စီဒီအမ် ဗိုလ်ကြီး၊ ၈၈ မျိုးဆက်နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အရှုပ်အထွေး

မကွေး၊ သရက်ခရိုင်မှာ အခြေစိုက်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သူ ဆိုင်ဂုံ ဆိုသူနဲ့ တပ်ဖွဲ့ဝင် ၆ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာနယ်မြေမှာ ဖမ်းဆီးခံခဲ့ရပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ စီဒီအမ် ဗိုလ်ကြီးတွေက တောင်းဆိုနေကြပါတယ်။
 
“သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးထားမှုအား တရားမျှတ ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ် ဖြေရှင်းပေးပါရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား တိုက်တွန်းတောင်းဆို” တဲ့အကြောင်း စီဒီအမ် ဗိုလ်ကြီးတွေ ဦးစီးတဲ့ ပြည်သူ့ပန်းတိုင်ကနေ ဒီနေ့နေ့လယ်ပိုင်းက ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဆိုင်ဂုံအပါအဝင် ၇ ဦးကို “သူလျှိုအဖြစ် ၁ လကျော်ကြာ စွပ်စွဲဖမ်းဆီးခံထားရမှုအား ပွင့်လင်းမြင်သာစွာ စုံစမ်းဖြေရှင်းပေးပါရန် KIA တပ်မတော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအား တောင်းဆိုအပ်ပါသည်” ဆိုပြီး စီဒီအမ်တွေ ဖြစ်ကြတဲ့ ဗိုလ်ကြီး ညီသုတ၊ ဗိုလ်ကြီး လင်းထက်အောင်နဲ့ Captain Zero တို့ကလည်း ဆိုရှယ်မီဒီယာမှာ ဒီနေ့ တောင်းဆိုထားကြပါတယ်။
 
ကေအိုင်အေနယ်မြေမှာ ဆိုင်ဂုံနဲ့ တပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးထားတဲ့အဖွဲ့ကတော့ ပြည်သူ့စစ်မဟာဗျူဟာ အကြံပေးဗျူရို (PMSAB) ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ အင်္ဂလိပ်စာသင်ပြီး လူသိများတဲ့ အမေရိကန်မှာနေထိုင်သူ ၈၈ မျိုးဆက် ဦးမောင်မောင်ဝမ်း၊ သြစတြေးလျား နိုင်ငံရောက် စီဒီအမ် ဗိုလ်ကြီး မင်းမောင်မောင်တို့ ဦးစီးတည်ထောင်ထားတဲ့ အဖွဲ့ပါ။

ဒုဥက္ကဌ ဆရာ Madison ဆိုတာ ဗိုလ်ကြီး မင်းမောင်မောင် ဖြစ်ပါတယ်။
PMSAB က မိုးကြိုးပြောက်ကျားတပ်ဖွဲ့ကို ၂၀၂၁ စက်တင်ဘာမှာ ဖွဲ့စည်းခဲ့ပြီး စီဒီအမ် ဗိုလ်ကြီး သူရိန်ဝင်း (ခေါ်) ဆိုင်ဂုံကို ဦးစီးစေခဲ့ပါတယ်။ ခုတော့ ဦးဆောင်သူ ဆိုင်ဂုံကို PMSAB အဖွဲ့ ကိုယ်တိုင်က ပြန်လည် ဖမ်းဆီးထားတာလည်း ဖြစ်ပါတယ်။
 
ဒီလိုဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့အတွက် မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်ဟောင်းတွေက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို မေ ၁၉ ရက်စွဲနဲ့ တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။
 
