မီဒီယာက စင်တင်ပေးတဲ့ အန္တရယ်  

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဟိုးအရင် ဘူးလက်လှဆွေကို အင်တာဗျူးတွေလုပ်ကြတုန်းက ပြည်ပအခြေစိုက် သတင်းဌာနအချို့က နီးစပ်တဲ့ မိတ်ဆွေတွေကို ကျနော် ပြောဖူးတယ်။ ကိုယ့်လူတို့ အဲ့ဒီပုဂ္ဂိုလ်ကို အရမ်းကြီး စင်မတင်ကြပါနဲ့... လို့။ ဝီရသူကို အင်တာဗျူးရကြသူတွေလည်း သူ့အရင် ငါ့အရင် ဗျူးခဲ့ကြဖူးတယ်။ ငတုံးတွေကို ပိုပြီး နာမည်ကြီးအောင် မလုပ်ကြဖို့က မီဒီယာရဲ့ တာဝန်ပဲလို့ ခံယူပါတယ်။

 

တခါတလေကျ သူပြောတာ နားထောင်ပေးရမှာပေါ့၊ နှစ်ဖက်အသံ ထည့်ပေးရမှာပေါ့လို့ ဆိုပြီး မီဒီယာတွေက ဟိုဘက်ဒီဘက် အသံတွေပါအောင် ထည့်ပေးရာကနေ ငတုံးတွေ၊ အစွန်းရောက်တွေ၊ ဂေါက်ကြောင်တွေရဲ့ အသံတွေက မီဒီယာမှာဝေဝေဆာဆာ ပါလာရော။ ဒီအတွက် မီဒီယာတွေက သူတို့မှာ တာဝန်မရှိဘူးလို့ ယူဆကြပြန်တယ်။

 

ချင့်ချိန်ဖို့ အချိန်မရတဲ့ သာမန်စာဖတ်သူတွေဟာ ဟုတ်တာ မဟုတ်တာ ခဏထား၊ တော်ရုံကိစ္စကို မီဒီယာမှာတောင် ပါလာပြီပဲဆိုပြီး ယုံကြတာ။ အဲ့ဒီမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်လွန်းတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ တွေ့တော့ ရူးပြီပဲ။ ငတုံး၊ အစွန်းရောက်နဲ့ ဂေါက်ကြောင်တွေကို ငတုံး၊ အစွန်းရောက်၊ ဂေါက်ကြောင်းမှန်း လူတိုင်းသိပြီးကြရင် အဲ့ဒီလူဟာ ငတုံး၊ အစွန်းရောက်၊ ဂေါက်ကြောင်ဖြစ်ကြောင်း ထပ်ထပ်ပြီး သက်သေပြစရာမှ မလိုတော့တာ။

 

ခု စစ်ဦးစီးချုပ်လို့ ကိုယ့်ဘာသာ နာမည်ပေးထားသူတစ်ယောက် အကြောင်း ပွတ်လောရိုက်တော့ ဒီပြဿနာရဲ့ အစက မီဒီယာဆိုတာ တွေ့ရတယ်။ သူ့ဘာသာ တပ်တစ်ခုထောင်နေတာ သူ့အကြောင်းပဲ။ သိတဲ့သူတွေလည်း သိကြတယ်၊ ဒီလောက ပုပ်ရင်ပေါ်မှာပဲ၊ ဘယ်သူဘာလဲဆိုတာ သိပြီးသားပဲ။

 

ကျန် ပီဒီအက်ဖ် ဖွဲ့ထားသူတွေ၊ တိုင်းရင်းသားအဖွဲ့တွေအောက် ကိုယ့်ဘာသာရုန်းကန်နေကြသူတွေ ဒုနဲ့ဒေးရှိကြတယ်။ မီဒီယာတွေက အင်တာဗျူးလိုက်တော့မှ လူတွေက အာရုံစိုက်သွားကြတော့တာ။

 

အဓိကက အင်တာဗျူးပြီး သတင်းတွေ ဖော်ပြထားတာ အာအက်ဖ်အေ၊ ဒီဗွီဘီနဲ့ မဇ္စျိမ တို့ သုံးခုမှာ တွေ့ရတယ်၊ ကျန် မီဒီယာအငယ်တွေ ရှိသေးလား မတွေ့မိဘူး။ ပုဂ္ဂိုလ်ရေးရင်းနှီးမှု (သို့မဟုတ်) သတင်းရလိုဇောနဲ့ ရှေ့နောက် မဆင်ခြင်ဘဲ ဖော်ပြကြပုံ ရပါတယ်။ ဒီအတွက် သတင်းထောက်က ရေးတယ်၊ ရုပ်/သံလုပ်တယ်ဆိုရင်တောင် အယ်ဒီတာတွေမှာ တာဝန်ရှိတယ်။

 

ဟိုးအရင်ကတည်းက ကျနော့်အယူအဆကတော့ ဘူးလက်လှဆွေ၊ ဝီရသူနဲ့ ဝင်းကိုကိုလတ်တို့လို လူမျိုးတွေကို မီဒီယာရဲ့အရေးကြီးတဲ့အပိုင်းတွေမှာ မဖော်ပြ၊ နေရာမပေးသင့်ပါဘူး။ ဖော်ပြချင်တယ်ဆိုရင်တောင် စာတပိုဒ်၊ စကားပြောတပိုဒ်လောက်ဆို လုံလောက်ပြီလို့ပဲ ယုံကြည်ပါတယ်။ ခုက မျက်နှာကြီး ပြူးလို့ ဖော်ပြ၊ အင်တာဗျူးကို အတောင့်လိုက် ထည့်ကြနဲ့။

