ပေး၍မကုန် လှူ၍ မခန်း

အာဏာမသိမ်းခင်ရော အာဏာသိမ်းပြီးချိန်ရောမှာ အမြဲတမ်း အကျိုးအမြတ်ရှာ/ရ နေတဲ့ အုပ်စုတစ်စု ရှိတယ်။ အဲ့ဒါက Click-bait (ကလစ်နှိပ်သမျှ ငွေဝင်တဲ့) အုပ်စုပဲ။

 

ကျနော် Myanmar NOW သတင်းဌာနမှာ လုပ်ခဲ့စဉ်က Fact-Check အတွက် တာဝန်ယူခဲ့တယ်။ အဓိက ရေးတာကတော့ သတင်းထောက်နှစ်ယောက်၊ ကျနော်က စာတည်း ပေါ့။ အဲ့ဒီမှာ ကျနော်တို့ အများဆုံး ရေးခဲ့တာ က သတင်းဌာနတွေဆီက သတင်းတွေကို ခိုးပြီး သူတို့ ဝက်ဘ်ဆိုက်ပေါ် ပြန်တင်၊ Instant Articles နဲ့ ဖေ့စ်ဘွတ်ပေါ် ပြန်တင်၊ အဲ့ဒီကနေ ဝင်ငွေရှာကြတဲ့အကြောင်းတွေနဲ့ အွန်လိုင်းပေါ်က တရားမဝင် လောင်းကစားကိစ္စတွေ။

 

တကယ်တော့ Myanmar NOW ကို မဝင်ခင်ကတည်းက အဲ့ဒီလို သတင်းဌာန အယောင်ဆောင် Click-bait ဆိုက်တွေအကြောင်း ကိုယ်တိုင် အများကြီး ရေးခဲ့ဖူးတယ်။ အဲ့ဒီကတည်းက ဒီအုပ်စုဟာ ကျနော့်ကို ပါဆင်နယ်အရ အငြိုးအတေး ကြီးကြီးမားမား ထားခဲ့ပုံရပါတယ်။ သတင်းဌာန မက်ဆင်ဂျာထဲရော၊ ကျနော့်ကိုပါ တောက်လျှောက် ဆဲဆို တိုက်ခိုက်ခဲ့တယ်။

 

(ခုလည်းပဲ ကျနော့်ကို အဓိက တိုက်ခိုက် ဆဲဆိုတဲ့အထဲ အဲ့ဒီ Click-bait အုပ်စုက ထိပ်ဆုံးက၊ ဒုတိယလိုက်တာကတော့ စစ်ကောင်စီဘက်တော်သားနဲ့ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီတွေက လူတွေ။ ပါဆင်နယ်နဲ့ ရောပြီး အငြိုးနဲ့ ကြိတ်တာ။ ဒါက စကားချပ်)

 

ပြောလိုတာက ခု အဲ့ဒီ Click-bait အုပ်စုဟာ လိမ်ညာ အလှူခံတဲ့လိုင်းကို ပြောင်းသွားပြီ။ အရင်ကဆိုရင် ဒီအုပ်စု လုပ်တဲ့နည်းလမ်းပေါင်းစုံထဲက တစ်ခုက ထီ တစ်ကြိမ်ထွက်တိုင်း ထီပေါက်သူရဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ် ဂရုတွေပေါ်တင်ပြီး ထီပေါက်ထားတဲ့ငွေကို အလှူလုပ်မလို့ပါ၊ ဖုန်းနံပါတ်လေးတွေ မန့်ခဲ့ပေးပါဆိုပြီး လုပ်တယ်။

 

မသိနားမလည်တဲ့လူတွေက ရှိသမျှ ဖုန်းနံပါတ် လေးလုံးငါးလုံးလောက် အကုန်မန့်တယ်။ အဲ... ဖုန်းနံပါတ်မန့်ရုံနဲ့ ဘယ်လိုလိမ်ခံရတာလဲပေါ့ (တချို့က တကယ်ကြီး ဒီမေးခွန်းကို မေးတာ) သေချာတာကတော့ ထီပေါက်တဲ့ငွေအလှူလုပ်မလို့ပါဆိုပြီး ဖေ့စ်ဘွတ်ပေါ် တင်လိုက်တာကို ယုံပြီး ဖုန်းနံပါတ် မန့်လိုက်ကတည်းက ဟိုကောင်တွေက ဒီကောင်ကတော့ ငစနူပဲဆိုတာ သိသွားပြီ။ ပြီးတော့ အဲ့ဒီဖုန်းနံပါတ်ကို သေချာလေ့ကျင့်ထားတဲ့ လူတွေက ဖုန်းဆက်တယ်။

 