သတိပြုစရာ ရက်စွဲ၊ အချိန်နဲ့ နေရာများ
 
ဦးဆောင်သူ ဆိုင်ဂုံနဲ့အတူ တပ်ဖွဲ့ဝင် ၆ ဦး ဧပြီလ ၁၁ ရက်နေ့ကတည်းက ကချင်မှာ ဖမ်းခံခဲ့ရတဲ့အကြောင်း အတွင်းပိုင်းမှာ သိခဲ့ကြပေမဲ့ အပြင်ကိုတော့ သတင်းမထွက်ခဲ့ပါဘူး။ ဒါပေမဲ့ Myanmar Now သတင်းဌာနက မေ ၂၂ မှာ ‘ဆိုင်ဂုံ ဖမ်းဆီးခံထားရတဲ့အကြောင်း’ သတင်းတင်ခဲ့ပြီး ၅ နာရီကျော်ခန့်အကြာမှာ Thunder Guerrilla Force (မိုးကြိုးပြောက်ကျားတပ်ဖွဲ့) စာမျက်နှာက ထုတ်ပြန်ချက် တစ်စောင် ထွက်လာခဲ့ပါတယ်။
 
မေ ၂၂ မှာထွက်ပေမဲ့ ရက်စွဲကတော့ ဧပြီ ၈ လို့ ပါဝင်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ စာရွက်ထဲပါတဲ့ အကြောင်းအရာတွေနဲ့ ပူးတွဲတင်တဲ့ စာတွေကတော့ မတူပါဘူး။ ဒါပေမဲ့ ၂၄ နာရီမပြည့်ခင်မှာပဲ Thunder Guerrilla Force က အဲ့ဒီထုတ်ပြန်ချက်ကို ပြန်ဖြုတ်သွားပါတယ်။
 
အဲ့ဒီ ထုတ်ပြန်ချက်အရ ဆိုင်ဂုံကို ဖမ်းဆီးထားတာကို PMSAB က အတည်ပြုထားပြီး မိုးကြိုးပြောက်ကျားတပ်ဖွဲ့ရဲ့ အမှတ် (၄၀၄) တပ်ရင်းနယ်မြေမှာ ဖမ်းဆီးထားတဲ့အကြောင်း ရေးသားထားပါတယ်။ မိုးကြိုးပြောက်ကျား အမှတ် ၄၀၄ ဆိုတာကတော့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေမှာ ရှိပါတယ်။
 
ဆိုင်ဂုံ ဖမ်းခံခဲ့ရတာက ဧပြီ ၁၁ ဖြစ်ပြီး ၄၁ ရက်တိတိအကြာမှာ သတင်းမီဒီယာက သတင်းရေးတော့မှ PMSAB က ကြေညာချက် ထွက်ပေါ်လာတာပါ။
 
မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဟောင်းတွေရဲ့ မေ ၁၉ ရက်က တိုင်ကြားစာမှာတော့ “PMSAB အဖွဲ့၏ လုပ်ကြံစွပ်စွဲချက်များကြောင့် သက်သေအထောက်အထား မရှိပါဘဲလျက် ဧပြီလ ၁၁ ရက်မှ စ၍ KIA ထောက်လှမ်းရေး၏ ခွင့်ပြုချက်ဖြင့်” ကေအိုင်အေ နယ်မြေမှာရှိတဲ့ မိုးကြိုးပြောက်ကြား တပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
 
ဘာကြောင့် ဖမ်းဆီးခံရတာလဲ
 
လက်ရှိမှာ ဦးမောင်မောင်ဝမ်းနဲ့ ဗိုလ်ကြီး မင်းမောင်မောင်တို့လက်ထဲမှာရှိနေတဲ့ PMSAB ရဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ Facebook စာမျက်နှာက မေ ၂၂ ထုတ်ပြန်ချက်အရ တပ်ရင်းမှူး ဆိုင်ဂုံဟာ တပ်ဖွဲ့ပိုင်တံဆိပ်နဲ့ အလံတွေကိုသုံးပြီး Facebook Page ဖွင့်တာ၊ အဆင်အခြင်မဲ့ သွားလာတာ၊ ဒေသတွင်း တပ်ဖွဲ့တွေရဲ့ တပ်တည်နေရာ၊ လက်နက် ခဲယမ်း လမ်းကြောင်းတွေကို မှတ်သားတတ်တာနဲ့ လူမှူရေး ဖောက်ပြန်တာ စတဲ့ ကိစ္စတွေကို “မသင်္ကာဖွယ်ရာ အချက်အလက်များအား သက်သေ အထောက်အထားများနှင့်တကွ စိစစ်တွေ့ရှိ” တာကြောင့် ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
 
