အဂ္ဂမဟာ ကျားဖြန့်

နိုင်ငံတော်ကနေ လူပုဂ္ဂိုလ်တွေကို ချီးမြှင့်တဲ့ ဆုတွေထဲ အမြင့်ဆုံးက ‘အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ’ ဘွဲ့ဖြစ်ပါတယ်။ အစဉ်လိုက်ဆိုရင် ဒီဘွဲ့ရဲ့အထက်မှာ ဘုန်းကြီးတွေကို ပေးတဲ့ ‘ကမ္မဌာနာစရိယ’ ဘွဲ့ပဲ ရှိတော့တယ်။

‘အဂ္ဂမဟာ’ အောက်မှာမှ ‘မဟာသီရိသုဓမ္မ မဏိဇောတဓရ’ တို့၊ ‘သီရိသုဓမ္မ မဏိဇောတဓရ’ တို့ စတဲ့ ဘွဲ့တွေလာပါတယ်။ ဥပမာ — သရုပ်ဆောင် နန္ဒာလှိုင်ဆိုရင် ‘သီရိသုဓမ္မသိင်္ဂီ’ ဘွဲ့ရထားတယ်။ ဘိတ်ဆုံးမကျခင် တစ်ခု။ သုဓမ္မသိင်္ဂီဘွဲ့က ဘိတ်ဆုံး။

ဟိုးတုန်းက မြန်မာ့အသံတို့၊ မြဝတီတို့မှာ ဒီဆုတံဆိပ်ပေးပွဲအခမ်းအနားတွေဆိုတာ လူတယောက်ကိုဘွဲ့ပေးရင် အနည်းဆုံး နာရီဝက်လောက် ထိုင်ကြည့်ရတယ်။ ဘွဲ့နာမည်တွေကိုလည်း ဖတ်ကြည့်ဦး၊ တော်ရုံတွေ မဟုတ်။ ဒီဘွဲ့တံဆိပ်ပေးပွဲ သတင်းစာမှာပါလို့ ဖတ်ကြည့်ပြီးရင် သတင်းစာကို ဘုရားစင်ပေါ်ပဲ တင်ထားရမလား၊ ထိုင်ပဲ ကန်တော့ရမလား ဝေခွဲမရ ဖြစ်သွားနိုင်တယ်။ နာမည်တွေနဲ့တင် ရှိန်ရတာမျိုး။

ဒီဘွဲ့တွေ ရဖို့လည်း လွယ်တာတော့ မဟုတ်။ ခရိုနီတိုင်းနီးပါး လိုချင်ကြပေမဲ့ သူ့စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ပြည့်မှီပါမှ ရနိုင်တာ။ အနိမ့်ဆုံးဘွဲ့ ‘သုဓမ္ဓသိင်္ဂီ’ ကနေ အမြင့်ဆုံး ‘အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ’ အထိ စည်းကမ်းသတ်မှတ်ချက် စုစုပေါင်း ၉ ချက်ရှိတယ်။

ရှင်ပြုပေးတဲ့ သာမဏေ အရည်အတွက်နဲ့ လှူဒါန်းလိုက်တဲ့ ငွေပမာဏအနည်းအများအရ ဘွဲ့အဆင့်အတန်း ကွာသွားတာ။ ဒါကြောင့် ဘယ်သူက ဘယ်လောက်လှူလိုက်တယ်ဆိုတာ ခရိုနီတွေကြား အင်မတန် အရေးပါတယ်လို့ ဆိုတယ်။

ဥပမာ နန္ဒာလှိုင်ရဲ့ ‘သီရိသုဓမ္မသိင်္ဂီဘွဲ့’ ဆိုရင် အနည်းဆုံး သိန်း လေးထောင် (၄၀၀၀) နဲ့အထက် လှူမှရနိုင်တယ်။ အမြင့်ဆုံးဖြစ်တဲ့ ‘အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ’ ဆိုရင် အနည်းဆုံး သိန်း ငါးထောင် (၅၀၀၀) အထက် လှူမှရတယ်။ (ကြားမှာ အဆင့် ၅ ဆင့်လောက်ကွာသွားပေမဲ့ သိန်း ၁၀၀၀ ပဲကွာနေတာကတော့ ဘာကြောင့်မဆိုနိုင်)

ဒီလိုဘွဲ့မျိုးတွေ ရနိုင်ဖို့ အရည်အချင်း တိတိကျကျ သတ်မှတ်ထားတာ ရှိပါတယ်။ ဒါတွေကတော့…

