ကွန်မင့် မနပျူလေးရှင်း

Comment Manipulation လို့ခေါ်တဲ့ Facebook ပေါ်မှာ လူတွေ အမြင်ကို ပြောင်းလဲပစ်နိုင်တဲ့ နည်းလမ်း (အောက်လမ်း) ကို တချို့က သတိမမူမိကြပါဘူး။ တကယ်တော့ ဒီနည်းလမ်းကို သုံးတာ အသစ်တော့လည်း မဟုတ်ပါ။ နည်းပညာလိုက်စားသူ တချို့ သိကြတဲ့ Cambridge Analytica ကိစ္စတုန်းက ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ Brexit ကိစ္စမှာ အသုံးပြုသွားတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။

 

ကွန်မင့်နဲ့ လူတွေအမြင် ဘယ်လို ပြောင်းအောင် လုပ်နိုင်လဲ...?

 

မြန်မာနိုင်ငံရဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ နိုင်ငံတကာက မြန်မာ့အရေး ကျွမ်းကျင်သူ (ဟုဆိုသူ) တွေရော၊ ပြည်တွင်းက နိုင်ငံရေးလေ့လာသုံးသပ်သူ (ဟုဆိုသူ) တွေပါ အကြီးကြီး ဂွမ်းခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ အဲ့ဒါက ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက်နည်းလာပြီး ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတာမျိုး မဖြစ်နိုင်ဘူးလို့ ဟောကိန်း ထုတ်ခဲ့ကြတာပါ။

 

တကယ်တော့ ကျန် ကောက်ယူမှုတွေအပြင် ဒီကောက်ယူချက်ကို ဖြစ်သွားစေခဲ့တဲ့၊ လူတွေစိတ်ထဲ မသိမသာ ကိန်းသွားစေခဲ့တဲ့ ကိစ္စက သတင်းဌာနတွေအောက်က ကွန်မင့်တွေပါပဲ။ သတင်းဌာန တစ်ခုက အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းတပုဒ်တင်လိုက်တာနဲ့ အဲ့ဒီ သတင်းအောက်မှာ လူထောင်ချီပြီး သတင်းရဲ့ ဆိုလိုရင်းကို ပျောက်သွားအောင် လမ်းလွဲကြသလို အရင်က အဟောင်းတွေကို ပြန်ဆွ၊ မဆိုင်တဲ့ကိစ္စတွေကို အတင်းဆွဲကပ်ပြီး နောက်ထပ် ယူဆမှု အသစ်တစ်ခု၊ အမြင်တစ်ခုပေါ်အောင် လုပ်ကြတာမျိုးပါ။

 

၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်က သတင်းဌာနတွေအောက်က ကွန်မင့်တွေကို ပြန်ကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ သတင်းတပုဒ် အကြောင်းအရာတူကို သတင်းဌာန ၄ ခုလောက်က တင်လိုက်တယ်ဆိုရင် မန့်ထားတဲ့လူတွေကို လိုက်ကြည့်ပါ။ အများစုက အတူတူတွေပါပဲ။

 

တချို့ စာရေးကောင်းတဲ့အကောင့်၊ သတ်ပုံမှန်ပြီး လမ်းကြောင်းလွှဲနိုင်တဲ့ ကွန်မင့်တွေကိုဆိုရင် ကော်ပီယူပြီး Crd နဲ့ ပြန်မန့်ကြတာလည်း မြင်ကြရပါလိမ့်မယ်။ ဒါက မှန်းဆချက်လား၊ ယူဆချက်လား၊ တကယ်ရော ဖြစ်နိုင်သလား...လို့ မေးနိုင်ပါတယ်။ အချက်အလက်တွေ ရှိပါတယ်။

 

ဖေ့စ်ဘွတ်ရဲ့ နည်းပညာတချို့အရ နိုင်ငံအလိုက်၊ တိုင်းနဲ့ ပြည်နယ် အလိုက် ဖေ့စ်ဘွတ်အသုံးပြုသူ ဦးရေ တိုးလာသလား၊ လျော့သွားသလား ဆိုတာကို စောင့်ကြည့်နိုင်ပါတယ်။ ဥပမာ ထားဝယ်မြို့နယ်မှာ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းရှိတယ် ဆိုပါစို့။ ဥပမာနော်။ ဒါဆိုရင် ခန့်မှန်းလို့ရတာက ဒီထဲမှာ ဖေ့စ်ဘွတ်အသုံးပြုသူ တစ်သောင်း ရှိနိုင်တယ်ဆိုပါစို့။ ဖေ့စ်ဘွတ်အကောင့်အသစ် အတိုးအလျော့က (တိုးလာတာက ပိုများပါတယ်) ၁၀၀ နဲ့ ၂၀၀ ကြားရှိနိုင်မယ်။

 

တကယ်လို့ အဲ့ဒီနေရာမှာ တစ်ပတ်အတွင်း သို့မဟုတ် တစ်လအတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၅၀၀၀ လောက် ရုတ်တရက် များလာတယ်ဆိုရင် ဒါဟာ ကိန်းဂဏန်း အချက်အလက်တွေအရ မသင်္ကာစရာပါပဲ။

 

