စစ်ကောင်စီအတွက် အထောက်အကူဖြစ်စေတဲ့ အဖြူရောင် မီဒီယာများ

၂၀၂၁ အောက်တိုဘာလက အင်မတန် ခေတ်စားခဲ့တဲ့ စကားလုံးတစ်ခု ရှိတယ်၊ အဖြူရောင်အနုပညာရှင် ဆိုတာပါ။ အဓိပ္ပါယ်ကတော့ နိုင်ငံရေးဆိုတာ အနုပညာရှင်တွေနဲ့မဆိုင်၊ အနုပညာကို သန့်သန့်လေး လုပ်နေကြသူတွေ ဟူလို။
 
တိုင်းပြည်ပျက်နေချိန်၊ လူပေါင်းများစွာ သတ်ဖြတ်ခံနေရချိန်၊ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဘယ်အစိုးရတက်တက် တို့ကတော့ အနုပညာရှင်ပဲ၊ အနုပညာကို သန့်သန့်လေးပဲ လုပ်မှာဆိုသူတွေ။
 
အာဏာသိမ်းတော့ စီဒီအမ်လုပ်ဖို့၊ လမ်းပေါ်ထွက်ကြဖို့၊ လူအုပ်ကြီးတွေကို 'မိုတီ' ပေးဖို့ မင်းသား၊ မင်းသမီးပေါင်းစုံ အများနည်းတူ လမ်းပေါ်ထွက်ခဲ့ကြတယ်။ အစောပိုင်းမှာ ဖက်ရှင်တစ်ခုအနေနဲ့ ပါခဲ့ကြသူတွေ။ မပါရင် ခေတ်မမီဘူး။ ဒါပေမဲ့ အများစုဟာ နိုင်ငံရေး ရပ်တည်ချက်ဆိုတာ ဘာမှန်း သိကြသူတွေ မဟုတ်။
 
လမ်းပေါ်ထွက်လာတဲ့ ကျောင်းသားတွေ အလုပ်သမားတွေနဲ့ အတူ ဝင်ပါတယ်ဆိုတာ မင်းသမီး၊ မင်းသား အများစုအတွက် ‘ဟေး ဒီနေ့ လှည်းတန်းမှာ ရှူတင်ရှိတယ်’၊ နောက်နေ့ ‘ဆူးလေမှာ ရှူတင်ရှိတယ်’ ဆိုတာလောက်ပါပဲ၊ ဒိထက် မပိုဘူး။ အနီရောင်နောက်ခံမှာ ကြယ်ကလေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ စတစ်ကာပါတဲ့ အင်္ကျီဝတ်ပြီး ဓာတ်ပုံရိုက်လို့ ကောင်းတယ်။
 
နောက်ပိုင်း ဗိုလ်သန်းရွှေမြေးရဲ့ အမြှောင်အယောင်တွေကိုတောင် မင်းအောင်လှိုင်က အထာ မထားလေတော့ ရပ်တည်ချက်မရှိ၊ လူထုခံစားချက်ဆိုတာ ဘာမှန်းမသိတဲ့ ဖက်ရှင်အရ ဆန္ဒထွက်ပြသူတွေ ပျောက်ခြင်းမလှ ပျောက်ကုန်ကြတယ်။
 
၈၀ ရာခိုင်နှုန်းလောက် မြို့ပေါ်ကျန်ခဲ့တဲ့အထဲ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ အီတိုး၊ ပိုင်တံခွန်နဲ့ ပိုပိုတို့ ဖမ်းဆီးခံရတာ ထင်ရှားတယ်။ မင်းမော်ကွန်း၊ ပိုင်ဖြိုးသုနဲ့ မြတ်နိုးအေးတို့လို ပုဂ္ဂိုလ်တွေ တောထဲ ရောက်သွားကြတယ်။ လူသိများ ထင်ရှားသူတွေကိုသာ ထည့်ရေးတာ ဖြစ်တယ်။
 