  • (၁) ဥပါသကာဂုဏ်ရည် ၁၀ ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။
  • (၂) ရှင်သာမဏေအပါး ၅၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။
  • (၃) ရှင်သာမဏေ ၅ ပါးကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။
  • (၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၅၀ အထက် လှူဒါန်းခဲ့ခြင်း။
  • (၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၅၀ အထက် လှူဒါန်းခဲ့ခြင်း။
  • (၆) ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။
  • (၇) တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။
  • (၈) သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။
  • (၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၂၀၀၀ အထက် ရှိခြင်း။

ဒါက အနိမ့်ဆုံး သုဓမ္မသိင်္ဂီဘွဲ့အတွက် ပြည့်မှီရမဲ့ သတ်မှတ်ချက်တွေ။ ဘွဲ့ အဆင့်မြင့်သွားရင် လှူရတဲ့ငွေ ပမာဏ များသွားသလို ရှင်ပြုပေးရမဲ့ အရေအတွက်လည်း မြင့်သွားပါတယ်။ ကျန်တဲ့လိုအပ်ချက်တွေ ခဏထားပါမယ်။

ပထမဆုံး ‘ဥပါသကာဂုဏ်ရည် ၁၀ ပါးကို စောင့်ထိန်းသူ ဖြစ်ခြင်း’ ဆိုတာ နံပါတ် ၁ ပါ။ အရေးအကြီးဆုံးမို့ ထိပ်ဆုံးမှာ ထားတယ်။ ဥပါသကာမှာလည်း ရိုးရိုးဥပါသကာနဲ့ အဆင့်မြင့် ဥပါသကာဆိုတာ ရှိပါသေးတယ်။

ရိုးရိုးဥပါသကာကနေ အဲ့ဒီ ဂုဏ်ရည် ၁၀ ပါးနဲ့ပြည့်စုံပါမှ အဆင့်မြင့်ဥပါသကာဖြစ်နိုင်မယ်၊ ဟော… ဒီလိုဆိုတယ် (ရေးနေရင်းနဲ့ တရားသံတောင် ပေါက်လာတယ်)။ အဆင့်မမြင့်သေးခင်မှာ အရင်ဆုံး ရှောင်ရန် အချက် ၅ ချက်ရှိတယ်။

အဲ့ဒီမှာ နံပါတ် (၁) က ‘လက်နက်ရောင်းဝယ် ဖောက်ကားခြင်း’ တဲ့။ နံပါတ် (၂) က ‘လူအရောင်းအဝယ်ပြုလုပ်ခြင်း၊ ကျွန်ဝယ်ခြင်း၊ ပြည့်တန်ဆာ ရောင်းဝယ်ခြင်း’ တဲ့။ နံပါတ် (၄) က ‘မူးယစ်ဆေးဝါးအမျိုးမျိုးနဲ့ သေရည်သေရက် ရောင်းဝယ်ခြင်း’ တဲ့။ ဒါတွေကို ရှောင်နိုင်ပြီး ဆက်သွားပါမှ အဆင့်မြင့် ဥပါသကာ ဖြစ်နိုင်မယ်။ ဒီလိုဆိုတယ်။

ပြောချင်တာ ခုမှ လာတယ်။

အဲ့ဒီလိုဘွဲ့တွေထဲက အမြင့်ဆုံးဘွဲ့ကို ဘယ်သူရထားတယ် ထင်တုံး။ ခုလောလောဆယ် တရုတ်က လိုချင်နေသူတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ လောင်းကစားဂိုဏ်း၊ ကျားဖြန့်ဂိုဏ်း (လို့ တရုတ်ကစွတ်စွဲထားသူ) တို့ရဲ့ ခေါင်းဆောင် ဖူလီလိုက် ကုမ္ပဏီပိုင်ရှင်ကြီး ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်။

လက်ရှိ ကိုးကန့်က တိုက်ပွဲတွေအကြောင်း၊ ကျားဖြန့်ဂိုဏ်းတွေအကြောင်း တရုတ်သတင်းတွေထဲမှာတော့ မင်းအောင်လှိုင်ကိုယ်တိုင် အခမ်းအနားနဲ့ ဦးလီကျိန်းချန်ကို ‘အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ’ ဘွဲ့ပေးနေတဲ့ဓာတ်ပုံက အမြဲတမ်း မပါမဖြစ်ပဲ။

ကဲ….။

You can treat me a cup of coffee.

wave

Press ESC to close