အနုပညာရှင်တွေဆိုတာ သောက်ရူးတွေ

အနုပညာရှင်တွေဆိုတာ သောက်ရူးတွေလို့ ခေါင်းစဉ်ပေးထားတာက ဒီစာကို ဝင်ဖတ်အောင် လုပ်တာပါ။ ဒါမျိုးလုပ်တာကို Click-bait လို့ခေါ်ပါတယ်။ ဘာကြောင့်ဒီလိုလုပ်သလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးမှာပါ။
 
ဒီလို ခေါင်းစဉ်မျိုးတွေကို ရုတ်တရက်ကြည့်လိုက်ရင် လန့်သွားလိမ့်မယ်။ လူတွေ စိတ်ထဲမှာလည်း ဘာလားဟဲ့ ညာလားဟဲ့နဲ့ စိတ်ဝင်စားပြီး ပေးထားတဲ့ Link ကို ဝင်နှိပ်ကြည့်ကြလိမ့်မယ်။ ဝင်ဖတ်လိုက်တော့ ‘Artists are crazy’ လို့ အင်္ဂလိပ်လိုရေးတာကို မြန်မာလို ပြန်ထားတာ ဖြစ်နေတတ်တယ်။ ဒါကိုပဲ အကျအန ဝက်ဘ်ဆိုက်နဲ့။
 
မိတ်ကပ်လောကမှာ နာမည်ကြီးသူတစ်ဦးက သူပါနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ပတ်သက်လို့ တစ်လောက ထ ရှင်းတာ တွေ့ပါတယ်။ မီဒီယာတွေက ပေါက်ကရ လျှောက် မရေးကြဖို့ သတိပေးတယ်။ နောက်ပြီး ရုပ်ရှင် မင်းသား မင်းသမီးတွေ ဓာတ်ပုံတင်ရင် “မီဒီယာများ ကူးယူဖော်ပြခွင့်မရှိ” ဆိုပြီး ပုံစာရေးတာ တွေ့ဖူးပါလိမ့်မယ်။
 
တကယ်တော့ အပေါ်က ပြောခဲ့တဲ့ မိတ်ကပ်ပညာရှင်၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ အပါအဝင် ရွာက အမျိုးတွေ အများစုဟာ အညှီအဟောက် အတင်းအဖျင်း စာမျက်နှာတွေနဲ့ Click-bait တွေကို ပရော်ဖက်ရှင်နယ် မီဒီယာတွေနဲ့ ရောထွေးကြတာကြောင့် ဒါတွေ ဖြစ်ကုန်တာပါ။
 
(Bait ဆိုတာ ငါးစာကို ခေါ်ပါတယ်။ click-bait ဆိုတာကတော့ သူ့ကို မကလစ် ကလစ်အောင် ကလစ် ငါးစာချတာကို ခေါ်တာ ဖြစ်ပါတယ် - စကားချပ်)
 
(၁) ဆိုကြပါစို့ Myanmar Celebrity (MC) တို့၊ အလဲဗင်းမီဒီယာ က လုပ်တဲ့ Hall of Fame တို့၊ Cele Gabar တို့ Duwun - Cele Yatkwat တို့၊ 8days TV တို့ဆိုတာ အတင်းအဖျင်း အညှီအဟောက် စာမျက်နှာတွေ ဖြစ်ပါတယ်။ မိုးအောင်ရင် (DJ Sai) နဲ့ လမင်းကဗျာ (DJ Moon) တို့ရဲ့ အပြန်အလှန် ပြောကြတဲ့ ဇာတ်လမ်းမျိုးကို ၁၃ မိနစ်စာလောက် တခုတ်တရဗျူးပြီး ကြော်ငြာနဲ့ ငွေရှာကြတဲ့ အမည်ခံ အပေါစားတွေပါ။
 
သူတို့မှာ သတင်းစာပညာဆိုတာ ဇီးရိုးပါ။ တစ်ခုတော့ ရှိပါတယ်။ အနုပညာရှင် အမည်ခံထားတဲ့ ပေါတောတောလူတွေကတော့ ဒီလို အညှီအဟောက် အမည်ခံမီဒီယာတွေရဲ့ အင်တာဗျူးခြင်း ခံရပြီး ‘တွေ့လား ကျမက မီဒီယာမှာတောင် ပါလာပြီ’ ဆိုပြီး ကြွယ်ကြတာကလည်း ရှိတာကိုး။ သူ့အိုးနဲ့ သူ့ဆန် အတန်ပေါ့။
 
