စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၄)

တပ်မတော် အဆက်ဆက် FISCA

 

ယခင် စစ်အစိုးရခေတ်ကတည်းက တရုတ်နိုင်ငံထုတ် နည်းပညာပစ္စည်းများကို တောက်လျှောက် တင်သွင်းလာခဲ့ပြီး ယခင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဖုန်းဆင်းမ်ကဒ်တခုကို သိန်း ၂၀ ကျော်ဖြင့် ရောင်းချသည့်ကာလကတည်းက နည်းပညာဖြင့် ကူညီပေးခဲ့သည်မှာ FISCA ဖြစ်သည်။

 

စစ်အစိုးရလက်ထက်က ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ဖုန်းအိတ်ချိန်းရုံးများတွင် နည်းပညာ ပစ္စည်းများကို အဓိက ပံ့ပိုးခဲ့ပြီး ပြင်ဦးလွင် ရတနာပုံဆိုက်ဘာစီးတီးရှိ FISCA စက်ရုံမှ ထုတ်လုပ်ရောင်းချခဲ့သည်ဟု နာမည်ခံထားခဲ့သော်လည်း ပစ္စည်းများမှာ တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်းကာ ‘စစ်အစိုးရကို ဂျင်းထည့်ခဲ့တဲ့ စီမံကိန်း’ ဟု နည်းပညာအသိုင်းအဝိုင်းက လူသိများသည်။

 

မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် မဖြစ်မီကာလက ၎င်းနေထိုင်ရာ ရန်ကုန်မြို့ အင်းလျားလမ်း ခြံနံပါတ် ၁၄ တွင် FISCA ကုမ္ပဏီက စီစီတီဗွီများကို အခမဲ့ တပ်ဆင်ပေးခဲ့သလို ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိကြီးများအိမ်တွင်လည်း စီစီတီဗွီများ အခမဲ့ တပ်ဆင်ပေးခဲ့သည်။ ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနရှိ စီစီတီဗွီများကိုလည်း FISCA ကပင် တပ်ဆင်ထားခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်နှင့် ပြည်ထဲရေး အရာရှိများတင် မကဘဲ အမှန်တကယ်တွင် FISCA ၏လုပ်ငန်းလည်ပတ်မှုများမှာ နိုင်ငံတကာ သံရုံးများထိပါ တွင်တွင်ကျယ်ကျယ်ရှိခဲ့သည်။

 

FISCA, နိုင်ငံတကာ သံရုံးများ နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ

 

FISCA ကုမ္ပဏီသည် နည်းပညာပစ္စည်းများ ဖြန့်ဖြူး တပ်ဆင် ရောင်းချသည့်နည်းတူ လုံခြုံရေးဆိုင်ရာကိစ္စများ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင် ထားသေးသည်။ နာမည်မှာ Myanmar Best Security Services Co. Ltd ဖြစ်သည်။ လုံခြုံရေးဝန်ထမ်းများကို ငှားရမ်းသည့် ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ပြီး နိုင်ငံတကာ သံရုံးများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များတွင် လုံခြုံရေး ပေးလျှက်ရှိသည်။

 

Myanmar Best ကို ၂၀၀၀ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ပြီး လက်ရှိဦးဆောင်နေသူမှာ အငြိမ်းစား ရဲမှူးကြီး သူရတင်လှ ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ကာလက FISCA နှင့် Myanmar Best မှဝန်ထမ်းများ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ရအောင် လက်မှတ်ထိုးအမိန့်ထုတ်ပြန်ပေးသည်မှာ သူရတင်လှ ဖြစ်သည်။

 

Myanmar Best က ဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာ သံရုံးများမှာ အမေရိကန်သံရုံး (ကုန် သိုလှောင်ခန်း)၊ ပြင်သစ်သံရုံး၊ အင်ဒိုနီးရှား သံရုံး၊ စင်္ကာပူသံရုံး၊ ဘရူနိုင်းသံရုံး (သံအမတ်နေအိမ်)တို့ ဖြစ်ပြီး ရုရှားသံရုံးတွင်မူ FISCA က စီစီတီဗွီ တပ်ဆင်ပေးထားသည်။  

 

ထူးခြားသည့် အချက်တစ်ခုမှာ ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ လှူဒါန်းမှုများ ပြုလုပ်လေ့ရှိသည့် လန်ဒန်အခြေစိုက် Merlin (Medical Emergency Relief International) ဟူသည့် NGO ကုမ္ပဏီရုံးတွင်လည်း FISCA ကုမ္ပဏီက အကောင်းဆုံး လုံခြုံရေးအစီအစဉ် (Best Supporting Security) အနေနှင့် ဝန်ဆောင်မှု ပေးခဲ့ဖူးသည်။ Merlin NGO မှာ ၂၀၁၃ ခုနှစ်တွင် Save The Children အဖွဲ့နှင့် ပူးပေါင်းသွားခဲ့သည်။

