စျေးတင်ရောင်းကြသည့် ဂျာနယ်လစ်ဇင်

ဆရာလိုရော အစ်ကိုလိုရော ရင်းနှီးသူတယောက်က ပြောဖူးတယ်။ ငါ အတော်ကံကောင်းတယ် ပြောရမယ်၊ သတင်းစာပညာကို ရောင်းစားရလောက်တဲ့ အခြေအနေမျိုး မရောက်ခဲ့ဘူး တဲ့။ သူ့မိသားစု အခက်အခဲတွေနဲ့ ဘဝရဲ့ဆိုးရွားလှတဲ့အခြေအနေတွေ ကြုံရတဲ့အချိန်မှာ ပိုက်ဆံအတွက် ကိုယ့်ရဲ့ သတင်းစာပညာကို အသုံးချ၊ ရောင်းစားတာမျိုး မဖြစ်ခဲ့ဘူးလို့ ဆိုလိုတာဖြစ်တယ်။

 

သတင်းသမားတွေဟာ ကိုယ်တတ်ထားတဲ့ ဒီသတင်းစာပညာရဲ့ ထမင်းရည်ပူစည်းတွေ၊ မကျော်ဖြတ်သင့်တဲ့ မျဉ်းနီတွေနဲ့ စာအုပ်ပေါ်မှာရေးမထားတဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းကြတယ်။ ဒါပေမယ့် တချို့သတင်းသမားတွေကတော့ ဒီစည်းမျဉ်းတွေကို လုံးဝမဖြစ်နိုင်တော့အခြေအနေ၊ ငွေကြေးနဲ့ကျင့်ဝတ်မှာ ငွေဘက်ကို မျက်နှာသာပေးရမယ့် အခြေအနေတွေ ကြံုရတဲ့အခါ သတင်းစာပညာကို ရောင်းစားပစ်လိုက်ရတဲ့ အခိုက်အတန့်တွေ ရှိကြတယ်။

 

မိတ်ဆွေ သတင်းသမားထဲက တယောက်ကြုံဖူးတယ်။ သူ့သတင်းစာပညာကို ရောင်းစားပြီး မိသားစုအတွက် ရင်းလိုက်ရတဲ့အကြောင်း။ ဒီလိုကိစ္စမျိုးတွေကျတော့လည်း ဝမ်းနည်းစရာကောင်းပြီး ယူကြုံးမရ ခံစားမိတယ်။

 

ဒါပေမယ့် တဖက်မှာကျတော့လည်း ငွေကြေးလည်း အဆင်ပြေတယ်၊ သတင်းစာပညာလည်း ပြည့်ဝတယ်၊ ဒါပေမယ့် မမျှော်နိုင်တဲ့ငွေကြေး ပမာဏတွေအတွက်နဲ့ ကိုယ့်ရဲ့အရောင်ဆိုးခံရတဲ့ အတ္တတွေအောက်မှာ သတင်းစာပညာကို ရောင်းစားကြတဲ့သတင်းသမားတွေ မြင်နေရတယ်။ သူတို့ကျတော့လည်း သတင်းကျင့်ဝတ် စံနှုန်းတွေ ပျောက်ကွယ်နေကြပြီး အဖွဲ့အစည်းတခုခုရဲ့၊ နိုင်ငံတခုခုရဲ့ မှိုင်းလုံးတွေအောက်မှာ ပျော်ပါးနေကြတော့တယ်။

 

တဖက်မှာလည်း သတင်းလောက က မဟုတ်ဘဲ သတင်းစာလောကနဲ့ လက်ပွန်းတတီးနေရင်းနဲ့ သတင်းစာပညာဆိုတာဒီလိုဖြစ်တယ်၊ ဒါမှသာ သတင်းစာပညာ၊ ဘယ်လိုရေးရတာစသည်ဖြင့် မျက်နှာဖြူဘာသာစကားတတ် အသိုင်းအဝိုင်းတချို့ကလည်း ဝင်ရောက်ပြီး မြန်မာနိုင်ငံရဲ့ သတင်းစာပညာကို ဝေဖန်ကြပြန်တယ်။

နားလည်မှုအရ မြန်မာနိုင်ငံရဲ့ သတင်းစာပညာကတော့ ဘယ်လိုပုံစံ၊ အမေရိကန်ရဲ့သတင်းစာပညာကတော့ ဘယ်လိုပုံစံ၊ ဥရောပရဲ့ သတင်းစာပညာကတော့ ဘယ်လိုပုံစံ စသဖြင့် မကွဲပြားပါဘူး။ သတင်းစာပညာဆိုတာ နေရာ၊ ဒေသမရွေး ကျင့်ဝတ်နဲ့စံနှုန်းတွေကတော့ မကွဲပြားပါဘူး။