တကယ်တော့ ဒါဟာ လူအုပ်စုတစ်စု (သို့မဟုတ်) လူအများကြီးကို တစ်နေရာတည်းမှာ စုထားနိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုက ဖုန်းဆင်းမ်ကဒ်တွေအများကြီးနဲ့ ဖေ့စ်ဘွတ်အကောင့်သစ်တွေ အများကြီး ဖွင့်လိုက်တာပါပဲ။ [ဒါက နည်းလမ်းတွေထဲက တစ်ခုပါ။ တခြားနည်းလမ်းတွေ ရှိပါသေးတယ်]

 

ဒီအဖွဲ့တွေဟာ လူတစ်ယောက်ကို တရုတ်ဖုန်း အနည်းဆုံး ၅ လုံးလောက် တပြိုင်တည်း အသုံးပြုကြပြီး ခုနကပြောတဲ့ သတင်းဌာနတွေအောက်မှာ လူတွေ အမြင် ပြောင်းလဲသွားစေနိုင်တာမျိုးကို ပုံစံအမျိုးမျိုးနဲ့ စနစ်တကျ ကွန်မင့်ပေးကြပါတယ်။ သူတို့နောက်ကနေ အင်တိုက်အားတိုက် လိုက်ကြတာက စစ်တပ်ကို ထောက်ခံသူ၊ မဘသ ထောက်ခံသူနဲ့ ဒီမိုကရေစီအင်အားစုကို မုန်းတီးသူတွေပါ။

 

သူတို့ထဲက အများစုက အပေါ်က ပြောတဲ့ အုပ်စုက လုပ်နေတာတွေကို မသိကြဘဲ သူများယောင်တိုင်း လိုက်ယောင်၊ နှပ်ကြောင်းပေးတဲ့ လမ်းကြောင်းပေါ်ကို ပျော်ပျော်ကြီး လျှောက်ကြတဲ့ အုပ်စုတွေပါ။ တစ်ဖက်မှာ မသိ နားမလည်ကြသူ အများစုကတော့ ဘာလာလာ ဆဲမယ်ဆိုတဲ့ တာဇံ အုပ်စုနဲ့ ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတဲ့ အုပ်စု။

 

ဒါပေမယ့် သတင်းတပုဒ်ကို ဖတ်ပြီး ကွန်မင့်တွေကို ဖတ်ကြည့်လိုက်ရင်တော့ ဟာ ဒေါ်အောင်ဆန်းစုကြည်တော့ ကြိတ်ခံနေရပြီ” “အင်န်အယ်ဒီကတော့ ဒီတစ်ကြိမ် လစ်ပြီ” “တွေ့လား ဒီကောင်တွေကို ပြည်သူတွေ မကြိုက်ကြတော့ဘူးဆိုတဲ့ ယေဘုံယျအမြင်ကို ဖြစ်သွားစေပါတယ်။

 

[ခု အပေါ်မှာ ရေးပြတာတွေဟာ အချက်အလက်ကို အခြေခံထားတာသာဖြစ်ပြီး တကယ့်နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုတာတော့ သတိချပ်စေလိုပါတယ်။ ဒါက စကားချပ်]

 

ဒီစာကို ရေးဖို့ ဖြစ်လာတာက ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ပါ။ အောင်လံလွှင့်ချီ နွေဦးထီ စာမျက်နှာအောက်မှာ အတုကြီး’ ‘Fake Page’ ဆိုပြီး တစ်ယောက်က စလိုက်ပါတယ်။ စ ရေးတဲ့လူဟာ ယုံကြည်ရတဲ့လူလား၊ ဘယ်လိုလူမျိုးလဲ၊ ဘယ်တုန်းက ဖေ့စ်ဘွတ်သုံးတာလဲ စသဖြင့် ဘာမှတောင် မစစ်ဆေးရသေးဘဲ ကိုယ့်အရင်ရောက်နေတဲ့ တယောက်က အတုကြီးဆိုတာနဲ့ လိုက်ပြီး ကိုယ်တိုင်ကလည်း အတုကြီးဟဆိုပြီး လိုက်ယောင်၊ လိုက်ပြောရင်းနဲ့ နောက်ဆုံး Trend ဖြစ်သွားပြီး အကုန် ရောထွေးကုန်တော့တာပဲ။ ဒီမှာ ခုနကပြောတဲ့ စနစ်တကျကွန်မင့်ပေးဖို့ စုဖွဲ့ထားတဲ့ အဖွဲ့နဲ့ တွေ့လိုက်ရင်တော့ ပွဲ ဖြစ်ပြီပေါ့။ အဲ့ဒီလိုနဲ့ ဖေ့စ်ဘွတ်မှာ ပွဲကို ဖန်တီး အတန်ရှည်ယူကြတာပါပဲ။

 

အဲ နောက်တစ်ခုကတော့ အဲ့ဒီ ကွန်မင့်နဲ့ မနပျူလိတ် (Manipulate) လုပ်ကြတဲ့ အုပ်စုတွေဟာ ရီပို့ထုတာကိုလည်း စိုးထွဋ်မိန်းမ အမိန့်ပေးသလို ဒီနေ့တော့ ဒေါက်တာဇော်ဝေစိုးကို ထုကြရအောင်လို့ ပြောလိုက်တာနဲ့ အမျိုးသားရေး တာဝန်တရပ်လို အသက်ပေး ထုတတ်ကြသူတွေပါပဲ။

 

ကွန်မင့် မနပျူလေးရှင်းကို ဂရုစိုက်ကြပါ မိတ်ဆွေများ ခင်ဗျာ။

 

You can treat me a cup of coffee.

wave

Press ESC to close