ဒါပေမဲ့ ဆိုင်ဂုံလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုင်ဂုံပြန်လည်လွတ်မြောက်လာဖို့ တောင်းဆိုနေကြတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေကတော့ ဒီထုတ်ပြန်ချက်ထဲပါတဲ့ အချက်တွေကို ငြင်းဆိုတဲ့အပြင် တကယ့်အကြောင်းရင်းနဲ့ လုံးဝ ကွဲလွဲနေတယ်လို့လည်း ပြောကြပါတယ်။
 
“တကယ်တော့ ဦးမောင်မောင်ဝမ်းတို့၊ ကိုမင်းမောင်တို့က ဟိုးတုန်းကတည်းက ပြောနေတာ ကြာပြီ။ တော်လှန်ရေးအောင်ပြီး ၅ နှစ်လောက်ကြာတဲ့အထိ ထပ်ပြီး လက်နက်ကိုင်ထားဦးမယ်ပေါ့၊ အန်ယူဂျီနဲ့ စင်ပြိုင်လုပ်မယ်ပေါ့။ ဘိန်းစိုက်မယ်၊ ပြီးရင် အခွန်ကောက်မယ်ဆိုတာတွေတောင် ပြောတယ်။ ဒါတွေကို ကိုဆိုင်ဂုံက လက်မခံဘူးပေါ့” လို့ လက်ရှိမှာ ပြန်ကြားရေးတာဝန်ယူထားသူ မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်ဟောင်း ကိုစာကလေးက ပြောပါတယ်။
 
ပြည်သူ့စစ် မဟာဗျူဟာ အကြံပေးဗျူရို (PMSAB) ဦးဆောင်သူ ဦးမောင်မောင်ဝမ်းနဲ့ စီဒီအမ် ဗိုလ်ကြီး မင်းမောင်မောင်တို့ရဲ့ ရပ်တည်ချက်တွေကို မိုးကြိုးပြောက်ကျား (၁၀၁) တပ်မှူး ဆိုင်ဂုံက သဘောမတူခဲ့တဲ့နောက် သဘောထားကွဲလွဲမှုတွေ စတင်ခဲ့တယ်လို့ ကိုစာကလေးက ဆိုပါတယ်။
 
မေ ၁၉ ရက်က တိုင်ကြားစာထဲမှာလည်း “(PMSAB) ဗဟိုစစ်ကော်မရှင်၏ တော်လှန်ရေး သန္ဓေမမှန်မှုများအား သတိထားမိသောကြောင့်” တပ်ရင်းမှူး ဆိုင်ဂုံက မိုးကြိုးပြောက်ကျား (၁၀၁) တပ်ရင်းက ရဲဘော်တွေနဲ့ တိုင်ပင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MoD) ထံမှာ တပ်ရင်းတင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
 
အဲ့ဒီလို NUG-MoD အောက်မှာ တပ်ရင်းတင်တဲ့အကြောင်းကို ဦးမောင်မောင်ဝမ်းနဲ့ ဗိုလ်ကြီး မင်းမောင်မောင်တို့ သိသွားပြီး နောက်မှာတော့ ဆိုင်ဂုံကို ဖြုတ်ချဖို့အတွက် မင်းမင်း (ငဖဲ) ဆိုသူကို စေလွှတ်ပြီး တပ်ရင်းမှူး ဆိုင်ဂုံအောက်က ဒုတပ်ရင်းမှူး A1 ဆိုသူကို ဒီနှစ် ဇန်နဝါရီ ၁၅ ရက်က စည်းရုံးစေခဲ့တယ်လို့ တိုင်ကြားချက်ထဲမှာ ရေးသားထားပါတယ်။
 