ဒီကြားထဲ King of the Scene လို့ဆိုတဲ့ ရုပ်ရှင်လောကမှာ အသိပညာ အတတ်ပညာ မြင့်မားလှပါတယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ယောင်ယောင် ဒါရိုက်တာတွေ ရှိပါသေးတယ်။ အဲ့ဒီ ပေါတခေတ်ရဲ့ Kings of the Scene တွေပဲ မင်းအောင်လှိုင်ရှေ့မှာ ရိုရိုကျိုးကျိုး တန်းစီဓာတ်ပုံရိုက်ခံနေတာ မြင်ကြရပြန်တယ်။
 
ဖြူဖြူကျော်သိန်းတို့လို နေရာအတည်တကျမရှိ ပြေးနေခဲ့ကြရသူတွေရှိသလို စစ်ကောင်စီက အကြီးအကျယ် လူသတ်နေချိန် ချောင်းသာငွေဆောင်မှာ ကာဗာတွေ သွားဆိုနေတဲ့ နီနီခင်ဇော်ကို ၅၀၅ စာရင်းက ပယ်ဖျက်တော့မှ အံ့သြကြရတာမျိုးလည်း ရှိတယ်။
 
ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာချိန်ဟာ လူထုကြားမှာ ဝေဖန်သံ၊ ထောက်ခံသံ အညံဆုံး အချိန်ပါပဲ။ စစ်ကောင်စီအနေနဲ့ အနုပညာလောကက လွဲရင် ဒီနေ့ထိ အသိုင်းအဝိုင်းတစ်ခုခုကို ပြိုကွဲအောင်၊ တစ်စစီဖြစ်သွားအောင်၊ အသံတွေအမျိုးမျိုးထွက်သွားအောင် မလုပ်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် အနုပညာလောကသားတွေဆိုတာ စစ်အုပ်စုအတွက် ကစားလို့အကောင်းဆုံး၊ လှည့်ဖျားလို့ အကောင်းဆုံး အလွယ်ဆုံးမို့လို့ပါ။
 
ဒါပေမဲ့ ကိုယ်ပိုင် ပေါက်သီချင်း တပုဒ်မှမရှိဘဲ အဖေ့သီချင်းတွေပြန်ဆိုရင်း လူသိများလာတဲ့ အမျိုးသမီးအဆိုတော်တစ်ယောက် ပြောသလို ‘ငတ်နေလို့’ ဆိုတဲ့အယူအဆလည်း ရှိပြန်တယ်။ ထောင်ထဲက ပြန်ထွက်လာသူတချို့ အလုပ်တွေ ပြန်လုပ်၊ တချို့လည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့အလုပ်တွေမှာ အကုန်လုပ်ကြတယ်။
 
တဖက်မှာတော့ အစောပိုင်းရက်တွေက ဖက်ရှင်ကျလို့ ဆန္ဒထွက်ပြခဲ့တဲ့ ရာဇာနေဝင်းတို့လိုလူမျိုးတွေ လူမြင်ကွင်းကို အရှက်မရှိ ပြန်ထွက်လာတယ်။ သူတို့နဲ့အတူ ဟိုလိုလိုဒီလိုလို အဖြူရောင်အနုပညာရှင် တွေလည်း ပိုပြီး လုပ်ကွက်ရလာကြတယ်။
 
လူထုခံစားနေရတာ၊ လူထုအခက်အခဲတွေ့နေရတာကို နားလည်ပြီး ခုချိန်ထိ ‘ပွဲတွေမဖြစ်စေဘဲ’၊ ကိုယ့်ပရိသတ်ကို စာနာတဲ့ အနုပညာရှင်တချို့ ရှိပါတယ်။ လုံခြုံရေးအရ၊ ခွင့်မပေးတဲ့ အခြေအနေတွေကြောင့် အေးအေးဆေးဆေး နေနေကြတယ်။
 