ဒီ အမျိုးအစားဟာ အညှီအဟောက်နဲ့ ပေါ်ပင်တွေကို လူကြည့်များအောင်လုပ်ပြီး ကြော်ငြာရှာတဲ့ မီဒီယာအမည်ခံတွေ။ ဘာမှ မမေးတတ်တော့ ‘လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပါဦး’ ဆိုတာနဲ့ စတဲ့ အင်တာဗျူးတွေပဲ တွေ့ရပါလိမ့်မယ်။ ဆဲဆိုပြီး ဈေးရောင်းတဲ့ စိုင်းဝမ်းဆိုသူကို Eleven Media ရဲ့ Hall of Fame က အင်တာဗျူးတာမျိုး မြင်ဖူးကြပါလိမ့်မယ်။
 
MC ဆိုရင် ဖော်ပြလို့ မရလောက်အောင် ပေါက်ကရအလုပ်ဆုံး စာမျက်နှာပါပဲ။ ဒါပေမယ့် ဒါက သူတို့ ငွေရှာနည်း ဖြစ်ပါတယ်။ လူတွေ အထူးသဖြင့် ရွာကအမျိုးတွေ ကလည်း ကြိုက်ကြတယ်။ ကမ္ဘာမှာလည်း ဒီလို စာမျက်နှာတွေက အလုပ်ဖြစ်နေကြတယ်။ ဥပမာ TMZ လိုမျိုး။ ဆိုတော့ သူ့အရပ်နဲ့ သူ့ဇာတ်ပါပဲ။
 
(၂) Click-bait ဆိုတာတွေကတော့ Page နာမည်သီးသန့်ယူထားတာမျိုး မရှိပါဘူး။ ဥပမာ တော်လှန်ရေးနာမည်တွေနဲ့ ဖွင့်ထားတဲ့ Page ပေါင်း သောင်းခြောက်ထောင်ကနေ ‘နေပြည်တော်မှာ ပီဒီအက်ဖ်တွေ ကြမ်းနေပြီ’ (ရုပ်သံကြည့်ရန် လင့်ကို နှိပ်ပါ) ဆိုပြီး လင့်ထဲ ဝင်ခိုင်းတာမျိုးတွေပါ။ ဒီ Page တွေက သူတို့ ပေးထားတဲ့ လင့်ကို နှိပ်ပြီး ဝင်ကြည့်လေလေ ပိုက်ဆံ ရလေလေပါ။
 
ဒီ အမျိုးအစားကိုတော့ မီဒီယာလို့ မခေါ်ပါဘူး။ အင်တာနက်လိုင်းကောင်းပြီး ဆိုရှယ်မီဒီယာမှာ ငွေရှာနည်း သိတဲ့ လူလည်တွေ လုပ်ကြတဲ့ စီးပွားရေးလုပ်ငန်းပါ။ လုပ်ကြသူ အများစုက ထိုင်း၊ မလေးရှားတို့မှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ များပါတယ်။ ပြည်တွင်းမှာလည်း ရှိပါတယ်။ တချို့က Facebook Hack ပေးသည်၊ Account Boost ပေးသည် ဆိုတာတွေလည်း လုပ်ကြတယ်။
 
‘စနှိုက်ကြော်တာ ခံလိုက်ရလို့ ဒေါသထွက်နေတဲ့ နန်းစုရတီစိုး’ ဆိုပြီး ခေါင်းစဉ်တင်ထားရင် ရွာက အမျိုးတွေက ဝင်ဖတ်ကြပါတယ်။ ‘ကင်ဆာမဖြစ်အောင် ဒါတွေလုပ်ရတယ်’ တို့၊ ‘ရှင်သီဝလီဂါထာရဲ့ အစွမ်း’ တို့ ဒီလို ခေါင်းစဉ်မျိုးတွေနဲ့ ဝက်ဘ်ဆိုက်လင့် တွေကို ဂျူး၊ ဂျာနယ်ကျော်မမလေး၊ ချစ်ဦးညို၊ ရွှေဥဒေါင်း၊ ကြာညိုသင်း၊ ရှေ့သို့လှမ်းချီ၊ နွေဦးတော်လှန်ရေး၊ ဘယ်တော့မှ အရှုံးမပေးဘူး စတဲ့ ခေါင်းစဉ်ပေါင်းများစွာနဲ့ စာမျက်နှာအတုတွေက ပြန်တင်ပါတယ်။
 
