ရွှေချတဲ့ မုဒ်ဦးကြီးနဲ့ ကျောင်းက ယင်လုံအိမ်သာ

"မိန်းမနဲ့ ကလေးကို ထားပြီး ထွက်သွားတာ ယောက်ျားကောင်းတို့ရဲ့ လုပ်ရပ်တော့ မဟုတ်ဘူး" 

"ဆိုးတာပေါ့။ ယောက်ျားကောင်းတွေဆိုရင် မိသားစုကို ပစ်ပြီး ထွက်သွားမှာမှ မဟုတ်တာ" 

"ကိုယ့် အိမ်မှာတောင် တာဝန်မကျေနိုင်ဘဲ လောကကြီးကို ပြောင်းလဲပစ်မယ်ဆိုတာတော့ ဟာသပါကွာ"

"ဒါနဲ့ နေပါဦး အဲ့ဘဲက ဘယ်သူတုန်း"

"သိဒ္ဓထ္တ လေ" 

အပေါ်က ဒိုင်ယာလော့မျိုးက အနောက်တိုင်း ဗုဒ္ဓဝါဒ ဆန့်ကျင်ရေး သမားတွေ ဝေဖန်ကြလေ့ရှိတာမျိုးပါ။ ဒါကို အပေါ်ကလို ပြန်ရေးတော့ နည်းနည်း ချစ်ဦးညို ဆန်နေမလားတော့ မပြောတတ်။ 

ဗုဒ္ဓ တောထွက်သွားတာမှာ မိသားစုကို ထားသွားတာကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်ကြလို့ သီရိလင်္ကာ ဆရာတော်တစ်ပါးဖြစ်တဲ့ ကေသရိ ဓမ္မနန္ဒ က ဒီအကြောင်းကို သူ့ရဲ့ What Buddhist Believe စာအုပ်ထဲ တော်တော်ကို အကျယ်ရှင်းဖူးပါသေးတယ်။ 

ဘာသာရေး ဝေဖန်ရေးဆိုလို့ မှတ်မိတာရယ်ပါ။

တနေ့က ရခိုင်က ဆရာတော်တစ်ပါး အလှူခံတာနဲ့ ပတ်သက်လို့ ဖတ်ရ မှတ်ရပါတယ်။ တကယ်တော့ ကျနော့် တစ်ကိုယ်ရည် မှတ်ထားတာက မြောက်ဦးဆရာတော်ဟာ Robert Pattinson လို၊ Hugh Jackman လို ခပ်တိတ်တိတ်နေတတ်ပြီး ဆိုရှယ်မီဒီယာမှာ မရှိလောက်ဘူး ထင်ထားတာ။ လိုက်ကြည့်တော့မှ သူ့ ဖေ့စ်ဘွတ်မှာ တော်တော်တင်ထားတာ တွေ့ရတယ်။ သူ့ ဒါယိကာ၊ ဒါယိကာမတွေ ဦးစီးတာပဲ ဖြစ်မှာပါ။ 

အမေက ဆရာတော်ရဲ့ တရားတွေ အမြဲတမ်း နာလေ့ရှိတယ်။ ဆရာတော်ဟာ ဇာတ်လမ်းတွေနဲ့ တန်ဆာဆင်ပြီး သုတ္တံအခြေပြု တရားဟောလေ့ရှိတာ သိပ်မတွေ့ရ။ ဘာလို့ ဒီလိုပြောနိုင်သလဲဆိုရင် သူ့တရားတွေချည်း အပုဒ် ၂၀၀ လောက်ပါတဲ့ ယူအက်စ်ဘီနဲ့ တွဲဖွင့်ရတဲ့ ရေဒီယိုနဲ့ အမေက နေ့တိုင်း တရားနာတော့ အမြဲတမ်း နာခဲ့ဖူးတာကြောင့်ပါ။

