ပဲခူး ကျဆုံးသူ ၁၂ ဦး၏ မိသားစုဝင်နှင့်သူငယ်ချင်းများက အလောင်းထုတ်ရာတွင် ပိုက်ဆံပေးရသည်မှာ မဟုတ်ဟုဆို

ကျဆုံးသူအရမ်းများနေသည့် ပဲခူးမြို့တွင် မင်းအောင်လှိုင်စစ်တပ်က ပစ်သတ်၍ သေဆုံး၊ ကျဆုံးခဲ့သူများ၏ အလောင်းကို ပြန်ထုတ်ရာတွင် ငွေကျပ် ၁ သိန်း ၂ သောင်း ပေးရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကျဆုံးသူအချို့၏ မိသားစုဝင်များနှင့် သူငယ်ချင်း မိတ်ဆွေများက မဟုတ်ကြောင်း ငြင်းဆိုထားသည်။

 

ပစ်ခတ်မှုများ အပြင်းအထန် ဖြစ်ပွါးခဲ့သည့်နေ့မှ စ၍ Mratt Channel က မြေပြင်တွင်ရှိသူများနှင့် တောက်လျှောက် ဖုန်းဆက်သွယ် ပြောဆိုနေခဲ့ပြီး ကျဆုံးသူ ၁၂ ဦး၏ မိသားဝင်များ၊ သူငယ်ချင်း မိတ်ဆွေများနှင့် ဆက်သွယ် ပြောဆိုထားပြီး ဖြစ်သည်။

 

ပုံမှန်ပေးရတာမျိုးတော့ ရှိတယ်။ ဥပမာ ကားနဲ့သယ်ရင် အသုဘကားအတွက် ဘယ်လောက်ဆိုတာမျိုးပေါ့၊ မသာစရိတ်ပေါ့ဗျာ၊ နောက် လက်ဖက်ရည်ဖိုးဆိုပြီး အလောင်းသယ်ထုတ်တဲ့လူတွေကို ပေးရတာမျိုးပေါ့၊ ဒါပဲ ရှိတယ်။ အသားလွတ်ကြီး အလောင်းလိုချင်ရင် ဘယ်လောက်ပေးဆိုပြီး တောင်းတာ မရှိဘူးဗျဟု ညီဖြစ်သူ အလောင်းကို သွားထုတ်ခဲ့ရသူ ပဲခူးမြို့ခံက ဆိုသည်။

 

Mratt’s Channel က ဆက်တိုက် မေးမြန်းချက်များအရ ယခုအချိန်ထိ အလောင်းထုတ်ရာတွင် ငွေ ၁ သိန်းကျော် (၁၂၀၀၀၀) ပေးရသည်ဆိုသည်ကို ကိုယ်တိုင်ကြုံတွေ့ရသူနှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိသေးပေ။

 

ကျမ မနေ့ကလည်း ပြောပြီးပြီပဲ အစ်ကိုရေ၊ သူငယ်ချင်းတွေကလည်း လှမ်းမေးတယ်။ ပိုက်ဆံပေးရတာ ဟုတ်လားဆိုပြီး။ သူတို့က ဒီမြို့က မဟုတ်ဘူး၊ ဘယ်ကကြားလဲ မသိဘူး။ အလောင်းသွားထုတ်ပြီး တခါတည်း သင်္ဂြိုလ်လိုက်တာပဲ၊ ခေါင်းဝယ်တာ၊ အခန်းအနားကို ချဲ့ရင်ချဲ့သလိုတော့ ကုန်မှာပေါ့ဟု အစ်ကို ဖြစ်သူ အလောင်းကို သွားထုတ်သူက ဆိုသည်။

 

သို့သော် ငွေ တသိန်းနှစ်သောင်း ပေးခဲ့ရသည်ဟူသည့် ကျဆုံးသူမိသားစုဝင် တစ်ဦးတစ်ယောက်မှ မတွေ့ရသေးပေ။ AAPP က ထုတ်ပြန်ထားသည့် စာရင်းအရ ပဲခူးတွင် ကျဆုံးသွားသူ ၈၂ ဦးရှိသွားပြီ ဟုဆိုသည်။ 

 

You can treat me a cup of coffee.

wave

Press ESC to close