စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၁)

အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ယနေ့ထိ အာဏာလုစစ်ကောင်စီက လူပေါင်း ၆၁၀၀ ကျော်ဖမ်းဆီးခဲ့ပြီးဖြစ်သည်။ ယင်းအနက် ၄၉၀၀ ကျော်မှာ ဖမ်းဆီးခံထားရဆဲဖြစ်ကာ ၁၉၀၀ ကျော် ဖမ်းဝရမ်း ထုတ်ခံထားရသည်။ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် စစ်ကောင်စီကို ဆန့်ကျင်သူများအား ဖမ်းဆီးရာတွင် အများပြည်သူပိုင် နေရာများတွင် တပ်ဆင်ထားသည့် စီစီတီဗွီများ အသုံးပြုကာ ကားနံပါတ်များကို မှတ်တမ်းတင်ထားပြီး လူမျက်နှာများကို ခြေရာခံသည့် နည်းပညာကို စစ်ကောင်စီက တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။

 

ယခင်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် လက်ထက် Safe City Project ဟု လူသိများသည့် စီမံကိန်းများမှာ ပြည်ထဲရေးဝန်ကြီးဌာန၏ စီမံကိန်းများဖြစ်ပြီး အများပြည်သူပိုင် နေရာများနှင့် လုံခြုံရေးအားနည်းသည့် နေရာများတွင် စီစီတီဗွီများ တပ်ဆင်ကာ လုံခြုံရေးအတွက် စောင့်ကြပ်စစ်ဆေးနိုင်ရန် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ယင်း Safe City စီမံကိန်းများကို စစ်ကောင်စီက သိမ်းပိုက်လိုက်ကာ ရှိနှင့်ပြီးသား နည်းပညာ အဆောက်အအုံးများအား အဆင့်သင့် အသုံးချနေခြင်းလည်း ဖြစ်သည်။

 

မန္တလေး Safe City စီမံကိန်း၊ မော်လမြိုင် Safe City စီမံကိန်း၊ ရန်ကုန် နေပြည်တော် အဝေးပြေးလမ်းမ စီစီတီဗွီတပ်ဆင်ရေး စီမံကိန်းနှင့် နေပြည်တော် Safe City စီမံကိန်းတို့မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့သည့် အဆင့်မြင့်နည်းပညာသုံး စောင့်ကြည့်ရေး စီမံချက်များ ဖြစ်သည်။

 

မန္တလေး Safe City စီမံကိန်းနှင့် နေပြည်တော် Safe City စီမံကိန်းတို့တွင် စောင့်ကြပ်ကြည့်ရှုရေး စင်တာများနှင့် စီစီတီဗွီများမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်ကတည်းက ပထမအဆင့် ပြင်ဆင်ခဲ့ပြီး ဖြစ်သလို မော်လမြိုင် Safe City စီမံကိန်း၊ ရန်ကုန် နေပြည်တော် အဝေးပြေး လမ်းမကြီး စီမံကိန်းတို့မှာ လက်ရှိ မင်းအောင်လှိုင်စစ်ကောင်စီ လက်ထက်တွင်မှ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထို့ပြင် မပြီးပြတ်သေးသည့် မန္တလေးနှင့် ရန်ကုန်မြို့တွင်း စီမံကိန်းများကိုလည်း အပြီးသတ်ရန် အရှိန်မြှင့် ပြင်ဆင်နေသည်။

 

လက်ရှိအချိန်ထိ နေပြည်တော်နှင့် ရန်ကုန်မြို့၏ နေရာအချို့တွင် တပ်ဆင်ထားပြီးသည့် စီစီတီဗွီများကို အသုံးပြု၍ ကားနံပါတ်ပြားများကို ခြေရာခံနိုင်ပြီး ပြစ်မှုကျူးလွန်ဖူးသူများ၏ ရာဇဝတ်မှု နောက်ခံအကြောင်းအရာများလည်း တိုက်ဆိုင်ကြည့်ရှုစစ်ဆေးနိုင်သည်။

 

ထို့ပြင် မြန်မာကျပ်ငွေ အနည်းဆုံး သိန်း ၅၀၀ ကျော်တန် အချို့ နည်းပညာမြင့် စီစီတီဗွီများမှာ လမ်းပေါ်တွင် သွားလာနေသည့် ကားအတွင်းထိုင်နေသည့် လူမျက်နှာကို ဓာတ်ပုံရိုက်ထားနိုင်သလို လမ်းမကြီးများပေါ်တွင် လူရာချီအုပ်စုလိုက် သွားလာနေသည့်အနက်မှ လူတစ်ဦးချင်းစီ၏ မျက်နှာများကိုလည်း ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားနိုင်သည်။

