ပျက်စီးလုနီးဖြစ်နေတဲ့ မြို့ငယ်တွေ

မောင်တောမြို့နဲ့ နီးတဲ့ မွတ်ဆလင်တွေနေတဲ့ ရွာတွေမှာ ရဲတပ်ဖွဲ့က အသေရရ၊ အရှင်ရရ ဖမ်းဆီးလိုတဲ့ မူးယစ်ခေါင်းဆောင်တွေ ရှိတယ်။ မူးယစ်ခေါင်းဆောင်လို့ အလွယ်ဆိုလိုက်ပေမယ့် တကယ်က wy တွေအဓိက ကုန်သွယ်ဖြန့်ဖြူးနေသူတွေကို ဆိုလိုတာပါ။ 

ဒီလူတွေထဲမှာ မွတ်ဆလင်တွေလည်း ပါသလို၊ ရခိုင်တွေလည်း ပါတယ်။ ဒီလူတွေဟာ ရဲတပ်ဖွဲ့ကိုယ်တိုင်တောင် မဝင်ရဲတဲ့ မောင်တောရဲ့ ဟိုးဖက် မွတ်ဆလင်ရွာတွေထဲမှာ အခြေချကြတယ်။ ဒီထဲက လူတယောက်ကို ရဲတပ်ဖွဲ့က သတင်းရလို့ သွားဖမ်းမယ်ဆိုပြီး အစီအစဉ်ဆွဲရုံပဲရှိသေးတယ်၊ အဲ့ဒီလူက မရှိတော့ဘဲ ပျောက်သွားပြီ။ ဆိုလိုတာက ရဲတပ်ဖွဲ့ထဲမှာကို သူတို့ရဲ့ လူတွေ ရှိနေပြီးသား ဖြစ်တယ်။

ဒါက ပြဿနာ တခုပါ။ မောင်တောဟာ ပျက်စီးနေတယ်လို့ ပြောလို့ရတဲ့ မြို့တွေထဲမှာ ပါတယ်။ ဒီထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့တချက်က တောင်ကုတ်မြို့။ တောင်ကုတ်မြို့ဟာ ကောလိပ်တွေရှိတော့ လူငယ်ကျောင်းသား အများစုရှိကြတယ်။ ဒါတွေဟာ မူးယစ်ဆေးအတွက် အဓိက ပစ်မှတ်တွေ ဖြစ်လာကြတယ်။

ဒီဖက်ကနေ စီးဆင်းမယ့် မူုးယစ်ဆေးတွေဟာ ကျောင်းပန်းတောင်းလမ်းကြောင်းကနေတဆင့် တောင်ကုတ်ကို ရောက်တယ်။ တောင်ကုတ်ကနေတဆင့် ဟိုဖက် မောင်တောကနေ တဖက်ကို ကူးတဲ့လမ်းကြောင်းဟာ များပြားလှတဲ့လမ်းကြောင်းတွေထဲက တခုဖြစ်တယ်။ တောင်ကုတ်မြို့ဟာ တူရကီနိုင်ငံလိုပဲ ကုန်စည်တွေ အဓိက ဖြတ်သန်းရာမြို့ဖြစ်တဲ့အတွက် မူးယစ်ဆေးတွေကို အလွယ်တကူ ရရှိနိုင်တဲ့တနေရာလည်း ဖြစ်တယ်။

လက်ရှိတောင်ကုတ်ကို ဒီအတိုင်းဆက်ထားမယ်ဆိုရင် ကြာရင် ထိန်းသိမ်းမရနိုင်တဲ့ အခြေအနေတခုကို ရောက်သွားနိုင်ပြီး အချိန်မီတားဆီးရမယ့် စိုးရိမ်ရေမှတ်ရောက်နေတဲ့ မြို့တမြို့ဖြစ်တယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဒီပြသနာကို ရေတို၊ ရေရှည်စီမံကိန်းတွေ ဆွဲပြီး ခုကတည်းက စတင် ကာကွယ်သင့်နေပြီ။ အချိန်က လွန်နေပြီလို့တောင် ပြောလို့ရပါတယ်။

မနေ့က မိတ်ဆွေအစ်ကိုတယောက်နဲ့တွေ့တော့ သူ့ရဲ့ အတွေ့အကြုံတခု ပြောပြတယ်။ မော်လမြိုင်မှာ မူးယစ်ဆေးတွေ အလွယ်တကူဝယ်လို့ရပြီး တရားရုံးတွေမှာလည်း မူးယစ်ဆေးကိစ္စတွေ အဓိက များပြားတဲ့အကြောင်း။ စဉ်းစားကြည့်လိုက်တော့ မော်လမြိုင်ဟာလည်း စိုးရိမ်ရေမှတ်ရောက်နေတဲ့ မြို့တမြို့ဖြစ်တယ်။ တဖက်နိုင်ငံနဲ့ နီးကပ်သလို အုပ်ချုပ်းရေးနဲ့ တရားစီရင်ရေးပိုင်းမှာ ပြသနာရှိနေတဲ့ မြို့တမြို့လည်းဖြစ်ပြန်တယ်။

တောင်ကုတ်နဲ့ မော်လမြိုင်မြို့တွေဟာ လက်လှမ်းမီသလောက် တွေ့ရှိရတဲ့မြို့တွေပဲ ရှိပါသေးတယ်။ နိုင်ငံအနှံ့အပြားမှာ ဒီလိုမြို့တွေ ဘယ်လောက်များများ ရှိနေလဲဆိုတာ အဲ့ဒီမြို့တွေမှာ နေထိုင်သူတွေသာ အဓိက သိကြမှာဖြစ်တယ်။ ဒီလိုနေရာမျိုးတွေကို မိတ်ဆွေတို့သိတယ်ဆိုရင်လည်း ဖြည့်စွက်ရေးပေးကြပါလို့ တိုက်တွန်းပါရစေ။ ဒီနေရာမှာ ငြင်းနိုင်တယ်၊ ဒီမြို့တွေကိုမှ ဘာလို့ ရွေးပြီးပြောရသလဲ ဆိုတာပဲ။ 

မောင်တောလို၊ မြဝတီလို၊ ဖားကန့်လို မြို့တွေဟာ မူးယစ်ဆေးနဲ့ စီးပွားရေးအရလည်ပတ်နေတဲ့ "ပျက်စီးနေတဲ့မြို့" တွေ ဖြစ်ပေမယ့် တောင်ကုတ်လို၊ မော်လမြိုင်လို မြို့တွေကတော့ ဆက်လက်ပျက်စီးနိုင်ချေရှိတဲ့ မြို့တွေမို့လို့ဖြစ်တယ်။ တခြားဒီလိုမြို့ပေါင်းများစွာ ရှိနေပါလိမ့်ဦးမယ်။

 

You can treat me a cup of coffee.

wave

Press ESC to close