စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၃)

Smart Pagoda - ရွှေတိဂုံ စီစီတီဗွီ စီမံကိန်း

 

ဒေါ်အောင်ဆန်းစုကြည် လက်ထက် ရန်ကုန်တိုင်း​ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအာဏာရှိစဉ် ကာလက အကောင်အထည် ဖော်ခဲ့သည့် ရွှေတိဂုံဘုရား စီစီတီဗွီတပ်ဆင်ရေး စီမံကိန်းကို တင်ဒါရခဲ့သူမှာလည်း FISCA ပင်ဖြစ်သည်။ ရွှေတိဂုံမှ စီစီတီဗွီများကို နည်းပညာပစ္စည်း အဓိက ထောက်ပံ့ပေးသူမှာ Dahua ဖြစ်သည်။ သို့သော် ယင်း စီမံကိန်းတွင် Huawei လည်း ပါဝင်ပတ်သက်နေခဲ့သည်ဟု အခြား သတင်းရင်းမြစ်တစ်ဦးက ပြောထားသည်။ 

ရွှေတိဂုံ စီစီတီဗွီ စီမံကိန်းကို FISCA က တင်ဒါအောင်မြင်မှုနောက်ကွယ်တွင် နာမည်ကြီးပုဂ္ဂိုလ် တစ်ဦး ရှိနေသေးသည်။ အဆိုတော် အယ်ခွန်းရီ ယောက်ျား ဘုရားဂေါပက ဦးသောင်းထိုက် ဖြစ်သည်။ စစ်အစိုးရလက်ထက် ဗိုလ်မှူးကြီးအဆင့်မှ အငြိမ်းစားယူခဲ့ပြီး အားကစားနှင့်ကာယပညာ ဒုဝန်ကြီး တာဝန်ယူခဲ့သေးသည်။ ထို့နောက် ခန့်အပ်စနစ်ဖြင့် မိုးကျရွှေကိုယ် ရွှေတိဂုံဘုရား ဂေါပက ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သာသနာရေးဝန်ကြီး သူရအောင်ကို တန်ခိုးထွားနေချိန် တလျှောက်လုံး ဦးသောင်းထိုက်သည်လည်း ရွှေတိဂုံဘုရား၏ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်နေခဲ့သည်။ 

 

(ဆောင်းပါးရေးသူ ကိုယ်တိုင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက ဦးသောင်းထိုက်ကို လူတွေ့ အင်တာဗျူးခဲ့ဖူးသည်။ ဦးသောင်းထိုက်သည် နောက်ဆုံးပေါ် iPhone ကို ထွက်ထွက်ချင်း ဝယ်ကိုင်တတ်သူဖြစ်ပြီး Apple Watch နှင့်အတူ နောက်ဆုံးပေါ် နည်းပညာပစ္စည်းများကို ၎င်း၏ ခုံပေါ်တွင် တွေ့နိုင်သည်။ ထို့ပြင် ယင်းအကြောင်းအရာများကိုလည်း အရေးတယူ ပြောလေ့ရှိသည်)

 

ဦးသောင်းထိုက်အိမ်မှာ ဆင်သမျှ စီစီတီဗွီတွေကို FISCA က တပ်ဆင်ပေးရတယ်။ အကုန်ပေါ့၊ မိန်တိန်းနင့်စ် (Maintenance - ထိန်းသိန်းပြုပြင်တာ) ကိုလည်း FISCA ကပဲ လုပ်ပေးရတယ်။ သူ့အိမ်မှာက Remote Control နဲ့ ဖွင့်ရတဲ့ တံခါးတို့၊ မီးလုံးတို့ အစုံပဲ” ဟု FISCA ကုမ္ပဏီကို ဦးသောင်းထိုက်နှင့်တွဲလျက် သိနေသူ တစ်ဦးက ဆိုသည်။

ရွှေတိဂုံဘုရား တင်ဒါဝင်မပြိုင်ခင် ကာလက ဘုရားဂေါပကများအားလုံးကို တရုတ်နိုင်ငံသို့ အခမဲ့ လေ့လာရေးခရီးခေါ်ဖူးပြီး ကုန်ကျစရိတ်အားလုံးကို FISCA နှင့် Huawei က ကျခံခဲ့သည်ဟု အဆိုပါခရီးစဉ်ကို စီစဉ်ပေးခဲ့ရသူတစ်ဦးက ဆိုသည်။

“ရှင်းရှင်းပြောရရင် FISCA က ရွှေတိဂုံ ဂေါပက တဖွဲ့လုံးကို အိတ်ထဲ ထည့်ပစ်လိုက်တာ။ ပြီးတော့မှ တင်ဒါကို အေးဆေး အောင်တာ” ဟု သတင်းပေးလာသူတစ်ဦးက ဆိုသည်။

 

ထို့ပြင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည့် ရွှေတိဂုံဘုရား ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို အလုပ်မှ ထုတ်ပစ်ခဲ့သည့်ကိစ္စ ဖြစ်ခဲ့ချိန်မှာလည်း ဦးသောင်းထိုက် တန်ခိုးသြဇာကြီးနေချိန်ဖြစ်သည်။ ဦးထွန်းအောင်ငွေကို ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး အသစ်ခန့်အပ်လိုက်သည့် အငြိမ်းစား ဗိုလ်မှူးကြီး ရဲအောင်နိုင် ဆိုသူမှာ ဦးသောင်းထိုက်၏ လူရင်းဖြစ်သည်။