“စည်းရုံးတာကတော့ ဖြုတ်ချတဲ့လူကို တပ်ရင်းမှူး နေရာပေးမယ်ပေါ့။ ကိုဆိုင်ဂုံနေရာပေါ့” လို့ ကိုစာကလေးက ဆိုပါတယ်။
 
စည်းရုံးတာ အထမမြောက်ခဲ့ဘဲ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ (၁၀၁) က တပ်ရင်း ရဲဘော်တွေကလည်း လက်မခံခဲ့တာကြောင့် ဗဟိုစစ်ကော်မရှင်ရဲ့ အကြံအစည် မအောင်မြင်ခဲ့ဘူးလို့ တိုင်ကြားစာမှာ ဖော်ပြပါတယ်။
 
“အဲ့ဒါပြီးနောက်ပိုင်းတော့ သူတို့ (PMSAB) က ကိုဆိုင်ဂုံကို ဒလန်ဆိုပြီး တောက်လျှောက် စွပ်စွဲတော့တာပဲ” လို့ ကိုစာကလေးက ဆိုပါတယ်။
 
PMSAB ရဲ့ ကွဲပြားတဲ့ ထုတ်ပြန်ချက်အဆင့်ဆင့်
⎯ မတ်လက ထုတ်ပြန်ချက်
 
ဆိုင်ဂုံကို ဒလန်လို့ စွပ်စွဲမှုတွေ ထွက်လာပြီးနောက်ပိုင်း မတ်လ ၁၀ ရက်မှာတော့ ဦးမောင်မောင်ဝမ်းနဲ့ ဗိုလ်ကြီး မင်းမောင်မောင်တို့ ဦးစီးတဲ့ PMSAB ကနေ ‘မဟာမိတ်ဆက်ဆံရေးရုံး’ ဆိုတာကို လိပ်မူပြီး အချက် ၄ ချက်ပါ စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။
 
ဒီထဲမှာ “မြေပြင်တပ်မှူး ဗိုလ်မှူး ဆိုင်ဂုံ၏ လှုပ်ရှားမှုများ တင်ပြရန်အတွက် စစ်ကော်မရှင်မှ တောင်းခံခဲ့သော်လည်း ပေးပို့ခဲ့ခြင်း မရှိဘဲ တော်လှန်ရေးကာလ ၂ နှစ်တာကာလ ကြာမြင့်သည့်တိုင် စစ်ရေးဖော်ဆောင်မှု မရှိခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ မိမိတို့၏ ညှိနှိုင်းဆောင်ရွက်မှုများကို မလိုက်နာခြင်း၊ ကတိကဝတ်များ ပျက်ကွက်ခြင်း၊ လက်အောက်တပ်ဖွဲ့များအပေါ် သွေးခွဲအုပ်ချုပ် အာဏာတည်ဆောက်ခြင်း” တို့ ပြုလုပ်နေတယ်လို့ စွပ်စွဲထားတာ တွေ့ရပါတယ်။
 
ဒါ့အပြင် “တိုင်းရင်းသား EROs များနှင့် စစ်ရေးဆောင်ရွက်မှုဆိုင်ရာ၊ လက်နက်/ခဲယမ်းဆိုင်ရာ သဘောတူညီချက်များကို လိုက်နာမှု မရှိခြင်းတို့ကြောင့် ဗဟိုစစ်ကော်မရှင်မှ ဗိုလ်မှူးဆိုင်ဂုံအား နိုင်ငံရေး၊ တော်လှန်ရေး ခံယူချက်မရှိဘဲ ပြည်သူ့တော်လှန်ရေး လုပ်ငန်းများအား နှောင့်နှေးစေရန် ပြုလုပ်သည်ဟု သုံးသပ်ရသည့်အတွက်” မိုးကြိုးပြောက်ကျားတပ်ဖွဲ့ကနေ ထုတ်ပယ်လိုက်တယ်လို့ မတ်လ ၁၀ က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
 