လူထုဟာ နပ် သွားပါပြီ။ ဘယ်အနုပညာရှင်ကတော့ ဘာလဲဆိုတာ ကွဲကွဲပြားပြား သိကြတယ်။ နိုင်ငံရေးနဲ့ မဆက်စပ်တဲ့၊ တော်လှန်ရေးကို နဖူးတွေ့ ဒူးတွေ့ မခံစားဖူးသေးတဲ့ နယ်သူနယ်သားတွေကတော့ အားပေးကြတုန်းပါပဲ။ ဒါကလည်း သူ့ပညာရေး ရေချိန်နဲ့သူပါ။
 
စဉ်းစားဉာဏ်ရှိသူတိုင်း ဘယ်သူ့ကို အားပေးသင့်ပြီး ဘယ်သူ့ကို သပိတ်မှောက်သင့်တယ် ဆိုတာ သိကြပါတယ်။ အဖြူရောင်အနုပညာရှင်တွေ နဲ့ ပတ်သက်လို့ အများစုကတော့ အရေးတယူလုပ် စကားထဲ ထည့်မပြောကြတော့ပါဘူး။
 
နောက်တချက်ကတော့ တော်လှန်ရေး အင်အားစုတွေက သပိတ်မှောက်ထားတဲ့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေကို စစ်တပ်ထောက်ခံသူတွေက ပိုပြီး အားပေးကြတယ်ဆိုတာ သတိထားစေလိုပါတယ်။ ညိုမင်းလွင်ရဲ့ Teacher ရုပ်ရှင်ကို စစ်ကောင်စီ လော်ဘီတွေကိုယ်တိုင် အကြီးအကျယ် Share ပြီး ကြော်ငြာပေးနေတာ တိုက်ဆိုက်မှု မဟုတ်ပါ။ အဲ့ဒီလိုပဲ ယုံလေးပို့စ်တွေအောက်မှာ ထွန်းအိန္ဒြာဗိုလ်က ဝင်မန့်နေတာ အလကားမဟုတ်ပါ။
 
သပိတ်မှောက်ထားတယ်ဆိုတဲ့ အန်ဒမန်ဂိုးလို ဘီယာမျိုးကို မင်းအောင်လှိုင့် စစ်သားတွေ ပိုသောက်ကြတာနဲ့ တသဘောတည်းပါပဲ။ ဒါကြောင့် ကိုယ်အားပေးနေသူဟာ အဖြူရောင်အနုပညာရှင် ဖြစ်နေရင် စစ်တပ်အပေါင်းအပါတွေနဲ့ တစ်တန်းတည်း တစ်အုပ်စုတည်း ဖြစ်သွားပါပြီ။
 
သတိထားကြည့်ပါ၊ ကချင်မှာ လူ ၆၀ ကျော်လေယာဉ်နဲ့ဗုံးကြဲခံရချိန်၊ မုံတိုင်ပင်မှာ၊ ကရင်နီမှာ အစုအပြုံလိုက် သတ်ဖြတ်ခံရချိန်မှာ ဒီ အဖြူရောင်အနုပညာရှင်တွေရဲ့ ‘ပွဲ’ တွေ ဆိုရှယ်မီဒီယာမှာ ပလူပျံလာလေ့ရှိတယ်၊ ပွဲတွေ ဆက်တိုက်ဖြစ်လေ့ရှိတယ်။ ဘာကြောင့်လဲ...?
 
တောထဲက ရဲဘော်တွေ၊ ထောက်ပို့လုပ်ကြသူတွေ ခဏတိုင်း ငြီးကြတယ်။ အဆိုတော်အတွဲ ပြတ်တာလောက် စိတ်ဝင်စားမခံရဘူး၊ (အဲ့ဒီအဆိုတော်အတွဲကြောင့် လူမသိလိုက်တဲ့ ထောက်ပို့ကမ်းပိန်းတွေ အများကြီးပါ) သိန်းထောင်ကျော်တန် စက်ဘီးစီးတာလောက် စိတ်ဝင်စားမခံရဘူး၊ ငွေထုတ်ကြီးနဲ့ တင်တောင်းတာလောက် စိတ်မဝင်စားကြဘူး၊ ဘာကြောင့်လဲ...?
 
