နေပြည်တော် ဧလာ လေဆိပ်ကို မနေ့က ရှော့တိုက်ဒုံးနဲ့ ပစ်လို့ ဆီလှောင်ကန်တွေ မီးလောင်သွားတယ်လို့ သတင်းဌာန တချို့က ရေးကြပါတယ်။ ဟုတ် မဟုတ် အများစုက ဇဝေဇဝါဖြစ်ပြီး လာမေးကြလို့ စစ်ကြည့်ပြီး ကျနော် စာပြန်ရေးပါတယ်။
တကယ်တော့ ဒီ ဧလာ လေဆိပ်ကို ပစ်ခံရတယ်ဆိုတာ ခုမှတော့ မဟုတ်ပါ။ ပြီးခဲ့တဲ့ မတ် ၂၉ တုန်းကလည်း တစ်ကြိမ် ပစ်ခံရတယ်လို့ သတင်းဌာနတချို့က ရေးခဲ့ပါသေးတယ်။ ပစ်ခဲ့တယ်ဆိုတဲ့ အဖွဲ့ကလွဲပြီး ဘယ်သူမှ အတိအကျ အတည်မပြုနိုင်သလို ပျက်စီးဆုံးရှုံးမှု ရှိ မရှိလည်း မသိရပါဘူး။

မနေ့က တစ်ကြိမ် ထပ်ပစ်ခံရတယ်လို့ ဆိုပါတယ်။ ပစ်တဲ့အဖွဲ့က နှစ်ကြိမ်လုံး MKCDF နဲ့ Brave Warriors for Myanmar (BWM) လို့ တွေ့ပါတယ်။ ပထမတစ်ကြိမ် မတ် ၂၉ တုန်းက 'ကိုဇေယျာသော် မွေးနေ့' အတွက်လို့ ဆိုပြီး ခုတစ်ခေါက်ကတော့ 'ပဇီကြီးအတွက် ကလဲ့စားချေတယ်' လို့ ဆိုပါတယ်။ ပထမတစ်ကြိမ်ထက် ထူးခြားတာကတော့ ဒီတစ်ကြိမ်မှာဓာတ်ပုံ ပါလာပါတယ်။
ဒီဓာတ်ပုံကို 'မောင်း' ဆိုတဲ့စာမျက်နှာက အစောဆုံးတင်ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ အဲ့ဒီဓာတ်ပုံဟာ မနှစ်က (၂၀၂၂) ဖေဖော်ဝါရီလတုန်းက ဆော်ဒီအာရေဗျနိုင်ငံမှာ ဆီလှောင်ကန်တွေကို ဟူသီ သူပုန်တွေက မီးရှို့ခဲ့တုန်းကပုံ ဖြစ်ပါတယ်။ ထပ်ဖြည့် - ခေတ်သစ် သတင်းဌာနကလည်း ဒီသတင်းမှာပဲ ဓာတ်ပုံတစ်ပုံ တင်ခဲ့တာ တွေ့ပါတယ်။ ပြန်ဖျက်လိုက်တဲ့အတွက် ဘာပုံတင်ခဲ့မှန်း မသိရပါ။
သိပ်မကြာခင်မှာပဲ ဒီဓာတ်ပုံတွေကို တင်ခဲ့တဲ့ စာမျက်နှာတွေက ဖျက်ပစ်လိုက်ပြီး ဓာတ်ပုံအသစ်နဲ့ အစားထိုးလိုက်ပါတယ်။ မီးအလင်းရောင် တောက်တောက်နဲ့ ဘာပုံမှန်းတော့ မသိရပါ။ တင်ခဲ့တဲ့ ဓာတ်ပုံဟာ အမှားကြီးဆိုတာ သေချာရင် အဖြေက ရှင်းပါတယ်။ ဒီဓာတ်ပုံကို ပေးခဲ့တဲ့ သတင်းရင်းမြစ်ဟာ ယုံကြည်ရတဲ့ သတင်းရင်းမြစ် မဟုတ်တော့ပါဘူး။
ဒီသတင်းကိုပဲ လူထုနွေဦး (People's Spring) က တင်ပါသေးတယ်။ ကျန်သတင်းဌာနတွေက MKCDF နဲ့ Brave Warriors for Myanmar (BWM) က 'ပြောတယ်' ဆိုပြီး သတင်းရေးကြပါတယ်။ လူထုနွေဦးကတော့ သူတို့ကို မသုံးဘဲ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်မတော် NPDF ကိုပဲ ကိုးကားရေးထားပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗျက မီးလောင်တဲ့ပုံကို People's Spring မှာ တင်ခဲ့တာ မတွေ့ရပါဘူး။
"မီး လောင်ကျွမ်းမှုမှာ စစ်ကောင်စီ လေတပ်စခန်း၏ ဆီသို လှောင်ကန် လောင်းကျွမ်းခြင်းလား၊ တိုက်ခိုက်မှုနောက်ဆက်တွဲ အနီးရှိ သစ်တောများ မီးကူးစက်ရာမှ လောင်ကျွမ်းခြင်းလားဆိုသည်ကိုမူ People's Spring က သီးခြားအတည်မပြုနိုင်ပါ" လို့ ရေးထားပါတယ်။
ရှော့တိုက်ဒုံးနဲ့ တကယ်တိုက်ခဲ့သလား၊ မတိုက်ခဲ့ဘူးလားဆိုတာ အတိအကျ အတည်မပြုနိုင်ပါ။ ဒီအကြောင်း ရေးထားတဲ့ ခေတ်သစ်သတင်းကို ပြန်ရှဲထားတဲ့ Brave Warriors for Myanmar (BWM) ရဲ့ စာမျက်နှာကတော့ တနေ့ (ဧပြီ ၁၆) ကမှ သူတို့ Page မှာ ပထမဆုံး ဓာတ်ပုံတင်ခဲ့တာ တွေ့ပါတယ်။