ဒီလိုစွပ်စွဲမှုတွေကို ဖြေရှင်းဖို့အတွက် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဝင် ၆ ဦးနဲ့အတူ ဆိုင်ဂုံက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို မတ် ၂၈ က ထွက်ခွာသွားခဲ့ပါတယ်။ ကေအိုင်အေ ထိန်းချုပ်နယ်မြေကို ရောက်ခဲ့ပြီး ဧပြီ ၁၁ ရက်မှာ ဦးမောင်မောင်ဝမ်းနဲ့ ဗိုလ်ကြီးမင်းမောင်မောင်တို့ဦးစီးတဲ့ PMSAB က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
 
ကေအိုင်အေနယ်မြေကို ဆိုင်ဂုံ သွားရောက်ခဲ့တာနဲ့ ပတ်သက်လို့ “ကေအိုင်အေက ကျနော်တို့ကို လက်နက်ထောက်ပံ့ပေးခဲ့ဖူးတာရှိတယ်။ ပြီးတော့ သူ့ကိုအားကိုး တိုင်ရင်တော့ ရနိုင်တယ်ဆိုပြီး ကိုဆိုင်ဂုံက အဲ့ဒီကို လိုက်သွားတာပါ။ အဲ့ဒီမှာ ဖမ်းခံလိုက်ရတာပေါ့” လို့ ကိုစာကလေးက ပြောပြပါတယ်။
 
⎯ ဧပြီလက ထုတ်ပြန်ချက်
 
ဆိုင်ဂုံက KIA ထံကို ရှင်းပြဖို့သွားနေချိန် ဧပြီ ၈ မှာ PMSAB ဆီက နောက်ထပ် ကြေညာချက်တစောင် ထွက်လာပါတယ်။ ထပ်ထွက်လာတဲ့ ထုတ်ပြန်ချက်ထဲမှာ အရင် မတ်လ ၁၀ ရက်က ထုတ်ပြန်ချက်ထဲ မပါတဲ့ စွပ်စွဲချက်အသစ်တွေ တိုးလာတာလည်း တွေ့ရပါတယ်။
 
ဒါတွေကတော့ တပ်မှူး ဆိုင်ဂုံဟာ “တပ်ရင်း၏ ငွေစာရင်းရှင်းတမ်းများ တင်ပြမှု မရှိခြင်း”၊ “KNU နယ်မြေအတွင်း ခိုလှုံနေစဉ်ကာလ၌ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးစွာ အပြန်အလှန် ဆက်သွယ်ခဲ့ဖူးသည့် အချက်အလက်များ စိစစ်တွေ့ရှိရခြင်း” ဆိုတဲ့အချက်တွေ ထပ်တိုးပါဝင်လာတာ တွေ့ရပါတယ်။
 
ဆိုင်ဂုံနဲ့ NUG လက်အောက်က သရက်ခရိုင်တပ်ရင်း (၄)
 
အဲ့ဒီနောက် ဧပြီ ၁၁ ရက်မှာတော့ ဆိုင်ဂုံအပါအဝင် ၇ ဦး ဖမ်းဆီးခံလိုက်ရတာကို တပ်ဖွဲ့ဝင်တွေက သိခဲ့ကြပါတယ်။ ဖမ်းဆီးခံထားရပြီး ၅ ရက်အကြာ ဧပြီ ၁၆ ရက်မှာ NUG လက်အောက်ခံ သရက်ခရိုင် တပ်ရင်း ၄ ကနေ ဆိုင်ဂုံနဲ့ပတ်သက်ပြီး ထောက်ခံချက်တစ်စောင် ရေးပေးခဲ့ပြီး KIA, NUG-MoD အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ မိုးကြိုးပြောက်ကျားအဖွဲ့ဝင်ဟောင်းတွေက ပေးပို့ခဲ့ကြပါတယ်။
 