 

သို့သော် အာဏာသိမ်းပြီးနောက်တစ်လ မတ်လ ၆ ရက်တွင် ရွှေတိဂုံဂေါပက လေးဦးကို စစ်ကောင်စီက အလုပ်မှ ရပ်နားခဲ့သည့်အနက် ဦးသောင်းထိုက် ပါသွားခဲ့သည်။ မည်သည့်အတွက်ကြောင့် စစ်ကောင်စီက ဦးသောင်းထိုက်ကို ဖြုတ်ပစ်သည်ကိုမူ မသိရပါ။ ၎င်းတို့ကို ဂေါပက ရာထူးမှ မဖြုတ်ခင်က ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်အားလုံးကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူခဲ့သေးသည်။

 

ရွှေတိဂုံဘုရားတွင် တပ်ဆင်ထားသည့် စီစီတီဗွီများမှာ ရန်ကုန်မြို့တွင် တပ်ဆင်ထားသည့် စီစီတီဗွီများအနက် ကုန်ကျစရိတ်များပြီး နည်းပညာမှာလည်း အဆင့်မြင့်သည်ဟု ဆိုသည်။ ထို့ပြင် ရွှေတိဂုံဘုရား အနီးတဝိုက် ဦးဝိစာရပတ်လမ်းရှိ စီစီတီဗွီများကိုလည်း ရွှေတိဂုံဘုရားပေါ်မှသာ ထိန်းချုပ်ထားသည်။

 

FISCA ၏ ရခိုင်ပြည်နယ် မြောက်ပိုင်း စီမံကိန်း

 

ရွှေတိဂုံဘုရား စီစီတီဗွီစီမံကိန်းမှာ ယခု အာဏာသိမ်းချိန်ထိ အသုံးပြုနေဆဲ၊ စစ်ကောင်စီအတွက် အသုံးဝင်နေဆဲ ဖြစ်သော်လည်း မင်းအောင်လှိုင်စစ်တပ်နှင့်ပေါင်း၍ အကျိုးအမြတ် ထူးထူးခြားခြားရသွားသည့် FISCA ၏ နောက်ထပ် စီမံကိန်းတစ်ခုရှိနေသေးသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေးအတွက် စီစီတီဗွီတပ်ဆင်ရေး စီမံကိန်း ဖြစ်သည်။

 

ယင်း ရခိုင်မြောက်ပိုင်း စီစီတီဗွီ စီမံကိန်းကို FISCA နှင့်အတူ နောင်ရိုးကုမ္ပဏီကလည်း တင်ဒါဝင်ပြိုင်ခဲ့သေးသည်။ သို့သော် နောက်ဆုံးတွင် FISCA က တင်ဒါအောင်ခဲ့သည်။ ကျပ်ငွေ သိန်း သုံးသောင်းခွဲကျော်တန် စီမံကိန်းကြီးဖြစ်သည်။ 

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တစ်ဖက်ကမ်း အငူမော်မှ မောင်တာ သုံးမိုင်ဂိတ်၊ ထိုမှတစ်ဆင့် ၂၀၁၆ ခုနှစ်က အာဆာအဖွဲ့က တိုက်ခိုက်ခဲ့သည့် နယ်ခြားစောင့် ကွပ်ကဲရေး ဗဟိုစခန်း တည်ရှိရာ ကျီးကန်းပြင်နှင့် တောင်ပြိုလက်ဝဲ၊ လက်ယာအပြင် ရခိုင်နှင့်ချင်းပြည်နယ် နယ်စပ် ပလက်ဝထိ ရှိသမျှ နယ်ခြားစောင့် စခန်းများတွင် စီစီတီဗွီများ တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ တောင်ပြိုဒေသရှိ ကင်းစခန်းများတွင် စီစီတီဗွီတပ်ထားရာ နေရာများ။

နယ်ခြားစောင့် ကင်းစခန်း တစ်ခုလျှင် ကင်မရာ ၄ လုံးစီတပ်ဆင်ရပြီး Huawei ကင်မရာများသာ ဖြစ်သည်။ ကင်းစခန်းပေါင်း ၁၄၂ ခုကျော်ရှိပြီး ကင်းစခန်းတစ်ခုလျင် အနည်းဆုံး ကုန်ကျစရိတ် သိန်း ၃၅၀ ရှိသည်။ ရခိုင်မြောက်ပိုင်းတွင် ယင်းကင်းစခန်းများအပြင် ဌာနချုပ် (၈) ခု၊ နယ်မြေ (၂၃) ခုလည်းရှိသေးသည်။ ယင်းနေရာအားလုံးတွင် စီစီတီဗွီ ကင်မရာ အလုံးပေါင်း ၁၀၀၀ ကျော် FISCA က တပ်ဆင်ခဲ့သည်။ ကျီးကန်းပြင်ဌာနချုပ်တွင် ဝန်ထမ်းလိုင်းခန်းများလည်း ရှိသည့်အတွက် ကင်မရာများ ပိုမိုတပ်ဆင်ရခြင်းဖြစ်သည်။

