အနန့်ပါ ဗုံးကြဲခံရမှုဟူသည့် ရုပ်သံမှာ အစစ်ဖြစ်ကြောင်း အတည်မပြုနိုင်သေး

ကချင်ပြည်နယ် ဖားကန့် အနန့်ပါတွင် အောက်တိုဘာ ၂၃ ညက ဗုံးကြဲသတ်ဖြတ်ခံရမှုကို ဗုံးကြဲ မခံရမီ မြင်တွေ့ရပုံဟု ခေါင်းစဉ်တပ်ထားသည့် ရုပ်သံတစ်ခု ယနေ့ နံနက်ပိုင်း ပျံ့နှံ့နေပြီး ယင်းရုပ်သံမှာ အစစ် ဟုတ် မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့မှ ထွက်ပေါ်လာသည့် ယင်းရုပ်သံဖိုင်မှာ ၁၉ စက္ကန့်သာ ရှိသည်။ ယခုရုပ်သံ၏ မူရင်း ရုပ်သံဖိုင် အပြည့်အစုံကို ဗုံးကြဲခံရသည့် အောက်တိုဘာ ၂၃ ညနေပိုင်းက ကချင်လူမျိုးများ အများဆုံးရှိသည့် ဖေ့စ်ဘွတ်ဂရုတွင် တင်ခဲ့ဖူးပြီး ၁ နာရီအကြာတွင် ပြန်ဖျက်ခဲ့သည်။ ယင်း ရုပ်သံမှာ ၁ မိနစ်နှင့် ၄၂ စက္ကန့်တိတိရှိသည်။ 

ယနေ့မှ ထွက်ပေါ်လာသည့် ရုပ်သံတွင် ၂၃ ရက်က တင်ခဲ့သည့်ရုပ်သံဖိုင်မှ နောက်ပိုင်း ၁၀ စက္ကန့်ခန့်ကို ယူထားပြီး ၁၁ စက္ကန့်တွင် မီးရောင်များ ဖြာလင်းလာကာ ပေါက်ကွဲသံဟု ထင်ရလောက်သည့် ဝူးဝူးဝါးဝါးအသံများ ပေါ်ထွက်လာသည်ကို ကြားရသည်။

ယင်း ရုပ်သံကို ဆိုရှယ်မီဒီယာပေါ်သို့ အစောဆုံး တင်ခဲ့သည့် ဖေ့စ်ဘွတ်အကောင့်မှာ A Nang Pa ဖြစ်ပြီး အနန့်ပါကို စကစ၏ အကြမ်းဖက် ဗုံးကြဲမှုဟု ခေါင်းစဉ်တပ်ကာ လွန်ခဲ့သည့် ၁၃ နာရီခန့်က တင်ထားခဲ့သည်။

A Nang Pa အကောင့်က ဖော်ပြပြီးနောက် နှစ်နာရီအကြာတွင် ကချင်အခြေစိုက် မီဒီယာတစ်ခု ကလည်း ယင်း ရုပ်သံကိုပင် ပြည်သူအစုလိုက် အပြုံလိုက် သေဆုံးမူဖြစ်ခဲ့တဲ့ အနန့်ပါဗုံးကြဲခံရတဲ့ ရုပ်သံထွက်ပေါ်လာဟု ထပ်မံ ဖော်ပြထားသည်ကို တွေ့ရသည်။

၂ မိနစ်နီးပါးကြာသည့် ရုပ်သံဖိုင် အရှည်တွင် အဆိုတော် အော်ရာလီကို စင်ပေါ်မှ ဖိတ်ခေါ်သည်ကို တွေ့ရသည်။ ထို့နောက် အဆိုတော် အော်ရာလီက ထိုင်နေရာမှ ထကာ ၎င်းကို ခေါ်နေသည်မှာ ဟုတ် မဟုတ် အနီးမှ အခြားလူများကို မေးမြန်းနေသည်ကို တွေ့ရသည်။ ထို့နောက် ခုံ ပြောင်းထိုင်ခဲ့သည်။

ထို့နောက် ၎င်းကိုခေါ်သည်မှာ သေချာ၍ စင်ပေါ်သို့ တက်မည့်ဆဲဆဲအချိန် ၁ မိနစ်နှင့် ၄၂ စက္ကန့်တွင် ဗီဒီယိုကို အဆုံးသတ်ထားသည်။ ယခုပျံ့နှံ့နေသည့် ရုပ်သံအတို၏ အစပိုင်း ၁၀ စက္ကန့်နှင့် မူရင်းရုပ်သံအရှည်၏ နောက်ပိုင်း ၁၁၀ စက္ကန့်ကျော်မှာ ထပ်တူဖြစ်သော်လည်း ၂၃ ရက်က တင်ခဲ့ပြီး ပြန်ဖျက်ခဲ့သည့် ရုပ်သံအရှည်တွင် မီးရောင်များ၊ ဆူညံသံများ ပါဝင်သည့်အပိုင်းကို မတွေ့ရပေ။

သို့သော် ယနေ့တင်သည့် ၁၉ စက္ကန့်သာရှိသည့် ရုပ်သံဖိုင်တွင်မှ မီးရောင်များနှင့် မသည်းကွဲသည့် ဆူညံသံများမှာ အဆက်အနေနှင့် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ကချင်လူမျိုးများ အများဆုံးရှိသည့် Facebook Group တွင် အောက်တိုဘာ ၂၃ က တင်ခဲ့ပြီး ဖျက်ခဲ့သူထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ယခု ရုပ်သံနှင့်ပတ်သက်၍ ယုံကြည်ရသည့် မည်သည့်အဖွဲ့ကမျှ ထုတ်ပြန်ထားခြင်း မရှိသေးသလို ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO အနေနှင့်လည်း တစုံတရာ အတည်ပြုပြောဆိုထားခြင်း မရှိသေးပါ။ 

ယခု ဗီဒီယိုကို ယနေ့ စတင်ဖြန့်ခဲ့သည့် A Nang Pa ဟူသည့်အကောင့်မှာ မြစ်ကြီးနားမြို့ နောင်နန်းခရစ်ယာန်သင်္ချိုင်းတွင် စစ်ကောင်စီစစ်သား ၅၀ ထက်မနည်း နေရာယူထားသည်" ဆိုသည့် ကချင်ဘာသာဖြင့် ရေးသားထားသည့် သတင်းတစ်ခု ကို အောက်တိုဘာ ၂၉ က တင်ခဲ့ဖူးပြီး ယင်းဖြစ်ရပ်မှာ သတင်းမှားသာဖြစ်ကြောင်း ကချင်အခြေစိုက် The 74 Media က နောင်နန်းခရစ်ယာန်သင်္ချိုင်းတွင် မည်သည့်စစ်သားမျှမတွေ့ခဲ့ရကြောင်းဖြေရှင်းခဲ့သည်။

ကေအိုင်အိုတည်ထောင်ခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ပွဲ အကြိုကျင်းပနေချိန် စစ်ကောင်စီတပ်က ဂျက်လေယာဉ်များနှင့် ဗုံးကြဲခဲ့သည့်အတွက် ၆၃ ဦးသေဆုံးခဲ့ပြီး ၆၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မီဒီယာများကို ဖြေကြားထားသည်။

ယခုသတင်းကို နိုဝင်ဘာ ၃၊ မြန်မာစံတော်ချိန် ည ၁၂ နာရီတွင် တည်းဖြတ် ပြင်ဆင် ထားသည်။

You can treat me a cup of coffee.

wave

Press ESC to close