ပခုက္ကူ မြိုင်မြို့တွင် ရဲလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ၆ ဦးကျဆုံး  

ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရေး ရဲစခန်းရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပခုက္ကူခရိုင် မြိုင်မြို့တွင် လူစုဖြိုခွင်းရာမှ ၆ ဦးသေဆုံးပြီး အနည်းဆုံး ၈ ဦးဒဏ်ရာရရှိခဲ့သည်။

 

မနက်ပိုင်းက ဆန္ဒပြမှု ကြီးကြီးမားမား မရှိခဲ့သည့် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် လူ အနည်းဆုံး ၃ ဦးကျော် ဖမ်းဆီးခံခဲ့ရသည့်အတွက် ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

ရဲစခန်းရှေ့တွင် လူအင်အားများလာခဲ့ပြီးနောက် ရဲဝတ်စုံဝတ်ထားသည့် လက်နက်ကိုင်များက ကျည်အစစ်အများဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

 

ပထမတယောက်က ဆီးခုံကို မှန်တယ်လို့ ကြားတော့ ကျနော် ဆေးရုံကိုပြေးတယ်။ ဆေးရုံရောက်ပြီး သိပ်မကြာဘူး သူဆုံးသွားတယ်။ အဲ့ဒီနောက် ဦးနှောက်တခုလုံးပွင့်ထွက်နေတဲ့ နောက် ဦးလေးကြီး တယောက် ထပ်ရောက်လာတယ်၊ သူ့အလောင်းကိုဆို ဘယ်သူမှ မကိုင်ရဲလို့ ကျနော်ကိုယ်တိုင် မပြီး ကားထဲကနေ ဆေးရုံပေါ်ကို ရွှေ့ရတာဟု ဆေးရုံတွင်ရောက်ရှိနေသူက ဆိုသည်။

 

ထို့နောက် အရေးပေါ်ကားများဖြင့် ကျဆုံးသူ လူနာများ ဆက်တိုက်ရောက်လာပြီး အားလုံးမှာ အမျိုးသားများသာ ဖြစ်သည်ဟု ကိုယ်တိုင်မြင်တွေ့နေရသူက ဆိုသည်။

 

တတိယမြောက် ရောက်လာတဲ့သူက၊ မလှုပ်တော့ဘူး၊ အဲ့ဒါနဲ့ ကျနော်က ဘယ်သူလဲဆိုပြီး သေချာ ကြည့်တာ၊ ကျနော့် ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း၊ ကျနော့် သူငယ်ချင်းအရင်းကြီးဟု အလောင်းများကို သယ်ယူနေသူက ဆိုသည်။ ဖုန်းဆက်နေစဉ်မှာပင် သူ့ငိုသံကို ကြားနေရသည်။

 

ထို့နောက် ၎င်း၏ သူငယ်ချင်းအလောင်းကို ဆရာဝန်တဦးကို သေချာခေါ်ပြီး စစ်ဆေးစေခဲ့ကြောင်းနှင့် သေဆုံးသည်မှာ သေချာပြီဆိုတော့မှ သူကိုယ််တိုင် ယုံကြည်နိုင်ခဲ့သည်ဟု ဆိုသည်။

 

နောက်ရောက်လာကြသူတွေဆိုရင် ဆေးရုံပေါ်တောင် တင်စရာလိုတော့ဘူး။ ဆရာဝန်တွေက တခါတည်းစစ်ပြီး သေဆုံးကြောင်း အတည်ပြုခဲ့ရတယ်ဟု ဆိုသည်။

 

သေဆုံးသူများ ရှိသလို ဒဏ်ရာရရှိသူမှာ ကိုယ်တိုင်မြင်တွေ့ရသူ အနည်းဆုံး ၄ ဦးရှိသည်ဟု ဖုန်းဆက်သတင်းပေးသူကဆိုသည်။ ထို့ပြင် အခြား သတင်းရင်းမြစ်များကို ဆက်သွယ်ချက်အရ သေဆုံးသူမှာ အနည်းဆုံး ၈ ဦးခန့်ရှိနိုင်ကြောင်း သိရသည်။

You can treat me a cup of coffee.

wave

Press ESC to close