ဒါတွေကို မတွေ့ခင်အချိန်ထိ ဘာမှ မဖြစ်ပါဘူး။ အဲ... ခုနကလို ကိုယ့်အကြောင်း ပေါက်ကရ ရေးထားတာကို ကိုယ်တိုင် ပြန်ဖတ်မိရင်တော့ မီဒီယာတွေလို့ပဲ ထင်ပြီး လျှောက်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ပေါက်ကရ Click-bait စာမျက်နှာတွေက သတင်းမှားတွေ တင်ရင်လည်း ‘မီဒီယာတွေက သတင်းမှားတွေ တင်နေပြီ’ ဆိုပြီး အများစုက အထင်အမြင် လွဲတတ်ပါသေးတယ်။
 
ဒီလို Click-bait စာမျက်နှာတွေက ပေါက်ကရလုပ်ရင် ဘယ်ခေတ်မှာ မဆို ဘယ်သူ့မှလည်း တိုင်လို့မရပါဘူး။ မြန်မာစာ သတ်ပုံတောင် မှန်အောင် မရေးနိုင်တဲ့ လူလည်ပန်ကာတွေလုပ်ကြတာပါ။ ဒီကောင်တွေက နိုင်ငံရေးအသိ၊ ဘာသာရေးအသိ၊ ထိလွယ်ရှလွယ်ကိစ္စ ဘာမှ ဂရုမစိုက်ပါ။ WavePay ကနေ ဖုန်းဆက် ငွေလိမ်တာလည်း ဒီကောင်တွေ၊ KBZPay လိမ်တာလည်း ဒီကောင်တွေပဲ။ အကုန်လုပ်ပါတယ်။
 
ဒီအတွက် အဖြေလည်း မရှိပါဘူး။ မြန်မာ Facebook Team ကလည်း အရေးတယူ မရှိပါဘူး။ သတင်းမှားတွေ ထိုင်ဖြန့်တဲ့ Page ပေါင်းများစွာ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဒီနေ့ထိ အလုပ်ဖြစ်နေဆဲပါပဲ။ ဆိုတော့ ဖတ်တဲ့လူက နည်းနည်းကလေး ဉာဏ်ပြေးမှ ဖြစ်ပါလိမ့်မယ်။
 
ဒါပေမယ့် ‘ဝိပါက’ ဆိုတဲ့ ဇာတ်လမ်းကို ကြည့်ပြီး ‘ဟယ်…အတိတ်ကံက ကြောက်စရာကောင်းလိုက်တာ’ ဆိုပြီး ကြောက်နေကြတဲ့ အုပ်စုရယ်၊ ဒေါင်းယာဉ်ပျံကြည့်ပြီး ‘မင်းသားက စွယ်စုံရတာနော်၊ အရမ်းတော်တာ’ ဆိုတဲ့ အုပ်စုရယ်။ ဒီလူ့အလွှာကတော့ ခု ရေးတဲ့စာကို မြင်မှာလည်း မဟုတ်ပါဘူး။ သတင်းမှား၊ သတင်းမှန်လည်း သူတို့က ဂရုမစိုက်ကြပါဘူး။
 
တကယ့် သတင်း အလုပ်လုပ်နေတဲ့ မီဒီယာတွေနဲ့ အညှီအဟောက်တင် ကြော်ငြာရှာတဲ့ အမည်ခံတွေနဲ့ Click-bait တွေကို ခွဲခွဲခြားခြား သိပြီးရင်တော့ ဖေ့စ်ဘွတ်ပေါ် ဆရာတစ်ဆူလို သတင်းဖတ်နိုင်ပြီလို့ ကိုယ့်ကိုယ်ကို ယူဆနိုင်သလို တော်ရုံ သတင်းမှားတွေရဲ့ ဒဏ်ကိုလည်း ခံနိုင်သွားပါမယ်။ နီးစပ်ရာ ဦးလေးအရွယ် အဒေါ်အရွယ် အင်တာနက်နဲ့ မရင်းနှီးသူတွေကိုလည်း အဆင်ပြေရင် ပြောပါပေးကြပါ မိတ်ဆွေများ ခင်ဗျား။

You can treat me a cup of coffee.

wave

Press ESC to close