ထောက်ခံချက်ထဲမှာ “တပ်ရင်းမှူး CDM ဗိုလ်မှူးဆိုင်ဂုံသည် ကျနော်တို့ သရက်ခရိုင် တပ်ရင်း ၄ နှင့် မြေပြင်တွင် အတူတကွနေထိုင် တိုက်ပွဲဝင်ခဲ့သည့်မှာ ၁ နှစ်ကျော်ကြာမြင့်ခဲ့ပြီ” ဖြစ်တဲ့အကြောင်း ထောက်ခံ ရေးသားထားပါတယ်။
 
ဒါ့အပြင် “PMSAB ၏ မိုးကြိုး ဗဟိုစစ်ကော်မရှင်အနေဖြင့် တပ်မှူး ဗိုလ်မှူးဆိုင်ဂုံအား မတရား စွပ်စွဲထားချက်များဖြစ်သည့် လက်နက်ရောင်းချခြင်း၊ ငွေကြေးအလွဲသုံးစား လုပ်ခြင်း၊ သူလျှိုဟု စွပ်စွဲခြင်းများသည် မဟုတ်မှန်ကြောင်း ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များမှ အလေးအနက်တင်ပြအပ်ပါသည်” လို့လည်း ထောက်ခံချက်မှာ ရေးသားထားပါတယ်။
 
ဆိုင်ဂုံအပေါ် ထောက်ခံရေးသားချက်ဟာ မှန်ကန်ကြောင်း NUG သရက်ခရိုင်တပ်ရင်း ၄ တပ်ရင်းမှူး လင်းယုန်က အတည်ပြုပါတယ်။ NUG သရက်ခရိုင် တပ်ရင်း ၄ က ဒီလို ထောက်ခံချက်တွေ ရေးသားပေးခဲ့ပေမဲ့လည်း ဆိုင်ဂုံအပါအဝင် ၇ ဦးကတော့ ဒီနေ့ထိ မလွတ်မြောက် လာခဲ့ပါဘူး။
 
ဒီနောက်ပိုင်းမှာ ဆိုင်ဂုံ ဖမ်းဆီးခံထားရတဲ့အကြောင်း မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဝင်ဟောင်းတွေက သတင်းမီဒီယာနဲ့ စကားပြောဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီအချိန်အတောအတွင်းမှာပဲ ဗိုလ်ကြီးမင်းမောင်မောင်က မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို မေ ၂၀ ရက်က အသံဖိုင်တစ်ခု ပို့ခဲ့ပါတယ်။
 
အသံဖိုင်ထဲမှာ ဗိုလ်ကြီးမင်းမောင်မောင်က “မင်းသိအောင်ပြောပြမယ်။ ငါတို့ကို (NUG) MoD လည်း ကျော်လို့ မရဘူး၊ ဘာမှ လုပ်လို့မရဘူး ညီလေး။ အဲ့တော့ မင်းကိုတော့ ငါက သံယောဇဉ်လည်းရှိတယ်၊ မင်းသည် ငါ့ညီတယောက်လိုပဲ သဘောထားတယ်။ ဒါကြောင့်မို့လည်း မင်းကို ဆက်သွယ်ပြီး ပြောဆိုနေခြင်းဖြစ်တယ်။ ကျန်တဲ့ကောင်တွေကိုလည်း ငါတို့တွေနဲ့ ဒါ တချို့အခြေအနေတွေကျရင် လက်ကမ်းပြပေးနေ၊ ထွက်ပေါက်ပေးနေတဲ့ အနေအထားတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် တို့ဘက်က ထွက်ပေါက်ပေးနေတဲ့အချိန်အတွင်းမှာ ကျန်တဲ့ကောင်တွေလည်း ပြောလိုက်” လို့ ပြောခဲ့တာ တွေ့ရပါတယ်။
 
