အာဖဂန်များကို လက်ခံမည်မဟုတ်ဟု သြစတြီးယား ခေါင်းဆောင် ပြော

ဥရောပနိုင်ငံဖြစ်တဲ့ သြစတြီးယားနိုင်ငံရဲ့ အဓိပတိ ခေါင်းဆောင်က အာဖဂန်နိုင်ငံသားတွေကို သူ့အစိုးရလက်ထက်မှာ လက်ခံသွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

 

သတင်းဌာနတစ်ခုနဲ့ တီဗွီအင်တာဗျူးမှာ သြစတြီးယား အဓိပတိ ဆီဘစ္စရှန်ကာ့ က လက်ရှိဖြစ်နေတဲ့ အာဖဂန်နိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ထည့်သွင်းပြောဆိုသွားကြောင်း ဂျာမနီအခြေစိုက် Frankfurt Neue Presse က ဖော်ပြထားပါတယ်။ 

 

“သြစတြီးယားနိုင်ငံထဲကို လူတွေ ထပ် သွင်းတော့မှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

 

ဒါ့အပြင် အာဖဂန်နိုင်ငံသားတွေ ခိုလှုံခွင့်တောင်းလာခဲ့ရင် လက်ခံမှာလားဆိုတာနဲ့ ပတ်သက်ပြီး “ကျုပ် ရာထူးသက်တမ်းအတွင်းမှာတော့ အဲ့ဒါ ဖြစ်လာမှာ မဟုတ်ဘူး” ပြောကြားသွားပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အဓိပတိ ဖြစ်လာတာဖြစ်ပြီး သြစတြီးယားရဲ့ ဥပဒေအရ အဓိပတိရာထူးမှာ သက်တမ်း သတ်မှတ်ချက် တိတိကျကျ မရှိပါဘူး။

 

လက်ရှိ သြစတြီးယားနိုင်ငံအတွင်းမှာ အာဖဂန်နိုင်ငံသား ၄၀, ၀၀၀ ကျော်ရှိနေပြီး ဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။ သြစတြီးယားနိုင်ငံလူဦးရေရဲ့ တစ်ရာခိုင်နှုန်းကျော်ဟာ ခိုလှုံခွင့်တောင်းသူတွေ ဖြစ်ကြတယ်လို့လည်း ရိုက်တာ သတင်း တပုဒ်က ဆိုပါတယ်။

 

The Conversation သတင်းဌာနရဲ့ အဆိုအရ အာဖဂန်ရွှေ့ပြောင်းသူတွေနဲ့ ဒုက္ခသည်တွေကို အများဆုံးလက်ခံတာ ကမ္ဘာ့နိုင်ငံတွေမှာ ပါကစ္စတန်က ထိပ်ဆုံးကဖြစ်ပြီး အီရန်က ဒုတိယဖြစ်ပါတယ်။

 

ဥရောပနိုင်ငံတွေထဲမှာ သြစတြီးယားဟာ ဂျာမနီပြီးရင် ဒုတိယမြောက် အများဆုံး အာဖဂန်တွေကို လက်ခံခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဂျာမနီမှာ အာဖဂန်ဦးရေ ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ လက်ခံထားတဲ့ အာဖဂန်ဦးရေကတော့ ၁၅၀၀ ကျော်ပဲရှိပါတယ်။

 

ဆီဘစ္စရှန်ကာ့ ဟာ ရွှေ့ပြောင်းသူတွေ၊ ခိုလှုံခွင့်တောင်းသူတွေအရေးမှာ အယူအဆ တင်းမာသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်က ဒီအရေးနဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ အသာစီးရခဲ့တဲ့ ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် အာဖဂန်တွေဟာ “အထူးသဖြင့် (မူလ ရှိနေပြီးသား လူ့အဖွဲ့အစည်းနဲ့) ပေါင်းစည်းဖို့ တော်တော်ခက်တယ်” လို့ အဓိပတိ ဆီဘစ္စရှန်ကာ့က ဆိုပါတယ်။

 

“ပေါင်းစည်းဖို့ ခက်ခဲတဲ့ လူတွေကို လက်ခံလိုက်တာမျိုးက နိုင်ငံတစ်နိုင်ငံအတွက် တော်တော်ကြီးမားတဲ့ ပြဿနာပါ” လို့ ထပ်လောင်း ပြောပါတယ်။

 

အာဖဂန်တွေကို သူ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တာမင်နစ္စတန်၊ ဥဇဘက္ကစ္စတန်တို့က ကူညီပေးသင့်တယ်လို့ ဆိုပြီး ဥရောပနိုင်ငံတွေအနေနဲ့ အဲ့ဒီနိုင်ငံတွေကို ပြန်ပြီး ထောက်ပံ့ပေးတာမျိုး လုပ်သင့်တယ်လို့ ဆိုပါတယ်။

 

အာဖဂန်နစ္စတန်နိုင်ငံမှာ ဒီနှစ် နှစ်စ ဇန်နဝါရီလကတည်းက လူပေါင်း ၅ သိန်း ၅ သောင်းကျော် အိုးပစ်အိမ်ပစ် ပြေးခဲ့ရပြီး လူ ၃ သန်းကျော် အခြေမဲ့အနေမဲ့ ဖြစ်ခဲ့ပြီးပြီလို့ ကုလရဲ့အချက်အလက်တွေကို ကိုးကားပြီး ဂါးဒီးယန်း သတင်းဌာနက ဖော်ပြပါတယ်။

 

ပြီးခဲ့တဲ့အပတ် တာလီဘန်တွေ ကဘူးမြို့ကို သိမ်းပိုက်လိုက်ပြီးကတည်းက လက်ရှိအချိန်ထိ လူပေါင်း ၃ သိန်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြပြီ ဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close