စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် Asia Sun Energy နှင့် ဆီရောင်းပေးသည့် PetroChina  

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီရဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးနစ်အတွက် မရှိမဖြစ် လိုအပ်တာက လေယာဉ်ဆီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်သွင်းတဲ့ တစ်ဦးတည်းသော ကုမ္ပဏီက Puma Energy ဖြစ်ပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက်က မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် Puma Energy က ၎င်းတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ လေယာဉ်ဆီသွင်းပေးတဲ့ ကုမ္ပဏီက လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပေမယ့် စစ်ကောင်စီဟာ ခုချိန်ထိ အလုပ်လုပ်နိုင်နေဆဲပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ...?

 

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ Puma Energy က မြန်မာနိုင်ငံထဲက သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သီလဝါမှာရှိတဲ့ သူတို့ရဲ့ ဆီသိုလှောင်ရုံတွေကို စစ်ကောင်စီက သိမ်းယူလိုက်ပါတယ်။

 

Puma Energy Asia Sun

 

သီလဝါမှာ ရှိနေတဲ့ ဆီသိုလှောင်ရုံတွေကို စီမံကိုင်တွယ်တာကတော့ Puma Energy နဲ့အတူ အကျိုးတူ ပူးပေါင်းလုပ်ဆောင်တဲ့ မြန်မာနိုင်ငံသားပိုင် Asia Sun Energy ကုမ္ပဏီပဲ ဖြစ်ပါတယ်။ နာမည်ကိုတော့ Puma Energy Asia Sun လို့ခေါ်ပါတယ်။

 

ရိုက်တာ သတင်းတပုဒ် ရဲ့ အဆိုအရ ဒီနာမည်နဲ့ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ် မေလ ၆ ရက်နေ့က သီလဝါဆိပ်ကမ်းမှာ အမေရိကန်ဒေါ်လာ ၉၂ မီလျံတန်ကြေးရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဆီသိုလှောင်ရုံနဲ့ ဆိပ်ကမ်းကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနေရာမှာ ဓာတ်ဆီတွေကို သိုလှောင်ထိန်းသိမ်းထားသလို Jet Fuel လို့ခေါ်တဲ့ လေယာဉ်ဆီတွေကိုလည်း သိုလှောင်ထားပါတယ်။

 

လူတွေ အဓိက သိကြတာကတော့ Puma Energy လို့အလွယ်ခေါ်လိုက်ပေမယ့် တကယ်တန်း CDM လုပ်ကြတဲ့ မြန်မာဝန်ထမ်းတွေကို ရုံးပြန်တက်ကြဖို့ ဖိအားပေးတာကတော့  စစ်ကောင်စီရဲ့ ခိုင်းစေမှုကို လိုက်လုပ်ပေးကြတဲ့ Asia Sun Energy က မန်နေဂျာတွေပဲ ဖြစ်ပါတယ်။

 

Puma Energy ရဲ့ ထုတ်ပြန်ချက်ထဲမှာ မတွေ့ရတဲ့ Asia Sun Energy

 

ဒီနေ့ (ဧပြီ ၂၂) ရက်၊ နေ့လယ် ၂ နာရီခွဲလောက်က Puma Energy က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ Asia Sun Energy အကြောင်းကို Puma Energy က ထည့်သွင်း ရေးသားထားခြင်း မရှိပါဘူး။

 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ Puma Energy လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားစဉ် NEPAS ၏ဖက်စပ်လုပ်ငန်းလည်ပတ်မှုကို ရှယ်ယာအများဆုံးဖြစ်သော မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) မှလွှဲပြောင်းလုပ်ကိုင်လျက်ရှိသည်” လို့ ရေးသားထားပါတယ်။

 

NEPAS ဆိုတာကတော့ Puma နဲ့ မြန်မာ့ရေနံနဲ့ ဓာတုဗေဒလုပ်ငန်း (MPE) တို့ အကျိုးတူ ပူးတွဲလုပ်ကိုင်ထားတာ ဖြစ်ပြီး Puma Energy ရဲ့အဆိုအရ “NEPAS တွင် အစုရှယ်ယာအနည်းငယ်သာ ထည့်ဝင်ပိုင်ဆိုင်ပါသည်” လို့ သိရပါတယ်။

 

ထုတ်ပြန်ချက်ထဲမှာတော့ Puma Energy ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မတွေ့ရသလို Asia Sun လည်းပဲ ပျောက်နေပါတယ်။

 