ကေပေးနဲ့ လွှဲပေးမလို့ပါ။ ထီပေါက်တဲ့လူက လှူချင်တာပါ၊ ငါးသောင်းမလွှဲခင်၊ တစ်သောင်းကို အရင် လွှဲပေးပါဆိုပြီး ပြော။ နားမလည်တဲ့လူတွေကလည်း လွှဲ၊ အဲ့လိုနဲ့ လုပ်စားကြတာပါပဲ။

 

အဲ့ဒီ ထီပေါက်ငွေ လှူမလို့ပါဆိုတဲ့ ပို့စ်အောက်မှာ မန့်တဲ့လူဟာ ပို့စ်တစ်ခုမှာ အနည်းဆုံး ၅ ထောင်ကျော် (5K) ကျော်လောက်စီ ရှိတတ်တယ်။ တွက်ကြည့်ရင် သုံးပုံတပုံပဲ လိမ်လို့ရဦး၊ ရမယ့်ငွေဟာ မနည်းဘူး။ တကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်း မဟုတ် အလိမ်ခံကြတယ်။

 

ဒီလို အွန်လိုင်းပေါ်မှာရှိတဲ့ မသိနားမလည်သူတွေအကြောင်း ကောင်းကောင်းကြီး နားလည်တဲ့ လိမ်လည်သူတွေဟာ ခု တော်လှန်ရေးကာလမှာ ပုံစံပြောင်းကြပြီ။ 'ပီဒီအက်ဖ်အတွက် လှူမလို့ပါ''နေမကောင်းတဲ့ ဘိုးဘွားတွေကို လှူမလို့ပါ' (ဓာတ်ပုံတင်၊ ဘယ်ကပုံမှန်း မသိ)၊ ၂၀၀ ပဲ လှူပေးပါ၊ ၃၀၀ ပဲလှူပေးပါ ဆိုပြီး Page တွေထောင်ကြပြီး လိမ်နေကြပါပြီ။

 

အပေါ်က ပြောသလို ထီပေါက်ငွေ လှူမလို့ပါဆိုတာကို အလွယ်တကူ ယုံတဲ့ လူတန်းစားအကြီးကြီး တစ်ခုက ကျနော်တို့ဆီမှာ ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး။ အမြဲ ရှိနေဦးမှာပါ။ အဲ့ဒီ မသိနားမလည်မှုကို မိရိုးဖလာ ဗုဒ္ဓဘာသာ အခြေခံနဲ့ သနားတတ်တဲ့စိတ်ပေါင်းလိုက်တော့ ပေး၍မကုန် လှူ၍ မခန်းတွေ ဖြစ်ကုန်ကြရော။

 

ကျနော် အစက အဲ့ဒီလို လိမ်ညာ အလှူခံတဲ့ Page တွေကို စာရင်းလုပ်ထားသေးတယ်။ ဒါပေမယ့် ဒီကောင်တွေက လည်တယ်။ သူတို့ သတ်မှတ်ထားတဲ့ ပမာဏ (ဥပမာ သိန်း ၅၀) ကျော်လောက် ရပြီဆိုရင် အဲ့ဒီ Page ကို ဖျက်ပြီး နောက်တစ်ခု အသစ်ထောင်တယ်။

 

အဲ ဒီမှာ အကွက်ကျတာ တစ်ခု ရှိသေးတယ်။ ဒီအုပ်စုက လူကြိုက်တဲ့ သတင်းတိုလေးတွေ (ဥပမာ သန်းရွှေသေပြီ၊ မင်းအောင်လှိုင် ကိုဗစ်ဖြစ်နေပြီ၊ စိုးဝင်းလေယာဉ်ပျက်ကျတာ ပါသွားပြီ စသဖြင့်) တင်ပြီး Page ပေါင်းစုံ ဖွင့်ထားတယ်။ တစ်ခုကျရင် နောက်တစ်ခုနဲ့ နာမည်ပြောင်းပြီး အလှူခံတယ်။ [ကျနော်လည်း နောက်ပိုင်း မမှတ်နိုင်တော့ဘူး]

 

ဒီကောင်တွေ ခု တဖြည်းဖြည်း ပို စနစ်ကျလာကြပါတယ်။ ပြီးတော့ ဒီအုပ်စုဟာ Instant Articles, YouTube Monetization စတဲ့ကိစ္စတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ကို သိထားကြတယ်။ ဥပမာ YouTube မှာ ဘုန်းကြီးတရားတွေပဲ တင်ပြီး ဝင်ငွေရှာနေတဲ့ အုပ်စု။ ဒါကလည်း ဒီကောင်တွေနဲ့ တဖွဲ့တည်းပဲ။

 

ဆိုတော့ ပေး၍မကုန် လှူ၍ မခန်း မဖြစ်ရလေအောင် ပိုပြီး ဂရုစိုက်ကြပါ မိတ်ဆွေများခင်ဗျား....

You can treat me a cup of coffee.

wave

Press ESC to close