 

ဘာလို့လဲဆိုတော့ ဒီလိုလူတွေမှာ သူတို့ဘာသာလုပ်ထားတဲ့ သို့မဟုတ် သူတို့နဲ့ နီးစပ်တဲ့၊ သူတို့ကို စင်တင်ပေးတဲ့၊ စင်တင်ပေးမယ့် မီဒီယာအသိုင်းအဝိုင်းဆိုတာ သီးသန့် ရှိပြီးသားပါ။ ဥပမာ အာဏာမသိမ်းခင်ကတည်းက စစ်တပ်ကို သာသာထိုးထိုး ထောက်ခံနေတဲ့ ဒေါက်တာအောင်မျိုးကို အလဲဗင်း မီဒီယာက တောက်လျှောက်အင်တာဗျူးခဲ့သလို၊ ဘိုဘိုကျော်ငြိမ်းကို People Media (လူထုမီဒီယာ) တို့က အင်တာဗျူးခဲ့တာမျိုးပေါ့။ (လက်ရှိမှာ ဇော်မင်းထွန်းပြောသမျှ တခွန်းမချန် ဖော်ပြနေတဲ့ မီဒီယာတွေကလည်း တကဏ္ဍရှိသေးတယ်)

 

ဒေါက်တာအောင်မျိုးနဲ့ ဘိုဘိုကျော်ငြိမ်းတို့ကို မိန်းစထရင်းမီဒီယာကြီးတွေက အင်တာဗျူးတယ်ဆိုရင် ဒါမလုပ်သင့်တဲ့ကိစ္စလို့ပဲ မြင်ပါတယ်။ သူ့အသိုင်းဝိုင်းက မွေးထားတဲ့ လူတွေကို မိန်းစထရင်းထဲ သွတ်သွင်းလိုက်တာမျိုး ဖြစ်သွားစေတယ်။ လူရာသွင်းလိုက်တဲ့ သဘောပေါ့။

 

သူတို့အတွက် အဲ့ဒါက အကောင်းဆုံးပဲ။ လူတွေကြားထဲ နိုင်ငံရေး လေ့လာသုံးသပ်သူလို့ နာမည်တပ်ပြီး ဟိုလိုလို ဒီလိုလိုတွေ ပြောခွင့်ရသွားတာပါပဲ။ မသိနားမလည်တဲ့ စာဖတ်သူတွေက ဒီလူတွေ မနပျူလိတ်လုပ်သမျှ အဟုတ်ထင်ကုန်တော့တယ်။

 

ဒီလိုလုပ်ရပ်တွေဟာ မီဒီယာမှာ တာဝန်အပြည့်အဝ ရှိပါတယ်။ လူကြိုက်များရင်ပြီးရော၊ နှစ်ဖက်အသံပါရင်ပြီးရော၊ အသံစုံ နားထောင်ဖို့ လိုတယ် ဆိုပြီး နောက်ကြောင်းမသိ၊ မြေပြင်မှာ ဘာဖြစ်နေမှန်းမသိ၊ တကယ့်နောက်ခံအကြောင်းတွေ မသိဘဲ သတင်းရရင်ပြီးရော စွတ်ရေး၊ စွတ်လုပ်ကြလို့ အဲ့ဒီလူ၊ အဖွဲ့နာမည်ကြီးလာပြီး မဟုတ်တာတွေ လုပ်လာရင် သူ့ကို စင်တင်ပေးခဲ့တဲ့ မီဒီယာတွေရဲ့ တာဝန်ယူ၊ တာဝန်ခံမှု မကင်းပါဘူး။

 

(အဲဝါးတားဂိတ်အရေးအပြီး ဒေးဗစ် ဖရော့စ်က သမ္မတ နစ်ဆင်ကို မေးသလို မေးခွင့်ရပြီး နောက်ဆုံး အဲ့ဒီ အင်တာဗျူးကနေ နစ်ဆင် နုတ်ထွက်တဲ့အထိ ဖြစ်သွားခဲ့တာမျိုး ဆိုရင်တော့... တမျိုးပေါ့ဗျာ)

 

နောက်ဆုံး ပဲခူးရေကြီးတော့ ခွေးတွေ ခေါင်းမိုးရောက်ကြတယ်ဆိုသလိုဖြစ်လာရင် မီဒီယာက ငါတို့နဲ့မဆိုင်ဘူး၊ ငါတို့က အသံတွေစုံအောင် လုပ်ပေးတာလို့ မသိချင်ယောင်ဆောင်လို့ မရပါဘူး။

 

ဒီလို နိုင်ငံရေးလောကနဲ့ နီးစပ်တဲ့ မီဒီယာတွေကိုယ်တိုင်ကမှ ငတုံး၊ ဂေါက်ကြောင်၊ အစွန်းရောက်တွေကို မခွဲခြားနိုင်ကြဘူးဆိုရင် ဒီမီဒီယာတွေကို ယုံကြည်နေကြရတဲ့ သာမန်စာဖတ်သူတွေက ဘယ်လိုလုပ်ပြီး ဒီမီဒီယာတွေကို အားထားကြရတော့မလဲဗျာ။

You can treat me a cup of coffee.

wave

Press ESC to close