ဒါ့အပြင် “အဲ့ဒီ မင်း ခုနက ပြောတဲ့ MoD က ပကဖတို့ ဘာညာသရကာကောင်တွေ အကုန်လုံးက တကယ့်တကယ်ကျတော့ ဘာမှ အဝှါဖြစ်တဲ့ကောင်တွေ မဟုတ်ဘူး။ မင်းတို့တွေဘက်မှာ လေကြီးလေကျယ်နဲ့သာ ပြောနေတာ၊ ဘာမှ လုပ်နိုင်မဲ့ကောင်တွေ မဟုတ်ဘူး။ သူတို့က သူတို့အတ္တအတွက်ပဲ သူတို့ကိုယ်ကျိုးစီးပွားအတွက်ပဲ ရှေ့တန်းတင်တဲ့ကောင်တွေ။ အဲ့တော့ ဆိုင်ဂုံလည်း အတူတူပဲ။ ငါတို့ တချို့အရာတွေကျရင် ဒါ မင်းကိုပြောချင်တာတချက်က ကိုယ့်ရဲ့ အလုပ်ကို ဆက်လုပ်ချင်တယ်ဆိုရင် ဒါ ငါတို့တွေနဲ့ ကွန်တက် (Contact) မပြတ်စေနဲ့၊ ငါတို့က မင်းကို အတတ်နိုင်ဆုံး၊ ကူပေးမယ်၊ ကယ်ပေးမယ်၊ ဒါပဲ ညီလေး” လို့ ဗိုလ်ကြီး မင်းမောင်မောင်က ပြောထားပါတယ်။
 
နောက်ဆုံးအခြေအနေ
 
ခေါင်းဆောင်ဆိုင်ဂုံ ဖမ်းဆီးခံရပြီးနောက်ပိုင်း မိုးကြိုးပြောက်ကျား (၁၀၁) တပ်ရင်းက တပ်ဖွဲ့ဝင် အားလုံးက ဦးမောင်မောင်ဝမ်းနဲ့ ဗိုလ်ကြီးမင်းမောင်မောင်တို့အောက်မှာ ဆက်မနေလိုကြတော့ဘူးလို့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဝင်ဟောင်း ကိုစာကလေး ပြောပါတယ်။ အဲ့ဒီနောက် အဖွဲ့ဝင်ဟောင်းတွေအားလုံးပေါင်းပြီး လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့ (Warriors of Liberation Force - W.O.L.F) ဆိုပြီး ဖွဲ့ထားပါတယ်။
 
ဆိုင်ဂုံဖမ်းဆီးခံရတာကို ပြန်လွှတ်ပေးဖို့တောင်းဆိုနေကြတဲ့ မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်ဟောင်းတွေဟာ ဒီနေ့ မနက်မှာပဲ အရေးပေါ် အခြေအနေတစ်ခုကြောင့် အရင်စခန်းနေရာမှာ မနေရဲကြတော့ဘဲ နေရာပြောင်းရွှေ့ခဲ့ကြရပါတယ်။
 
ဆိုင်ဂုံဖမ်းဆီးခံရတဲ့အကြောင်းအရာ အပါအဝင် PMSAB နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို မီဒီယာမှာ စကားပြောရင် ပြောတဲ့သူကို ပုဂ္ဂိုလ်ရေးအချက်အလက်တွေနဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ဖော်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတဲ့ အကြောင်းလည်း PMSAB မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
 
လက်ရှိ ပြန်ကြားရေးတာဝန်ယူထားသူ မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်ဟောင်း ကိုစာကလေးက “KIA ဟာ ဂုဏ်သိက္ခာကြီးမားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် KIA ရဲ့ တရားစီရင်ရေးကိုလည်း ယုံကြည်တဲ့အတွက် ကိုဆိုင်ဂုံနဲ့ ရဲဘော် ၆ ဦးကိစ္စကို တရားမျှတမှုရအောင် ဆောင်ရွက်ပေးပါ၊ ကူညီပေးပါ” လို့ ပြောပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close