ များခဲ့တာပါ။

 

တဖက်မှာတော့ အမျိုးသားရေး ဟောပြောချက်တွေနဲ့အတူ နာမည်ကြီးလာတဲ့ ဒေါက်တာအေးမောင်ကို ထောင်ချပစ်တာဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ဒေါသကို ပိုပြီး ဆွပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။ ဒေါက်တာအေးမောင်ကို တရားစွဲတာဟာ တပ်မတော်လက်အောက်မှာ ရှိတဲ့ အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဖြစ်ပေမယ့် ရခိုင်တိုင်းရင်းသားတွေ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကိုပဲ တိုက်ရိုက်စွပ်စွဲခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် မြောက်ဦးက အထွေထွေ အုပ်ချုပ်ရေးမှူးဟာ ဒေါက်တာအေးမောင် ဖမ်းဆီးခံရပြီး သိပ်မကြာခင်မှာပဲ “ကား မတော်တဆမှု” လို့ ယူဆရတဲ့ အကြောင်းတခုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက ဒေါက်တာအေးမောင်ကို ထောင်ချတယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကြီးဟာ ယခုချိန်ထိ ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။

 

ဒီလိုမျိုး အကြောင်းအရာပေါင်းစုံရှိခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တာ၊ အဖွဲ့ချုပ်ပါတီဝင်သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးတာတွေဟာ အဖွဲ့ချုပ်ပါတီကို မဲမပေးလိုက်တဲ့၊ အရှင်းဆုံးဆိုရရင် ရွေးကောက်ပွဲတောင် ကျင်းပခွင့်မရလိုက်တဲ့ ပြည်နယ်သားတွေက သူတို့နဲ့ မဆိုင်ဘူးလို့ပဲ တထစ်ချတွေးပါတယ်။ ဒါဟာ ငြင်းလို့မရတဲ့ကိစ္စပါပဲ။

 

တဖက်မှာလည်း အဖွဲ့ချုပ်ပါတီဟာ စု၊ ရွေး၊ လွှတ် ဆိုတဲ့ မူနဲ့ သူတို့ကြေညာချက်ကို စတင်ခဲ့တာဟာ တိုင်းရင်းသားတွေအတွက် စစ်ကောင်စီကို လုံးဝ မကြိုက်ပေတဲ့ အဖွဲ့ချုပ်ရဲ့ စုရွေးလွှတ် မူကို မကြိုက်တာနဲ့ပဲ ခု ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ဖို့ တုံ့နှေးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ဒါပေမယ့် ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က စစ်ကောင်စီရဲ့ အာဏာပေးမှုကို လက်ခံလိုက်တာကိုတော့ ပညာတတ်တဲ့ ရခိုင်တိုင်းရင်းသားအများစုက ကန့်ကွက်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ကို ပူးပေါင်းတဲ့အတွက် ဒေါ်အေးနုစိန်အပါအဝင် ရခိုင်အမျိုးသားပါတီကိုလည်း ရှုံ့ချခဲ့ကြပါတယ်။​ ဒါဟာ ဘာကို ပြသလဲဆိုရင် ပညာတတ်ရခိုင်တိုင်းရင်းသားတွေဟာ စစ်အာဏာရှင်ကို လုံးဝ အလိုမရှိဘူးဆိုတာတော့ သက်သေပါပဲ။

 

တဖက်မှာတော့ စစ်တပ်နဲ့ တောက်လျှောက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တိုက်ခဲ့တဲ့ အာရကန် အာမီရဲ့ အာဏာသိမ်းမှုအတွင်း တုပ်တုပ်မျှ မလှုပ်တဲ့ ရပ်တည်ချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ်။ KIA ရဲ့ထုတ်ပြန်ချက်၊ RCSS/SSA ရဲ့ ထုတ်ပြန်ချက်၊ KNU ရဲ့ ထုတ်ပြန်ချက်တွေဟာ သိပ်မပြင်းထန်လှပေမယ့် ကျန်တိုင်းရင်းသားတွေကတော့ အသံတွေ ကြားခဲ့ကြရတာပဲဖြစ်ပါတယ်။

 

ဒါပေမယ့် အာဏာသိမ်းပြီးတဲ့နောက် အာရကန်အာမီရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ရဲ့ “ကြိုး” လှုပ်ရှားမှုဟာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါပဲ။ ပြည်နယ်အသီးသီး၊ တိုင်းအသီးသီးက လူထုဟာ စစ်အာဏာရှင်ကို ရွံမုန်းနေချိန်မှာ ရခိုင်တိုင်းရင်းသားတွေ အထူးထောက်ခံတဲ့ အာမီကနေ အောင်ပွဲခံတာလုပ်နေတယ်ဆိုတာကို တွေ့ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

 

ခုချိန်မှာ တပ်မတော်က ဖမ်းဆီး၊ နှိပ်စက်၊ အကျဉ်းချခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ သွေးတွေ မခြောက်သေးသလို ဗုံးထိ၊ သေနတ်ထိ၊ မြေမြှုပ်မိုင်းထိပြီး သေကြေ၊ ခြေပြတ်၊ လက်ပြတ်ဖြစ်ခဲ့တဲ့ လူတွေဟာလည်း ခုချိန်ထိ မျက်စိရှေ့တင် ရှိနေဆဲဖြစ်တယ်ဆိုတာပါပဲ။

 

ဘုံရန်သူဟာ ဘယ်သူလဲဆိုတာ သိကြချိန်တန်ပြီ ဖြစ်သလို မနေ့တနေ့ကမှ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဟာလည်း သွေးညှီနံ့တောင် မပျောက်သေးတာကို စဉ်းစားကြရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားတွေပါဝင်လာရေးအတွက် အဖွဲ့ချုပ်ပါတီနဲ့ တိုင်းတွေမှာ မဲအပြတ်အသတ်အနိုင်ရခဲ့သူတွေ ပါဝင်တဲ့ CRPH အနေနဲ့လည်း ခုထက်ပိုပြီး တိုင်းရင်းသားတွေ ပါဝင်လာရေးအတွက် နည်းဗျူဟာကျကျ စဉ်းစားဖို့ လိုနေပြီ ဆိုတာပါပဲခင်ဗျာ။

 

 

You can treat me a cup of coffee.

wave

Press ESC to close