လူထုက သူတို့ကို သပိတ်မှောက်ထားပြီ မဟုတ်လား၊ ဘယ်သူက ဘာလဲဆိုတာ လူထုက သိထားကြပြီ မဟုတ်လား၊ ဘာကြောင့် ဒီ အဖြူရောင်အနုပညာရှင်တွေရဲ့ အညှီအဟောက် သတင်းတွေက ဆိုရှယ်မီဒီယာမှာ အဖန်ဖန်အထပ်ထပ် လွှမ်းမိုးနေရတာလဲ...?
 
အဖြေကတော့ 'ဆယ်လီ မီဒီယာတွေ' ကြောင့်ပါ။
 
မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် တကယ်အလုပ်လုပ်သူ မီဒီယာသမားတွေ၊ ဝရမ်းထုတ်ခံရသူတွေ ထွက်ပြေးခဲ့ကြရတယ်၊ ဖမ်းဆီးထောင်ချခံရသူ သတင်းသမားတွေ ခုချိန်ထိ ထောင်ထဲမှာပါ။ ဒါပေမဲ့ ဆယ်လီမီဒီယာတွေမှာ လုပ်တဲ့ မီဒီယာအမည်ခံ အင်တာဗျူးသူတွေဟာ ဒီကြားထဲမှာ ‘အနေချောင်’ နေကြသလို ‘ငါတို့က ငါတို့အလုပ် မလုပ်လို့ အငတ်ခံနေရမလား’ ဆိုကြတယ်။ ပြီးတော့ အဖြူရောင်အနုပညာရှင်တွေကို သူတို့ပဲ ပွဲထုတ်၊ အကြိမ်ကြိမ် အင်တာဗျူးပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပွဲဖြစ်နေစေတော့တယ်။
 
'နိုင်ငံရေးနဲ့မဆိုင်ဘူး၊ တို့က အနုပညာသတင်းပဲ ရေးတာ' ဆိုတဲ့ ဆယ်လီ မီဒီယာတွေဟာ Raymond ဆုံးတာ သတင်းမရေးပါဘူး၊ ဂျမ်းတော ကိုတောင် သတင်းဆောင်းပါးလုပ်တဲ့ ဆယ်လီမီဒီယာတွေဟာ 'မူးလာ' တို့ သီချင်းဆိုပြီး ထောက်ပို့လုပ်နေတဲ့အကြောင်း မရေးပါဘူး၊ ချစ်သုဝေ အဝတ်ချုပ်ပြီး အလှူခံပေးနေတာ မတင်ပါဘူး၊ ခီ-မောင်နှံ ပစ္စည်းတွေရောင်းပြီး ထောက်ပို့ပေးနေတာ သတင်းမလုပ်ပါဘူး၊ We Are The World သီချင်း ပေါက်သွားတဲ့အကြောင်း မတင်ပါဘူး။
 
ခြူးလေးအပေါ် ဘယ်လိုသဘောရလဲဆိုပြီး ခြူးလေးအကြောင်း ခြူးလေးသူငယ်ချင်းကို ပြန်မေးပြီး သတင်းလုပ်နေတဲ့ မီဒီယာတွေဟာ ဖြူဖြူကျော်သိန်းအပေါ် ဘယ်လိုသဘောရလဲဆိုပြီး ဖြူဖြူကျော်သိန်း သူငယ်ချင်းကို အင်တာဗျူးပြီး မရေးပါဘူး။
 
ဒါပေမဲ့ မီဒီယာတခုတည်းက လွှမ်းပိုင်ကို တလမှာ အကြိမ် ၂၀၀ လောက် အင်တာဗျူးပါတယ်၊ ဘော်ဘီဆောက်ဆာကို အကြိမ် ၃၀၀ လောက် အင်တာဗျူးပါတယ်။ ကိုကြီးစား၊ ညီမလေးစား ဆိုသူကို အိမ်သာရှေ့မှာ တွေ့လည်း အင်တာဗျူးပါတယ်။
 