 

Traders, Park Royal, Summit Parkview ဟိုတယ် တို့တွင် တပ်ဆင်ထားသည့် စီစီတီဗွီများမှာလည်း FISCA ၏ လက်ရာများပင် ဖြစ်သည်။

 

ထို့ပြင် ပုဂ္ဂလိဘဏ်အများစုနှင့် တပ်ပိုင်ဘဏ်၊ အစိုးရဘဏ်တို့ တွင် တပ်ဆင်ထားသည့် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေး ဆိုင်ရာ ပစ္စည်းများမှာလည်း FISCA (သို့မဟုတ်) Myanmar Best ပင်ဖြစ်သည်။ ယင်းအနက် ထုတ်နုတ်ပြရလျှင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ်နှင့် နေပြည်တော် ဗဟိုဘဏ်တို့ ဖြစ်သည်။

 

ထို့ပြင် ထင်ရှားသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည့် စစ်ကိုင်း မုံရွာရှိ မြန်မာအိုင်ဗန်ဟိုး ကြေးနီကုမ္ပဏီ၊ Treasure Beach Resort (ငွေဆောင်)၊ အာရှတော်ဝင်ဆေးရုံတို့တွင် အင်တာကွန်း တပ်ဆင်ခြင်းကိုလည်း FISCA ကုမ္ပဏီကပင် လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဦးဇော်ဇော်၏ Max Myanmar ကုမ္ပဏီ၊ ဒဂုံစင်တာတို့တွင်လည်း စီစီတီဗွီ တပ်ဆင်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

 

ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော် ရွှေဆိုင်တွင် တပ်ဆင်ထားသည့် စီစီတီဗွီများမှာလည်း FISCA ပင်ဖြစ်သည်။

 

Access Control လုပ်ငန်းများနှင့် ပတ်သက်၍မူ ဒေဝူး ကုမ္ပဏီ၊ MPT, SOMPO (Japan)၊ ဆာကူရာတာဝါတို့တွင် ဝန်ဆောင်မှုပေးခဲ့သည်။

 

စစ်တပ်ကို အားပေးကူညီကာ ခေတ်အဆက်ဆက် ကြီးပွားနေခဲ့သည့် FISCA သည် ယခင် ဖော်ပြခဲ့ဖူးသည့် ရွှေတိဂုံဘုရားတွင် စီစီတီဗွီတပ်ဆင်ခြင်း စီမံကိန်းသာမက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သီလဝါ၊ အင်းစိန်ထောင်၊ အမျိုးသားပြတိုက်၊ အေးရှားဝါးဆိပ်ကမ်းတို့တွင်တပ်ဆင်ထားသည့် စီစီတီဗွီများကိုလည်း FISCA ကပင် တပ်ဆင်ထားသည်။  

 

“ဘယ်နေရာကြည့်ကြည့် FISCA ပဲ။ ဆိုတော့ အကုန်လုံးပေါ့၊ အားလုံး သူတို့ချည်းပဲ။ လုံခြုံရေး၊ စီစီတီဗွီအားလုံးက သူတို့လက်ထဲမှာလေ” ဟု FISCA ၏လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိထားသူက ဆိုသည်။

 

အထက်ပါ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် အမေရိကန်သံရုံး၊ ပြင်သစ်သံရုံး အပါအဝင် နိုင်ငံတကာသံရုံးများနှင့် အာရှာတော်ဝင်၊ မက်စ်မြန်မာ ကုမ္ပဏီတို့ကဲ့သို့ စီးပွားရေး လုပ်ငန်းများသည် စစ်ကောင်စီကို လက်ရှိအချိန်ထိ ကူညီပေးနေသည့် FISCA ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို သုံးစွဲနေသည်ကို တွေ့ရှိရသည်။  

 

စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၅) နိဂုံး တွင် FISCA ၏ ပိုင်ရှင်နှင့် ဇနီးအကြောင်းအပြင် ကုမ္ပဏီတွင် ခေါင်းဆောင်ပိုင်း တာဝန်ယူထားသည့် ပြည်ထဲရေးမှ အငြိမ်းစား ရဲအရာရှိဟောင်းများအကြောင်း ဖော်ပြပါမည်။

You can treat me a cup of coffee.

wave

Press ESC to close