'အလုပ်ပေးတရား' တွေပဲ ဟောလေ့ရှိတာ သတိထားမိတယ်။ အထူးသဖြင့် သုတ္တံတွေကို ငြီးငွေ့ပြီး တရားရှုမှတ် ဆင်ခြင်တာပဲ လုပ်ချင်သူ ယောဂီတွေအတွက် အတော့်ကို အဆင်ပြေပါတယ်။ 

သုတ္တံဆိုတာကလည်း 'ဒီလို မဖြစ်စေနဲ့၊ ဒီလိုလုပ်သင့်တယ်' ဆိုတဲ့ ဆောင်ရန် ရှောင်ရန်တွေ ဦးစားပေးတာဆိုတော့ အမေဆိုရင် အရင်က ဦးကောဝိဒ (မိဘမေတ္တာဘွဲ့ တရားတွေနဲ့ နာမည်ကြီးသူ) တို့၊ ဦးနန္ဒတို့ နာလေ့ရှိပေမယ့် နောက်ပိုင်းတော့ မြောက်ဦးဆရာတော်ကိုပဲ နာလေ့ရှိတာ သတိထားမိတယ်။ အမေဟာ တရားနာရင် အမြဲ မျက်လုံးမှိတ် တရားမှတ်လေ့ရှိတယ်။ 

ဟိုးအရင်ကတော့ ဆရာတော့် အလှူခံတဲ့သတင်းတွေ သိပ်မကြားခဲ့ဖူးဘူး။ ကြားဖူးတာတွေက စကားနည်းပြီး အမြဲတမ်း တောထဲတောင်ထဲ တရားမှတ်လေ့ရှိသူဆိုတာပါပဲ။ နောက်ပိုင်းတော့ သတင်းတွေ မကြားရတော့တာ အတော်ကြာပါပြီ။ 

ဆရာတော်နဲ့ပတ်သက်ပြီး သိသမျှ ဒီလောက်ပါပဲ။

❏ 

ဆက်စပ်လို့ တွေးကြည့်မိတာက... 

ရခိုင်မှာ၊ တကယ်တော့ ရခိုင်မှာလို့တင် မဟုတ်ပါဘူး... နိုင်ငံအနှံ့ သတင်းကိစ္စနဲ့ ခရီးတွေ ထွက်ဖူးပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာရွာတွေမှာ ဘုန်းကြီးကျောင်းတွေဟာ ဟီးထ လို့ တွေ့ရလေ့ရှိတယ်။ ရွှေရောင်ပြောင်ပြောင်နဲ့ ကျောင်းမုဒ်ဦးကြီးတွေပေါ့။ ဘုန်းကြီးကျောင်းထဲမှာလည်း သိမ်တိုင်ကြီးတွေ၊ ကျွန်း ကျောင်းတိုင်ကြီးတွေဟာ ကနုတ်ပန်းတွေနဲ့ အလှဆင်လို့။ 

ဒါပေမယ့် ရွာက မူလတန်းကျောင်းတို့၊ အလယ်တန်းကျောင်းတို့မှာတော့ ကျောင်းခြံစည်းရိုး ခနော်ခနဲ့၊ စာသင်ခုံက မလောက်၊ ကြမ်းပြင်မှာထိုင် စာသင်ရ၊ မိုးတွင်း မိုးယိုလို့ နေရာရွှေ့ရ၊ မြေနိမ့်ရာမှာ ရှိတော့ မိုးတွင်း ရေကြီးရင် ကျောင်းပိတ်ထားရ၊ တွဲဘက် ဒါမှမဟုတ် ဆရာမ ခေါ်ဖို့ ပိုက်ဆံမရှိလို့ ဆရာမ တစ်ဦးတည်းက ဘာသာရပ်ပေါင်းစုံ၊ အတန်းစုံ သင်ရတာတွေဟာ မထူးဆန်းတော့တဲ့ ဖြစ်အင်တွေပါပဲ။