Puma လို့ပြောပေမယ့် Asia Sun ပေါ့။ အလုပ်ဝင်ကတည်းက Asia Sun မှာ ဝင်ပေမယ့် အလုပ်လုပ်ပေးရတာကကျတော့ NEPAS အတွက် လုပ်ပေးရတာများတယ်” လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် အဲ့ဒီထုတ်ပြန်ချက်အရ “MPE သည် NEPAS ဝန်ထမ်းများအားလုံးကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် ညွှန်ကြားထားခဲ့ပြီး လုပ်ငန်းခွင်သို့ ပြန်လည်မဝင်ရောက်သူများ အနေဖြင့် အလုပ်ခန့်အပ်မှုဆိုင်ရာ သဘောတူ စာချုပ်များကို ရပ်တန့်နိုင်ကြောင်း ပြောကြားခဲ့သည်” လို့ ဆိုထားပါတယ်။

 

Puma Energy က ဝန်ထမ်းတယောက်ကတော့ “ဒီထဲမှာ အဓိက ကျတဲ့သူကတော့ ဦးကျော် (ခေါ်) ဦးကျော်ကျော်နိုင်ပေါ့။ သူက အရောင်းမန်နေဂျာ ရာထူးနဲ့။ သူပဲ စစ်တပ်နဲ့ အဓိက ဆက်သွယ် စကားပြောတာ။ ဝန်ထမ်းတွေကို အဓိက ဖိအားပေးတာက HR (လူ့စွမ်းအားအရင်းအမြစ်) မန်နေဂျာ ဒေါ် ပိုပိုမြင့်နဲ့ နောက်ပြီး Finance (ငွေရေးကြေးရေး) မန်နေဂျာက ဒေါ်မြဝတ်ရည်စိန်၊ သူတို့ပဲ အဓိက ထိန်းချုပ်နေကြတာ” လို့ သတင်းပေးလာသူက ဆိုပါတယ်။

 

လေယာဉ်ဆီဖြည့်တဲ့တာဝန်လိုမျိုး  တကယ့်အောက်ခြေကလူတွေ CDM လုပ်ကြပေမယ့် အပေါ်က ဆိုခဲ့တဲ့ Asia Sun Energy ရဲ့ မန်နေဂျာတွေကတော့ ခုချိန်ထိ စစ်ကောင်စီကို ဆက်ပြီး အလုပ်လုပ်ပေးနေကြဆဲပဲ ဖြစ်သလို CDM သမားတွေကို အလုပ်ပြန်လုပ်ဖို့ တွန်းအား ပေးနေတာကလည်း ဒီ မန်နေဂျာတွေပဲ ဖြစ်ပါတယ်။

 

PetroChina International Pte

 

အပေါ်က ပြောခဲ့တဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ဆီသိုလှောင်ရုံနဲ့ ဆိပ်ကမ်းကို သင်္ကြန်ကာလအတွင်းက ဆီတင်သင်္ဘောတစ်စီး ဆိုက်ကပ်ခဲ့ပါတယ်။ Mratt’s Channel က ရရှိထားတဲ့ စာရွက်စာတမ်းတွေအရ ဒီသင်္ဘောဟာ စင်္ကာပူဆိပ်ကမ်းက ထွက်ခွာလာတာ ဖြစ်ပြီး PetroChina International (Singapore) PTE ကုမ္ပဏီကနေ ပို့လိုက်တာ ဖြစ်ပါတယ်။

 

ပုံမှန်အားဖြင့် ဆီပို့တာဟာ Puma Energy ကသာဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်က လုပ်ငန်းတွေ ရပ်ဆိုင်းကြောင်း ကြေညာပြီးကတည်းက Puma ဟာ ဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်တယ်လို့ ယုံကြည်ရပါတယ်။ ဒီအတွက်ကြောင့် စစ်ကောင်စီဟာ PetroChina ဆီက ဆီမှာယူတင်သွင်းတာလို့ Mratt’s Channel က နားလည်ပါတယ်။

 

PetroChina ကုမ္ပဏီဟာ CNPC လို့ခေါ်တဲ့ တရုတ်အစိုးရပိုင် ကော်ပိုရေးရှင်းကြီးရဲ့ လက်ခွဲကုမ္ပဏီဖြစ်ပြီး  ၂၀၀၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ စင်္ကာပူအပါအဝင် ဟောင်ကောင်၊ အမေရိက၊ ဂျပန်၊ လန်ဒန်၊ ကာဇက်စတန်နဲ့ အရှေ့အလယ်ပိုင်းတွေထိ ဆီဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီဖြစ်ပါတယ်။  

You can treat me a cup of coffee.

wave

Press ESC to close