အီးတုထ နေ့ရက်များ

တကယ်တော့ မင်းအောင်လှိုင်စစ်တပ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ကေအန်အယ်အေ တပ်မဟာ (၅) ဒေပူးနိုကနေ ကျနော် ထွက်ခဲ့တာ မတ်လ ၁၈ ရက်နေ့။ တိုက်ခိုက်ခံရတာ မတ်လ ၂၈ရက်နေ့။ အဲ့ဒီက မီးလောင်ဒုံး ကျခဲ့တဲ့နေရာဟာ ကျနော် ညနေ ထမင်းစားပြီးတိုင်း လမ်းလျှောက်ခဲ့တဲ့ နေရာပေါ့။

 

ဒေပူးနိုမှာနေခဲ့စဉ် တလျှောက် ဖထီး စောဒဲဖိုးနဲ့ ညတိုင်းနီးပါး ရေနွေးကြမ်း စကားဝိုင်းဖွဲ့ခဲ့ကြတယ်။ တပ်ဖွဲ့ဝင်တွေက ဗိုလ်ဒဲဖိုးလို့ ခေါ်ကြတဲ့ အသက် ၆၀ ကျော်အရွယ် စောဒဲဖိုးဆိုတာ တပ်မဟာ (၂) တပ်မဟာမှူး။ နိုင်ငံရေးနဲ့ စစ်ရေးကို ထိမ်းထိမ်းသိမ်းသိမ်းပြောတတ်ပြီး တစ်ခုခုဆို အမြဲတမ်းအဆင်သင့် ဖြစ်နေတတ်တဲ့ စစ်သားကြီး။ ဒေပူးနိုမှာ တတ်ခဲ့တဲ့ တခုတည်းသော ကရင်စကားက သုကီးရယ်ဆိုတာပါပဲ။ သုကီး ဆိုတာ တပ်မဟာ ဖြစ်ပြီး ရယ်ဆိုတာ နံပတ် ၅။

 

အဲ့ဒီကနေတစ်ဆင့် ဟိုးအရင်က ဒုက္ခသည်စခန်း အဖြစ် နာမည်ကြီးခဲ့တဲ့ အီးတုထဆိုတဲ့ ရွာကလေးဆီ ရောက်ခဲ့တယ်။ အနီးဆုံးရွာက မြစ်တဖက်ကမ်း တနာရီလောက် လှေစီးရတဲ့ သော်လဲထ ဆိုတဲ့ ထိုင်းရွာ။ ထိုင်းဘက်ကနေ မြန်မာဘက်ကို ပို့တယ်ဆိုတဲ့ ဆန်အိတ် ၇၀၀ ကျော် ပြဿနာဖြစ်ခဲ့တဲ့နေရာပေါ့။ ဆိုတာ စကောကရင် ဘာသာ စကားမှာ ချောင်းဝ၊ မြစ်ဝလို့ အဓိပ္ပါယ်ရသတဲ့။ ရွာကလေးက သံလွင်မြစ်ကမ်းပေါ် မေးတင်လျက်ပေါ့။

 

ရွာထဲမှာ ၁၉၈၈ ကတည်းက ရန်ကုန်ကနေ တောခိုလာပြီး ဒေသခံတွေနဲ့ အိမ်ထောင်ကျ၊ သားတစ်ယောက်မွေး၊ နောက် အဖေက တိုက်ပွဲမှာကျ၊ အမေက မိုင်းနင်းမိလို့ ဆုံးသွား၊ သားတစ်ယောက်တည်းကျန်ခဲ့သူ၊ တပ်မဟာ (၃) ကနေ (၅) ကို အပြန် ရန်သူ့စစ်ကားတွေကို တစ်ယောက်တည်း တိုက်ခဲ့တဲ့ ဝါရင့် ကရင်စစ်သားဟောင်းကြီး၊ မိုင်းနင်းမိလို့ ခြေပြတ်နေသူ၊ ဗုံးထိလို့ မျက်စိကွယ်နေသူ၊ စိတ်ဓာတ်မာကြောတဲ့ ရခိုင်အမျိုးသမီးငယ်တွေနဲ့ ဒုက္ခသည်မိသားစုကမွေးပြီး အဖေအမေ ဘယ်သူမှန်း မသိရတဲ့ မွေးစားကလေးလေးတွေရှိကြတယ်။  

 

ရွာကိုရောက်တော့ လွတ်နေတဲ့အိမ်တစ်ဆောင်ကို တစ်ရွာလုံးနီးပါး ဝိုင်းပြီး အိမ်အမိုးအသစ် မိုးပေးကြတယ်။ ထနိမိုးတော့ မဟုတ်၊ သုံးပေ၊ လေးပေ အရွယ်လောက်ရှိတဲ့ အင်ဖက်ကြီးတွေကို နှီးနဲ့စည်းပြီး တုတ်ချောင်းနဲ့စီထားတာ။ အိမ်တိုင်းနီးပါး ဒီလိုပဲ မိုးကြတာပဲ။

 