ကျနော် ငယ်ငယ်က တက်ရတဲ့ မူလတန်းကျောင်းက အိမ်သာမှာ တုတ်နဲ့ အီးကုန်းရပါတယ်။ အိမ်သာပေါက်ကနေ အောက်ကို ကြည့်လိုက်ရင် အီးပုံကြီးက အကြီးကြီး။ တုတ်တွေက ထိုးထိုးထောင်ထောင်။ ဘယ်သူမှ ဒါကို ပြဿနာလို့ အရေးတယူ တွေးခဲ့ကြဖူးမှာတော့ မဟုတ်ပါ။ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာတော့ အပေါ်ထပ် အောက်ထပ် အိမ်သာ ၄ လုံး။

ဒါပေမယ့် ရွာဓလေ့ ရွာအထာဆိုတော့ ဒါတွေဟာ အရေးပါတာတွေတော့ မဟုတ်။ မိုးရွာလို့ ကျောင်းခေါင်မိုး မိုးယိုရင် ကျောင်းမတက်ရတော့ ကျောင်းသားမိဘတွေရော ကလေးတွေရော ပျော်ကြတာပေါ့။ 

ခေတ်အဆက်ဆက် ပညာရေးဝန်ကြီးဌာနဆိုတာကလည်း ယင်လုံအိမ်သာလေး ဆောက်ချင်လို့ စာတင်ရင်တောင် ဘတ်ဂျက်ကျဖို့ ပညာသင်နှစ် ၂ နှစ်လောက် စောင့်ရတာမျိုး။ မြို့ကြီးပြကြီးက စာသင်ကျောင်းတွေမှာ သံဆူးကြိုး စည်းရိုးအခိုင်အခန့်နဲ့ ဆိုင်းဘုတ်အကြီးကြီးတွေ မြင်ရရင် ငယ်ငယ်က တက်ခဲ့ရတဲ့ ရွာက မူလတန်းကျောင်းလေးကို သတိရပြီး ဝမ်းနည်းမိတယ်။ 

တကယ်တော့ မြို့ပြက ဒီကျောင်းဆောင်ကြီးတွေ ပြောင်ရောင်နေတာ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်ကြောင့်တော့ မဟုတ်။ ကျောင်းရဲ့ 'မိဘ၊ ဆရာအသင်း' ချမ်းသာရင် ချမ်းသာသလို ကျောင်းအရောင်ပြောင်တာပါပဲ။ ဆိုတော့ 'အရပ်ကောင်း ကျောင်းလှ' ပေါ့။

နယ်မြို့ သေးသေးလေးတွေက ကျောင်းတွေ၊ ရပ်ရွာတွေက မူလတန်းကျောင်းတွေမှာတော့ အရပ်ကလည်း မွဲ၊ ကျောင်းကလည်း မွဲ။ ဘာလို့ဆို မိဘဆရာအသင်းဆိုတာ ကြေးရတတ်တွေ မဟုတ်ဘူးလေ။ ဒါပေမယ့် တစ်ဖက်မှာတော့ လူချမ်းသာတွေဟာ တနှစ်မှာ ကိုရင် အပါး ၁၀၀ ရှင်ပြုပွဲအတွက် အလှူငွေ သိန်း ၁၀၀ ဆိုရင် မြို့ဦးကျောင်း မုဒ်ဦးအဝင်မှာ ဆိုင်းဘုတ်ကြီး ထောင်၊ လော်စပီကာနဲ့ အော်တော့ ပျော်ပျော်ကြီးလှူကြတယ်။ ဒါပေမယ့် စာသင်ကျောင်းလေးအတွက်ဆိုရင် အလှူငွေ တစ်သောင်းတောင် ထည့်ဖို့ တွန့်တိုကြလေ့ရှိပါတယ်။ 