 

ယင်းစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စစ်ကောင်စီ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနေသည့် ကုမ္ပဏီများရှိနေသည်။ အဆိုပါ ကုမ္ပဏီများမှာ ဒေါ်အောင်ဆန်းစုကြည် လက်ထက်ကတည်းက တင်ဒါရရှိခဲ့ဖူးသည့် ကုမ္ပဏီများဖြစ်ပြီး စစ်ကောင်စီ လက်ထက်တွင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာကြခြင်းဖြစ်သည်။ ယင်းကုမ္ပဏီများအနက် စစ်ကောင်စီကို အဓိက ကူညီပေးကာ ယနေ့ချိန်ထိ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေသည့် ကုမ္ပဏီနှစ်ခုကို ဖော်ပြလိုက်ပါသည်။

 

 

Naung Yoe Technologies Co., Ltd.


နောင်ရိုး ကုမ္ပဏီမှာ ယခုနှစ် (၂၀၂၁) ဇန်နဝါရီလ အာဏာမသိမ်းမီက သမ္မတရုံးတွင် စီစီတီဗွီတပ်ဆင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် တင်ဒါ ရရှိခဲ့သည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။ နောင်ရိုးကုမ္ပဏီကို ရဲဝင့်ထွဋ်တင် ဆိုသူက ၂၀၀၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ထိပ်ပိုင်းဝန်ထမ်းအများစုမှာ စစ်တပ်မှ အငြိမ်းစား အရာရှိများဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

တင်ဒါအောင်ခဲ့သည့် ကုမ္ပဏီများ

နောင်ရိုးကုမ္ပဏီသည် ထောက်လှမ်းရေး နည်းပညာ ပစ္စည်းများ အဓိက တင်သွင်းသည့် ကုမ္ပဏီတစ်ခုဖြစ်သလို စီစီတီဗွီတပ်ဆင်ရေးအပိုင်းတွင်လည်း အစိုးရနှင့်ပူးပေါင်းရာတွင် နာမည်ကြီးသည့် ကုမ္ပဏီဖြစ်သည်။ ၎င်းတို့ကုမ္ပဏီ၏ ကြော်ငြာရေးသားချက်များအရ လွှတ်တော်အဆောက်အအုံများ၊ လေဆိပ်များနှင့် မြို့တော်ခန်းမများတွင် စီစီတီဗွီတပ်ဆင်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးပြီး ဝန်ထမ်းပေါင်း ၂၀၀ ဝန်းကျင်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 

“သူတို့က အစိုးရ ပရောဂျက် (Project - စီမံကိန်း) တွေ လုပ်တာများတယ်။ ခန့်ထားတာကလည်း အရင်က ဗိုလ်ချုပ်တွေချည်းပဲ။ ဒီလူတွေနဲ့ဆိုတော့ စစ်တပ်ဘက်က တင်ဒါတွေလည်း ရတယ်။ ဝင်ရ ထွက်ရ လွယ်တာပေါ့” ဟု နောင်ရိုးကုမ္ပဏီနှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

 

သမ္မတဦးဝင်းမြင့်လက်ထက် မတိုင်ခင်ကတည်းက အစိုးရနှင့်နီးကပ်စွာ အလုပ်လုပ်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်ကာ ကုမ္ပဏီရှိ ထိပ်ပိုင်းဝန်ထမ်းများမှာ အငြိမ်းစားဗိုလ်ချုပ်များဖြစ်သည့်အတွက် လက်ရှိအာဏာသိမ်း စစ်ကောင်စီလက်ထက်တွင်မူ အချိတ်အဆက်များ လွယ်ကူလာကာ လုပ်ပိုင်ခွင့်များလည်း ပိုမို ရရှိလာခြင်းဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။

 

 

နေပြည်တော်တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ဖွင့်လှစ်ခဲ့သည့် Command and Control Center (ထိန်းချုပ်ညွှန်ကြားရေး စင်တာ) နှင့် စီစီတီဗွီတပ်ဆင်ရေး လုပ်ငန်းများကို အဓိက တင်ဒါရခဲ့သူများအနက် နောင်ရိုးကုမ္ပဏီလည်း ပါဝင်သည်။ ယင်းပွဲသို့ Command and Control Center တည်ဆောက်ရေး အကြံပေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ Linn IT Solution ကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးနေလင်းထိုက်နှင့် နောင်ရိုးကုမ္ပဏီပိုင်ရှင် ဦးရဲဝင့်ထွဋ်တင်တို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။