ကော်သူးလေနယ်မြေထဲ ကရင်ရွာတွေမှာ အိမ်ကြီးအိမ်ကောင်း မတွေ့ရပါဘူး။ ဖထီး၊ အိမ်ကောင်းကောင်း ဘာလို့ မဆောက်တာလဲလို့ ကျနော်က မေးတော့ နအဖ တွေ လာရင် အိမ်တွေက ပစ်ထားခဲ့ရမှာ ဖိုးခွါးရလို့ ဆိုတယ်။ ၁၉၆၂ ကနေ ဒီနေ့ထိ၊ နေဝင်းကနေ မင်းအောင်လှိုင်အထိ ဒီက ကရင်တွေစိတ်ထဲ ဘာမှ ပြောင်းလဲမသွားဘူး။ မြန်မာစစ်တပ်ဆိုရင် ဒါ နအဖ ပဲ။

 

မြစ်ကမ်းနံဘေးဆိုပေမယ့် ဒေသက ရာသီဥတုမမှန်၊ ပူလွန်းအေးလွန်းတော့ ရွာခံတွေဟာ နေ့လယ်ဆို အိမ်အောက်က ကြိုးပုခက်ထဲ နေလေ့ရှိကြတယ်။ အိမ်တွေကလည်း အားလုံး ဝါးပြားခင်း၊ ဝါးပြားကာပဲ။ တောင်ပေါ်ရော၊ မြေပြန့်ရော ကရင်လူမျိုးတွေဟာ ဝါးကိုတော့ အတော်နိုင်ကြတယ် ဆိုရမယ်။ ဘယ်နေရာရောက်ရောက် ဝါးလုံးကြီးကြီး လိုက်ရှာပြီး ထိုင်စရာ၊ ချက်စရာ၊ အိပ်စရာ တစ်ခုခု ကောက်လုပ်ပစ်ကြတာ။ သိပ်လွယ်တာပ။

 

ဒါကြောင့် ကရင့်တော်လှန်ရေးသမားတွေ အိတ်ထဲ ဓာတ်မီး၊ ကြိုးပုခက်၊ မီးခြစ်နဲ့ ခပ်ကြီးကြီး ဓါးတချောင်း အမြဲ ဆောင်ထားတတ်ကြတာ။ နောက်ထပ် မပါမဖြစ်ကတော့ ကွမ်းယာ။

 

ကျနော် ပြည်နယ်တွေအနှံ့ ဒေသပေါင်းစုံ ခရီးတွေ သွားခဲ့ဖူးတယ်။ ကရင်တွေစားတဲ့ ကွမ်းပေါင်းဆိုတာ မကြားဖူးခဲ့။ တပ်မဟာ လေးခုလောက် ဖြတ်သန်းပြီး တောက်လျှောက် ခရီးထွက်ခဲ့တော့ တောင်ပေါ်က ရေမြေအနေအထား သတိထားမိတာက အသီးအနှံ သိပ်မဖြစ်ထွန်းဘူး။ ရှားပါးကြတယ်။ ကရင်လူမျိုးတွေကလည်း ထမင်းစားရင် တာလပေါနဲ့ ဝက်သားဟင်းကလွဲပြီး ကျန်တာ သိပ်မြိန်ကြပုံမရ။ အသီးရွက်စားတာလည်း နည်းကြတယ်။ မှတ်မှတ်ရရ တပ်မဟာ (၂) မှာစားခဲ့တဲ့ ထမင်းဝိုင်းကိုတော့ အမြဲသတိရမိတယ်။ တပ်မဟာ (၂) က ရေမြေကောင်းတယ်၊ အသီးနှံဖြစ်ထွန်းတယ်။ ဒါကြောင့် ဟင်းပေါတယ်လို့ ဆိုရမယ်။

 

အဲ့ဒီလို ရေမြေသဘာဝ သိပ်မကောင်းတာကြောင့် ကွမ်းအရမ်းကြိုက်တဲ့ တောင်ပေါ်က ကရင် တွေဟာ ကွမ်းစိုက်ကြပေမယ့် မြေဆီမကောင်းတော့ မအောင်မြင်ကြပုံပါပဲ။ ဆိုတော့ မြို့ပေါ်ဈေးတွေကနေ ဝယ်လာတဲ့ ကွမ်းရွက်ကြမ်းကြမ်းတွေကို ပေါင်းခံပြီး တာရှည်ခံအောင် လုပ်ထားကြတယ်။ ပုံမှန်ကွမ်းရွက်စိမ်းက တစ်ပတ်ခံမယ်ဆိုရင် ကွမ်းပေါင်းက အနည်းဆုံး သုံးပတ်လောက်ခံတယ်။ ငါးနှစ် ခြောက်နှစ်အရွယ်ကလေးလေးတွေက အစ လူတိုင်းနီးပါး ကွမ်းစားကြတယ်။

 