တစ်ခုတော့ ရှိမယ်။ မြို့ကြီး ပြကြီးတွေမှာ မြို့ဦးဆရာတော်တွေဟာ လူ့အသိုင်းအဝိုင်းအပေါ် သြဇာကြီးတော့ ဆရာတော်တွေကို အိတ်ထဲ ထည့်ထားနိုင်ရင် နိုင်ငံရေး၊ စီးပွားရေးမှာ ပေါက်ရောက်နိုင်တယ်။ The Wire ဆိုတဲ့ ရုပ်ရှင်ထဲမှာ နိုင်ငံရေးသမားက ခရစ်ယာန်ဘုန်းတော်ကြီးကို ဘုရားကျောင်းမှာ တရားဟောရင် သူ့နာမည်ကို သာသာထိုးထိုးလေး ထည့်ပြောပေးဖို့ တိုင်ပင်သလိုပေါ့။ "ဘုရားကျောင်းအတွက် အလှူငွေ ထည့်ပေးမယ်၊ ကျုပ်ကို နည်းနည်း စင်တင်ပေး" ပေါ့။ 

ဒါပေမယ့် စာသင်ကျောင်းကို သွားလှူလို့ ကျောင်းအုပ်နဲ့ သိရင် ဘာရမှာလဲဆိုတော့ ဘာမှ မရပါဘူး။ နထ္တိ။ နိုင်ငံရေး၊ စီးပွားရေး ဘာမှ အကျိုးအမြတ် မရှိနိုင်။ ဆိုတော့ စီးပွားရေးသမားနဲ့ လူချမ်းသာတွေဟာ ရွာက စာသင်ကျောင်းကို လှူမလား၊ နာမည်ကြီး ဘုန်းကြီးကို လှူမလား...?

ဒါပေမယ့် ဘာသာရေးကိစ္စ ဖြစ်တော့ နိဗ္ဗာန်နဲ့ ကိုင်ပေါက်ရင် ခံနိုင်ရိုးလား။ "ရွာမှာ အမြတ်တနိုးထားတာလေ"၊ "တို့မြို့ရဲ့ မျက်နှာဖုံးဘုရားကွ"၊ "ဘာသာပျောက်ရင် လူမျိုးပျောက်သွားမယ်"၊ "သာသနာပြုကြရမှာ မဟုတ်လား" ဆိုတဲ့ လှိမ့်လုံးတွေအောက် ရွာက မူလတန်းကျောင်းလေး ခေါင်မိုး မလုံတာဟာ နိဗ္ဗာန်ရောက်ကြောင်း တရားလောက် အရေးမပါတော့ပါဘူး။ 

လက်တွေ့ဘဝမှာ အလုပ်ရှာကြတော့ အင်္ဂလိပ် စကားပြော မရရင် သင်တန်းတက်ကြရတယ်။ နယ်မှာ ကျောင်းပြီးလာသူတွေဟာ ၁၀ တန်းအောင်ပြီးတာတောင် ကိုယ့်နာမည်ကို အင်္ဂလိပ်လို မိတ်ဆက်ဖို့ ရွံ့တွန့်တွန့်။ ကွန်ပျူတာ သင်တန်း တက်ကြရတယ်။ ပညာရေးမကောင်းခဲ့လို့ ရုန်းကန်ရမှုဟာ တကယ့် နေ့စဉ်ဘဝမှာ အင်မတန်ကြီးမားတဲ့ အခက်အခဲကြီးတစ်ခု။ 

ဒါပေမယ့် ဒါဟာ ရွာက စာသင်ကျောင်းလေး မိုးယိုလို့ ပိတ်ထားရတာ၊ ခဲတံတိုလေးကို တံတွေးဆွတ်ပြီး စာရေးခဲ့ရတာ၊ ဗလာစာအုပ် မလောက်လို့ စာမရေးခဲ့ရတာ၊ ဆရာမ မလောက်လို့ ကြုံသလို ဖြစ်သလို သင်ခဲ့ရတာတွေနဲ့ ဆက်စပ်တွေးကြည့်ကြသူ နည်းပါတယ်။ အကျိုးဆက်ကတော့ ပညာနဲ့ ငွေမရှာကြတော့ဘဲ သမ္မာအာဇီဝ မကျတဲ့ နည်းလမ်းတွေနဲ့ ငွေရအောင် ရှာကြ၊ ပြီးရင် အလှူလုပ်ကြ၊ နာမည်ကို ဘုန်းကြီးကျောင်းမုဒ်ဦးမှာ ကဗ္မည်းထိုးကြပေါ့။ 