ဆယ်လီမီဒီယာတွေကို ‘သတင်းစာပညာ’ အကြောင်း၊ သတင်းကျင့်ဝတ်တွေအကြောင်း သွားပြောရင်တော့ ‘ဘာတွေ လာပြောနေတာလဲ’ လို့ ပြန် ရန်တွေ့ခံရပါလိမ့်မယ်။ ဘာလို့ဆို ‘၎င်း’ ဆိုတာ နံပါတ် ၄ နဲ့ စာလုံးပေါင်းရေးရတာ မဟုတ်ဘူးလားလို့ ပြန်ပြောမယ့်လူတွေချည်းမို့ပါပဲ။
 
ဆယ်လီမီဒီယာတွေမှာ သတင်းကျင့်ဝတ်ဆိုတာ မရှိပါ။ ဘယ်သူ ဘာပြောပြော မီဒီယာပေါ် မတင်သင့်တာ မတင်ဖို့ လူထုကို မပြသင့်တာ မပြဖို့ ဆုံးဖြတ်နိုင်တဲ့ အခြေခံအကျဆုံး မီဒီယာစည်းကမ်းတွေရှိပါတယ်။ ယုတ်စွအဆုံး tiktok မှာ လူကြည့်များသူကို အင်တာဗျူးလို့ 'ကျမရဲ့ သီချင်းသစ်ကို ချပြတော့မှာ' ဆိုပြီး ၅ မိနစ်လောက် ပြောချင်ရာထိုင်ပြောလည်း အကုန်တင်တာပါပဲ။
 
ယှဉ်ပြရရင် လွန်ရာကျပါမယ်။ ဟိုးအရင်က နိုင်ငံရေးသတင်းရေးကြရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိနစ် ၂၀ စာမိန့်ခွန်းကို သတင်းမီဒီယာတွေက မိနစ် ၂၀ လုံး ပြန်ဖော်ပြလေ့မရှိပါဘူး။ အင်န်အယ်ဒီပါတီဘက်ကို ယိမ်းပါတယ်ဆိုတဲ့ မီဒီယာတွေတောင် ဒေါ်အောင်ဆန်းစုကြည်ပြောသမျှ သတင်းမရေးပါဘူး။
 
ဘယ်ဟာက သတင်းဖြစ်သလဲ၊ လူထုအတွက် ဘယ်အချက်က အရေးကြီးသလဲဆိုတာကို ရွေးချယ်၊ စိစစ်၊ တည်းဖြတ် ပြီးမှ ဖော်ပြကြလေ့ရှိပါတယ်။ ဒါဟာ မီဒီယာလုပ်ငန်းမှာ အခြေခံအကျဆုံး အချက်ပါ။
 
ဒါပေမဲ့ ဆယ်လီမီဒီယာတွေကတော့ တည်းဖြတ်ရမှာ၊ စိစစ်ရမှာ၊ မီဒီယာပေါ် မဖော်ပြသင့်တာ ဘာကိုမှ ဂရုမစိုက်ပါ။ ၅ မိနစ်၊ ၁၀ မိနစ်၊ မိနစ် ၂၀ ဘယ်လောက်ရှည်မလဲ ဘာစံနှုန်းမှ မရှိပါ။​ ကလေးကို ရောင်းတဲ့ကိစ္စမှာ ခိုင်နှင်းဝေ ပြောသမျှ မဖြတ်တောက်ဘဲ ပြောသမျှ တင်ခဲ့တာကို ကြည့်ကြည့်ပါ။ (ခိုင်နှင်းဝေဟာ စစ်ကောင်စီက ပေးထားတဲ့ လူမှုထူးချွန်ဆု ရထားသူတစ်ဦးလည်း ဖြစ်ပါတယ်)
 
