မြိတ်မှာ ယနေ့ ကျဆုံးသူ ၄ ဦးထိရှိသွားပြီ

မြိတ်မြို့မှာ သပိတ်စစ်ကြောင်းကို နေ့လယ် ၁၂ နာရီကျော်မှ စတင်ကာ ဖြိုခွင်းခံရပြီးနောက် မင်းအောင်လှိုင်၏ စစ်သားနှင့် ရဲများက မြို့အတွင်း လှည့်လည်ပြီး ဆိုင်ကယ်များ၊ ကားများဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ယခု ည ၈ နာရီထိ ၄  ဦးကျဆုံးသွားပြီဖြစ်သည်။

 

ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေပြီး ကျဆုံးနှင့် သေဆုံးသွားသူများ၏ အလောင်းများ မည်သည့်နေရာတွင် ရှိနေသည်ကိုပင် မြို့သူမြို့သားများက မဖော်ပြရဲကြပေ။

 

“အခုက သေသွားတယ်ဆိုရင်တောင် ဓာတ်ပုံ မရိုက်ရဲဘူး၊ ဘယ်သူဆိုတာ မပြောရဲကြဘူး ဖြစ်နေတယ်။ နေရာကိုသိရင် အလောင်း လာလုမှာစိုးလို့” ဟု မြိတ်ဒေသခံတဦးက ပြောသည်။

 

လက်ရှိအချိန်ထိ အတည်ပြုထားသမျှ သေဆုံးသူများမှာ မလာအီစာ၊ မောင်အာကာဦး၊ မောင်အောင်မျိုး၊ မောင်မင်းမြတ်ပိုင်တို့ ဖြစ်သည်။ မလာအီစာဆိုသူ အစ္စလာမ်ဘာသာဝင် အမျိုးသမီးမှာ ဆန္ဒထုတ်ဖော်နေခြင်း မဟုတ်ဘဲ နေအိမ်အနီးတွင်ရှိနေစဉ် ကျည်ထိမှန်ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

 

ထို့ပြင် ဖမ်းဆီးခံသွားရသူ ၃၅ ဦးထိရှိပြီး ယင်းအနက် ၅ ဦးမှာ မိန်းကလေးများဖြစ်သည်ဟု သတင်းပေးလာသူက ဆိုသည်။ ဖမ်းဆီးခံရသူများအနက် ၁၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦးနှင့် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်သွားသည်ဟု သိီရသည်။ 

 

မြို့သစ်၊ ရွှေပြည်တန် လမ်းမကြီးနှင့် အင်းလေးမြိုင်ရပ်ကွက်များ အပါအဝင် တမြို့လုံးအနှံ့ မင်းအောင်လှိုင်၏ လက်နက်ကိုင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျည်အစစ်၊ ရာဘာကျည်နှင့် အသံဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။

 

ရဲနှင့် စစ်တပ်မှာ ကားနှင့်ပတ်လျက်ရှိပြီး ကားပေါ်မှပင် ပစ်ခတ်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။ ရရှိထားသည့် ဗီဒီယိုဖိုင်များကို ကြည့်ရှုနားထောင်မှု အရ ပစ်ခတ်မှုများမှာ ကျည်ဆန်အစစ်များဖြင့် ပစ်ခတ််နေသည်ဟု ယူဆရသည်။

 

You can treat me a cup of coffee.

wave

Press ESC to close