ဘိန်းရောင်း၊ ယာဘ ရောင်းပြီး ရလာတဲ့ငွေနဲ့ အလှူလာလုပ်ရင် ဆရာတော်တွေက 'မသန့်ရှင်းတဲ့ငွေနဲ့ အလှူမလုပ်ကောင်းဘူး' လို့ တရားထဲသာ ထည့်ဟောနိုင်ပေမယ့် တကယ်တမ်းတော့ စေတနာသုံးတန် ပြတ်ရင် နိဗ္ဗာန်အတွက် အထောက်အပံ့ ဖြစ်တာပဲ မဟုတ်လား။ ဘာစီးပွားရေးပဲ လုပ်လုပ် ပုညကြိယာ ဝထ္တု ၁၀ ပါးထဲ ပထမဆုံးဖြစ်တဲ့ ဒါနသည်သာ အရေးကြီးဆုံး မဟုတ်ပါလား။ 

စာသင်ကျောင်းရဲ့ အကျိုးကျေးဇူးနဲ့ အသက်ရှင် ရပ်တည်ခဲ့ကြသူတွေမဟုတ်တော့ စာသင်ကျောင်းကို ပြန်မကြည့်တာ အထူးအဆန်းတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် နိုင်ငံအနှံ့ ဘုန်းကြီးကျောင်းတွေ ဆောက်၊ ဘုရားတွေရွှေချ၊ လှူလွန်းလို့ နိုင်ငံတော်ကတောင် ဘွဲ့တံဆိပ်ချီးမြှင့်ခံကြရသူတွေကို ကြည့်...  ပညာနဲ့လား၊ သမ္မာအာဇီဝ လား...? 

ကျောက်တော် မဟာမြတ်မုနိ ဘုရားရဲ့ စောင်းတန်းကြီးတစ်ခုလုံးမှာ 'သန်းရွှေ' ကနေ 'တင်ဦး'၊ တင်ဦးကနေ 'ရွှေမန်း'၊ နောက်ဆုံး 'မင်းအောင်လှိုင်' ထိ ရာထူး ကြီးစဉ်ငယ်လိုက် မျက်နှာကျက်အမိုး လှူဒါန်းထားတာ ရှိပါတယ်။ ဒီလူတွေရဲ့ အလှူကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြမယ်တော့ မဆိုနိုင်။ 

ကျနော်တို့ကလည်း အင်္ဂလိပ် စကားပြော မရလို့၊ Microsoft Word မှာ စာမရိုက်တတ်လို့ အလုပ်မရတာဟာ အတိတ်ကံကြောင့် ဖြစ်ပြီး ရွာကဘုရား ရွှေချဖို့ကိုတော့ အမျိုးသားရေးလို့ ယူဆကြတော့လည်းပဲ.... 

ရွှေချထားတဲ့ ဘုရားကြီးတွေ၊ ကနုတ်ပန်းအလှနဲ့ မုဒ်ဦးကြီးတွေ မြင်ရင် ခံစားရတယ်ဆိုတဲ့ နိဗ္ဗာန်မျှော်မှန်းတဲ့ ပီတိနဲ့ ငယ်ငယ်က တုတ်နဲ့ အီးကုန်းရတဲ့ ကျောင်းအိမ်သာကို ၁၀ နှစ်လောက်ကြာပြီး ယင်လုံအိမ်သာ ပြောင်းလိုက်နိုင်တော့ ကလေးတွေအဆင်ပြေသွားတာနဲ့ ယှဉ်ပြီး တွေးမိနေတော့တာပါပဲ။

 

You can treat me a cup of coffee.

wave

Press ESC to close