သူတို့အတွက် မီဒီယာကျင့်ဝတ်ဆိုတာ မြောင်းထဲမှာပါ။ Share များ၊ Like များရင် ပွဲဖြစ်မယ်၊ ပွဲဖြစ်ရင် ကြော်ငြာရမယ်၊ သူတို့ရည်ရွယ်ချက်က ဒါပါပဲ။ လူထုကို ပြသင့်သလား၊ ဆိုရှယ်မီဒီယာပေါ် တင်သင့်သလား၊ ဘယ်အပိုင်းကိုတော့ ဖြတ်တောက်သင့်သလဲ ဘယ်သူမှ ဂရုမစိုက်ကြပါ။
 
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကိုကြီးစား၊ ညီမလေးစား အပေါစား သီချင်းဗွီဒီယိုကို သတင်းလုပ်တင်နေတဲ့ ဆယ်လီမီဒီယာတွေကို - သဉ္ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို ‘ရိုးရာယဉ်ကျေးမှု ပျက်ပြားစေလို့’ ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးထောင်ချတဲ့ စစ်ကောင်စီက ဘာကြောင့် ခွင့်ပြုထားတာလဲ...?
 
ဖူးပွင့်ခိုင် Live တွေကို ဆယ်လီမီဒီယာတွေက အင်တာဗျူးပြီး ပြန်ဖော်ပြတာကို ဘာကြောင့်ခွင့်ပြုထားတာလဲ...? နန်းခင်ဇေယျာရဲ့ အင်္ကျီအကြောင်း ဆယ်လီမီဒီယာတွေက ပုံစံအမျိုးမျိုးနဲ့ ဖော်ပြနေတာကို ဘာကြောင့် ခွင့်ပြုထားတာလဲ...?
 
အဖြေကတော့ လူထုကို ဝေဝါးစေတဲ့အတွက်ပါ။ တော်လှန်ရေး သတင်းတွေကို မှိန်သွားစေတဲ့အတွက်ပါ။
 
တနည်းအားဖြင့် ဆယ်လီမီဒီယာတွေ လုပ်ချင်တိုင်းလုပ်၊ ကျင့်ဝတ်မရှိ ဗျူးချင်တိုင်းဗျူး၊ ဆိုရှယ်မီဒီယာပေါ် တင်ချင်ရာတင်နေတာကို ခွင့်ပြုပေးထားခြင်းအားဖြင့် လူထုရဲ့ ရေချိန်၊ စိတ်ဝင်စားမှုအားကို စစ်ကောင်စီက ဘာမှ အားထုတ်နေစရာမလိုတော့ဘဲ ပုံဖျက်ပြီးသား ဖြစ်သွားစေလို့ပါပဲ။
 
ဆယ်လီမီဒီယာတွေရဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေဟာ စစ်ကောင်စီအတွက် ဘာမှ အိတ်စိုက်စရာမလိုဘဲ တော်လှန်ရေးသတင်းတွေကို မှိန်ပစ်ဖို့၊ ထောက်ပို့ ကမ်ပိန်းတွေကို အရှိန်လျော့သွားစေဖို့ တစ်ဖက်တစ်လမ်းက အကူအညီပေးနေတာပဲ ဖြစ်ပါတယ်။
 
‘တို့ကနိုင်ငံရေးနဲ့ မပတ်သက်ဘူး၊ အနုပညာသန့်သန့်လေး လုပ်တာ’ ဆိုသူတွေကို အဖြူရောင်အနုပညာရှင်လို့ နာမည်တပ်ကြပါတယ်။ အဲ့ဒီလိုပဲ ‘တို့က နိုင်ငံရေးနဲ့ မပတ်သက်ဘူး၊ မီဒီယာပဲ လုပ်တာ’ (တကယ်တော့ မိုက်ကို ရှေ့ထိုးပေးလို့ ပြောချင်ရာပြောတာကို စာတန်းထိုးပြီး ဖေ့စ်ဘွတ်ပေါ် တင်လိုက်တာ) ကိုတော့ အဖြူရောင်မီဒီယာလို့ နာမည်တပ်ရပါမယ်။

You can treat me a cup of coffee.

wave

Press ESC to close