ရန်ကုန် ဒလတွင် အနည်းဆုံး ၆ ဦးကျဆုံး၊ စာရင်း မြင့်လာနိုင်ချေရှိ

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေး သွားရောက် တောင်းဆိုသူများကို ပစ်ခတ်ရာမှ အနည်းဆုံး ၁၂ ဦးကျဆုံးခဲ့တယ်လို့ အဲ့ဒီနေရာမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူ တဦးက ပြောပါတယ်။ 

 

(ယခုပြောဆိုချက်ကို အတည်ပြု၍ မရခဲ့ဘဲ မော်ကွန်းသတင်းထောက်တစ်ဦး၏ ပြောဆိုချက်အရ ကျဆုံးသူ ၆ ဦးသာရှိတယ်လို့ သိရပါတယ်။ အင်တာနက်လည်း မရတဲ့အတွက် သတင်းလွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် စာဖတ်ပရိသတ်ကို တောင်းပန်ပါတယ်)

ဆန္ဒပြပွဲမှာ ပါဝင်တယ်လို့ဆိုတဲ့ အမျိုးသမီး နှစ်ဦးကို သူတို့နေထိုင်ရာ အိမ်မှာ မတ် ၂၆ ရက်က လာရောက်ဖမ်းခေါ်သွားခဲ့ရာက စတင်ခဲ့တာပါ။ ဒီအမျိုးသမီးတွေဟာ သပိတ်ခေါင်းဆောင်တွေလည်း မဟုတ်ဘဲ လက်ရှိအချိန်မှာ ဆန္ဒထုတ်ဖော်နေသူတွေလည်း မဟုတ်ကြဘူးလို့ ဆိုပါတယ်။

ဒလဒေသခံတွေဟာ ဖမ်းဆီးခံရသူတွေ လွှတ်ပေးရေး ရဲစခန်းရှေ့မှာ သွားရောက် တောင်းဆိုခဲ့ပြီး ညနေ ၅ နာရီခွဲလောက်မှာ အကြောင်းပြန်ပါမယ်၊ စိတ်အေးအေးထားကြပါလို့ စခန်းက ပြောခဲ့တယ်လို့ သိရပါတယ်။

ညနေထိ စောင့်နေခဲ့ကြပြီး ၅ နာရီခွဲအချိန်မှာတော့ စခန်းရှေ့စောင့်ဆိုင်းနေသူ လူအုပ်ကို စခန်းထဲကနေ စတင် ပစ်ခတ်ခဲ့တာပါ။ ပြည်သူတွေက လူစုကွဲသွားခဲ့ပေမယ့် ညသပိတ် ပြန်လည် စတင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဆေးရုံဝန်းထဲက ဆရာဝန်တွေကို မောင်းထုတ်ပြီး တပ်စွဲခဲ့ပါတယ်။ ဆေးရုံ ဝန်ထမ်းလိုင်းခန်း၊ ထွေအုပ်ရုံးတို့မှာလည်း တပ်စွဲပြီး အဲဒီကနေ ပြည်သူတွေကို စတင်ပစ်ခတ်ပါတော့တယ်။

ကျဆုံးသူ အလောင်းတွေကို မင်းအောင်လှိုင်စစ်တပ်က လာလုခဲ့ပြီး အလောင်းပေးလိုက်တဲ့ ရပ်ကွက်ကို ဘာမှ မလုပ်ပေမယ့် အလောင်းမပေးတဲ့ရပ်ကွက်ကိုတော့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၁၇ ကောင်လေးတယောက် သေနတ်မှန်တာ ရင်ဘတ်ကနေ ကျောအထိ ထုတ်ချင်းဖောက်ပဲဟု မျက်မြင်တွေ့ရှိရသူက ပြောပြပါတယ်။

ခုလက်ရှိအချိန်မှာ ဒလမြို့ အဝင်အထွက်ကို လုံးဝ ပိတ်ထားလိုက်ပြီ ဖြစ်ပြီး ဖုန်းလိုင်းတခုသာရပါတော့တယ်။ ဝိုင်ဖိုင်၊ ထိုင်းဆင်းမ်ကတ်တွေလည်း အလုပ်မဖြစ်တော့ဘူးလို့ သိရပါတယ်။

ကျနော်တို့ လူနာတွေကို ဆေးကုဖို့ လိုအပ်နေပါတယ်။ ဒလကနေ ပေးမထွက်တော့ ရတဲ့နည်းနဲ့ တင်ပို့ဖို့ လိုနေတယ်။ လူနာတင်ယာဉ်နဲ့ ဆေးအကူတွေ ဒလကို ကူနိုင်မယ်ဆို ကျနော်တို့ ရတဲ့နည်းနဲ့ ထွက်လာပြီး လူနာလာပေးပါမယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူက ပြောပါတယ်။ 

 

You can treat me a cup of coffee.

wave

Press ESC to close