 

မျက်နှာဖြူတွေက သွတ်သွင်းတဲ့ လူ့အခွင့်အရေးသတင်းစာပညာတို့၊ လူသားအခြေပြုသတင်းစာပညာတို့၊ ငြိမ်းချမ်းရေးအခြေပြုသတင်းရေးသားနည်းတို့ ဆိုတာမျိုးတွေကို ဒီက မြန်မာတွေက ထုထည်ကြီးကြီးမားမားကွာခြားချက်လိုမြင်ပြီး လိုက်လုပ်နေကြတော့လည်း ခက်သားကလား။

 

ကျနော့်အမြင်မှာတော့ သတင်းစာပညာဟာ သတင်းစာပညာပဲ။ သူ့ရှေ့မှာ တခုခုအစားထိုးလိုက်တာနဲ့ အရောင်တခုခု ပါသွားပြီလို့မြင်တယ်။ အရင်ကတော့ စာဖတ်သူတွေဟာ မြန်မာသတင်းသမားတွေအပေါ် ယုံကြည်မှုနဲ့ သြဇာဟာ အမြင့်ဆုံး ရှိနေပေမယ့် နောက်ပိုင်းမှာ ငွေကြေးနောက်လိုက်တဲ့သူတွေ များလာပြီး သတင်းစာပညာကို ရောင်းစားလာကြတော့တယ်။


အမေရိကန်ရွေးကောက်ပွဲအပြီး သတင်းတုထွက်ပေါ်မှုတွေဟာ ပြောစရာဖြစ်လောက်အောင်ကို များပြားလာပါတယ်။ ဒီတော့ ဒီသတင်းတုတွေကို ဘယ်လိုတိုက်ခိုက်မလဲဆိုပြီး အနောက်တိုင်းက သတင်းသမားတွေ၊ မီဒီယာအရေးကျွမ်းကျင်သူတွေနဲ့ နည်းပညာသမားတွေက နည်းနာရှာကြပါတယ်။ ဒါပေမယ့် သတင်းတုကို တိုက်နိုင်လောက်တဲ့ လောက်လောက်လားလား နည်းနာတွေ မတွေ့ကြသေးပါဘူး။

 

မီဒီယာဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်တဲ့ Snopes ရဲ့ စီမံခန့်ခွဲမှုအယ်ဒီတာ ဘရွတ် ဘင်ကောစကီးက တကယ်တော့ သတင်းတုတွေဟာ ပြသနာမဟုတ်ပါဘူး တဲ့။ ပြဿနာက မီဒီယာလောကဟာ ကျရှုံးနေတာပါ လို့ဆိုပါတယ်။

နယူးယောက်တိုင်းမ်လို၊ ဝါရှင်တန်ပို့စ်လို သတင်းစာတွေရဲ့ ဘက်လိုက်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေဟာ အနောက်မီဒီယာလောကမှာ ကြောက်စရာကောင်းလောက်အောင် မြင်သာထင်သာရှိလှပါတယ်။ 

 

ဒီသတင်းစာတွေဟာ သူတို့ဒေသတွင်းမှာပဲ ဘက်လိုက်ကြတာလားဆိုရင် မဟုတ်ပါဘူး။ အမေရိကန်ဝင်ရောက်စွက်ဖက်နေတဲ့ နိုင်ငံတွေနဲ့၊ အမေရိကန်နဲ့ အီးယူရဲ့ အလှူငွေတွေ စီးဆင်းနေတဲ့ နိုင်ငံတွေမှာပါ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးလိုလားမှုတွေအတွက် ဘက်လိုက်နေကြတာဖြစ်တယ်။

 

မြန်မာနိုင်ငံလည်း အပါအဝင်ပါပဲ။ ဒီအခြေအနေမှာ အနောက်ကတင်သွင်းလာတဲ့ (so-called) သတင်းစာပညာစံနှုန်းတွေကို မြန်ပြည်က သတင်းသမားတချို့က ငွေနောက်လိုက်ရင်း၊ မှိုင်းမိကြရင်း၊ လူ့အခွင့်အရေးခေါင်းစဉ်အောက်ကနေ သတင်းစာပညာကိုရောင်းစားနေကြတာ ဝမ်းနည်းဖွယ်ရာ တွေ့နေရတော့တယ်။

 

You can treat me a cup of coffee.

wave

Press ESC to close