စာတန်ကို မေးကြည့်

ရုံးမှာ ထိုင်နေကျ ထိုင်ခုံဟာ ဒိုင်မင်းရှင်းသဘောအရ အသစ်မဟုတ်ဘူးလို့ ခံစားလာရတယ်။ တခြားတနေရာက ပြောင်းကြည့်ရင် တခြား ရှုထောင့်အသစ်က မြင်ရမလားလို့ အမြဲတမ်းစဉ်းစားကြည့်ဖူးတယ်။ မအောင်မြင်ဘူး။ ရုံးဆိုတဲ့ ပတ်ဝန်းကျင်ထီးရိပ်အောက်မှာ ရှုထောင့်တွေဟာ ဒိုင်မင်းရှင်းတွေ ကွဲသွားပေမယ့် သစ်မလာတော့ဘူး။ 

ရထားနဲ့ ဝိုင်ဘီအက်စ်မှာ ဘယ်ဖက်က နေပူသလား၊ ညာဖက်က နေပိုပူသလား စဉ်းစားရင် အမြဲ ခေါင်းကိုက်ရတယ်။ တယောက်ယောက်ကို အကူအညီတောင်းရတိုင်း ဒီခေတ်မှာ ကျေးဇူးတရားဆိုတာ ဖေ့စ်ဘွတ်မှာ လိုက်ခ် လေးပေးလိုက်တာကအစ တလိုက်ခ်ရဖူး သူ့ကျေးဇူး ဆိုတာမျိုးလား စဉ်းစားရကျပ်တယ်။ 

ဘုရင်မ + နှပ်ဆေးက အရမ်း အန္တရယ်များသတဲ့၊ ဆေးဝါ + ဂုံခါး ပြောင်းစားကြည့်တယ်။ တခါတခါ အကြိုက်နဲ့လွဲပေမယ့် ဖြစ်သင့်တာတွေကို သည်းခံရှုမှတ်ရင်း “သြော်… အနည်းဆုံး ရေသောက်ရင်တော့ ချို နေတာပဲလေ” ဆိုတာမျိုး ဖြေသိမ့်ရပြန်ရော။

တဖက်ကလူ မကြားရအောင် မှန်ခန်းထဲပိတ် ဆဲနေသံဟာ ကိုယ့်ဘာသာပြန်ကြားနေရရင် အဆင်ပြေမလား...? အမေနဲ့ စကားပြောဖြစ်တော့…မေတ္တာတရားထက် မုဒိတာက ပိုပြီးခက်ခဲသတဲ့။ 

နောက်မှန် မကြည့်ဘဲ ရုတ်တရက် ရပ်လိုက်တဲ့ကားကို “နွား…ရှေ့ နောက်ကြည့်ဟ” ဆို ဆဲပြီး စက်ဘီးခြေနင်းတွေပေါ် အားစိုက်လိုက်တယ်။ လူတိုင်းအပူအပင်နဲ့ မဟုတ်လား၊ ခင်ဗျားအပူကို ခင်ဗျားဘာသာ လောင်ကျွမ်း၊ ကျုပ်အပူကို ကျုပ်ဘာသာ လောင်ကျွမ်းမယ်။ လောင်စာမထိုးကြေး။ 

“အနာဂါတ်မှာ ဘာတွေဖြစ်လာမလဲ ခင်ဗျားမသိဘူး” လို့ ယေရှုက စာတန်ကို ပြောတော့ စာတန်က ပြန်ပြီး “အေး၊ ငါ မသိဘူး ငါသိတာကတော့ ယေရုရှလင်မြို့ကြီး မီးလောင်ပြာကျနေတာပဲ” တဲ့။ စာတန်တွေ သိပ်များလွန်းမနေဘူးလားလို့ ဝေဝါးဝါးဖြစ်ရပြန်တယ်။ 

သြော်… 
ငါ့ အနာဂါတ်ဟာ မီးလောင်ပြကျနေမလား… 
ငါ့စာတန် ငါ ပြန်မေးရမှာလည်း ရှက်ရဲ့….။

 

You can treat me a cup of coffee.

wave

Press ESC to close