 

သို့သော် အငူမော်မှ ပလက်ဝ တောက်လျှောက် ဒေသတဝန်းလုံးတွင် ၂၄ နာရီလျှပ်စစ်မီး မရရှိပေ။

 

“မီးမရှိတော့ ဆိုလာချပ်နဲ့တပ်တယ်။ စီစီတီဗွီဆိုတာ ၂၄ နာရီ အလုပ်လုပ်ရတာ။ တနေ့ကို ၈ နာရီတောင် မရဘူး။ ၄ နာရီလောက်ပဲ လည်တယ်။ တနေ့ကို ၄ နာရီကနေ ၅ ထိပဲ Run (လည်ပတ်နိုင်) တယ်။ ပိုက်ဆံကို အလကားဖြုန်းပစ်တဲ့ ပရောဂျက်ပေါ့။ ပိုက်ဆံထုတ်ပြီး ဝေစားမျှစားလုပ်ပစ်လိုက်တာ” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

ယင်း စီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကို ၂၀၁၈ ဇူလိုင်လမှ စတင်ခဲ့ပြီး ၂၀၁၉ ဇန်နဝါရီလလယ်ပိုင်းတွင် ပြီးစီးခဲ့သည်။

 

၂၀၁၈ - ၂၀၁၉ ကာလသည် ရက္ခိုင့်တပ်တော် (Arakan Army) နှင့် မင်းအောင်လှိုင်စစ်တပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခဲ့ချိန် ဖြစ်သည်။ စီစီတီဗွီတပ်ဆင်ခဲ့ချိန်က နယ်ခြားစောင့် ရဲဌာနချုပ် ကျီးကန်းပြင်တွင် အကြီးဆုံးတာဝန်ယူထားသူမှာ နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုး ဖြစ်သည်။ မြင့်တိုးဆိုသည်မှာ ရိုဟင်ဂျာများကို သတ်ဖြတ်ရာတွင် ဦးဆောင် ပါဝင်ခဲ့သည့် ရခိုင်နယ်ခြားစောင့်တပ်၏ နာမည်ကျော် ရဲမှူးချုပ် သူရစန်းလွင်နေရာတွင် ၂၀၁၈ မေလက အစားထိုး ရောက်ရှိလာသူဖြစ်သည်။

စီစီတီဗွီများ တပ်ဆင်ချိန်က နယ်ခြားစောင့် ကွပ်ကဲရေးဌာနချုပ်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ် - ရဲမှူးချုပ်မြင့်တိုး

စီမံကိန်းပြီးလုနီးချိန် ၂၀၁၉ ဇန်နဝါရီ ၆ ရက်က “သတင်းထောက်လှမ်းရမယ်၊ နယ်မြေ ရှင်းလင်းရမယ်၊ လိုအပ်လို့ရှိရင် ခံစစ်ကတော့ အကောင်းဆုံး ပြန်ပြီး ပြင်ဆင်ထားပါတယ်” ဟု ရဲမှူးချုပ်မြင့်တိုးက မဇ္စျိမ မီဒီယာကို ဖြေကြားခဲ့ဖူးသည်။

 

ယခုအချိန်တွင် ဒေသခံများ၏ အဆိုအရ ယင်းစီစီတီဗွီ အများစုမှာ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့သလို လျှပ်စစ်မရှိခြင်း၊ ဆိုလာနှင့်လည်ပတ်ရခြင်းတို့ကြောင့် အလုပ် မလုပ်နိုင်တော့ဘဲ ပျက်စီးနေပြီဖြစ်သည်။

 

“ပြောရမယ်ဆိုရင် ပြည်ထဲရေးရဲ့ အဲ့ဒီ ဘတ်ဂျက်က ပလုံသွားတယ်။ ကုမ္ပဏီနဲ့ စစ်တပ်ဘက်က ပတ်သက်ရာပတ်သက်ကြောင်းတွေ သိန်း ၃ သောင်း ၄ သောင်းလောက်ရသွားတယ်။ ဦးဇော်ဝိတ် (FISCA) ပိုင်ရှင်ကို ပြည်ထဲရေးက ပိုက်ဆံအထုပ်လိုက် လက်ထဲ ထည့်မပေးလိုက်တာပဲ ရှိတာ” ဟု သတင်းရင်းမြစ်က ဆိုသည်။

 

ဆက်လက်ဖြေပြပါမည်။ ​စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၄) နိုင်ငံတကာ သံရုံးများတွင် FISCA က စီစီတီဗွီ တပ်ဆင်ထားမှုများ၊ FISCA ကုမ္ပဏီ၏ ပိုင်ရှင်များအကြောင်းနှင့် နောက်ကွယ်တွင် ပါဝင်နေသည့် ပြည်ထဲရေး အရာရှိများအကြောင်း ပါဝင်သည်။

You can treat me a cup of coffee.

wave

Press ESC to close