မနက်စာနဲ့ နေ့လယ်စာကို ပေါင်းပြီး မနက် ၆ နာရီကျော်ရင် စားပြီးကြပြီ။ နေ့လယ် ၁၂ ချက်တီးလောက် ဗိုက်ဆာချိန်တော့ လူတိုင်းပါးစပ်ထဲ ကွမ်းယာတမြုံ့မြုံ့။ ညနေ ၅ နာရီလောက်ဆို ညစာစားကြပြီ။

 

အင်ဖက်မိုးအသစ်နဲ့ အိမ်ထဲ နေ့တာ ညတာ သိပ်ရှည်လွန်းတယ်။ နေပြင်းပြင်းအောက် ခေါင်းမှာကြိုးစည်းပြီး ရေခပ်ဆင်းကြတဲ့ ကလေးလေးတွေကြည့်ရင်း၊ အိမ်နောက် တောင်ပေါ် ဘုရားကျောင်းက ဆုတောင်းသံတွေ နားထောင်ရင်း၊ ကရင်စကားတချို့ သင်ယူရင်း၊ ကြိုးပုခက်ပေါ်အိပ်ရင်း၊ ညနေဆို သံလွင်မြစ်ထဲ ရေဆင်းချိုးရင်း ပေါ့။

 

ကရင်တွေ ဆိုပုံအရ တစ်ရက်နေရင် ဧည့်သည်၊ နှစ်ရက် နေရင်လည်း ဧည့်သည်ပဲ၊ သုံးရက်မြောက်မှာတော့ မင်းဟာ အိမ်ရှင်ဖြစ်သွားပြီတဲ့။ ကျနော်တို့ကို ထမင်းကျွေးတဲ့ အမိုးနဲ့ ဖထီးအိမ်မှာ ထင်းခွဲလိုက်၊ ထမင်းချက်လိုက်၊ ညဘက် မီးစက်နှိုးပေးလိုက်နဲ့ နေ့တွေကို ဖြတ်သန်းခဲ့တယ်။ 

 

အဲ့ဒီလိုနဲ့ မတ်လ ၂၇ ရက်နေ့ကို ရောက်လာခဲ့တယ်။ မင်းအောင်လှိုင်စစ်တပ်ရဲ့ သီးမူထ စခန်းကို ကေအန်အယ်အေ က သိမ်းယူတာ ကြားရတယ်။ ၂၈ ရက် ညပိုင်းမှာတော့ ကေအန်အယ်လေ တပ်မဟာ (၅) ဒေပူးနို၊ လေကြောင်းကနေ တိုက်ခိုက်ခံရတာ ကြားတယ်။ ကျနော် နေတဲ့ရွာနဲ့ ဝေးပေမယ့် သတင်းရောက်လာတော့ တစ်ရွာလုံးလှုပ်လှုပ်ရွရွပေါ့။ တစ်ညလုံးလည်း ကင်းစောင့်ကြတယ်။

 

မတ် ၂၉ မနက်ကျတော့ တရွာလုံး အထုပ်ပြင်ကြပြီ။ အိမ်ကိုစွန့်ဖို့ လုပ်ကြပြီ။ ရွာကို ဗုံးကျဲခံရနိုင်တယ်ဆိုတဲ့ သတင်းကြားတော့ လေကြောင်းတိုက်ခိုက်မှုကို ရွာသားတွေဟာ ကြိုတင်ရှောင်ဖို့ ပြင်ဆင်ကြတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးလေးတွေ၊ မသန်စွမ်းတွေ အားလုံး အထုပ်ကိုယ်စီနဲ့ ရွာထဲက ထွက်ကြပြီ။

 

ဗမာစကား ရေလည်တဲ့ အမိုးက အိမ်မှာ နေမယ်ဆိုရင် အဆင်မပြေဘူးလေ၊ တောထဲမှာ ပိုအဆင်ပြေတယ်။ အိမ်က လေယာဉ်ပစ်ကွင်း ဖြစ်နိုင်တယ်လေတဲ့။ ကိုယ်နေထိုင်တဲ့ အိမ်ဟာ ရန်သူ့လေယာဉ်ပစ်ကွင်း ဖြစ်နေတာကြောင့် တချိန်လုံး ပြေးဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ ဒီ ကရင်ရွာသားတွေ အရိုးစွဲနေခဲ့ကြတာပေါ့။

 

လုပ် လုပ် အချိန်မရှိဘူးလို့ အမိုးနဲ့ ဖထီးက အော်တာနဲ့ ကျနော်လည်း အထုပ်တွေ အသင့်ပြင်ရင်း ပြေးဖို့ စီစဉ်ရတယ်။ အဲ့ဒီချိန်ထိ ဘယ်ကိုပြေးရမလဲဆိုတာ မသိသေး။ အားလုံး သံလွင်မြစ်ထဲ ဆင်းကြတော့ စက်လှေတွေ အဆင်သင့်စောင့်နေတာ တွေ့ရတယ်။ တစ်ရွာလုံး မြစ်ကမ်းပေါ်မှာ အထုပ်ကိုယ်စီနဲ့။

 

ဟိုးမှာဘက်မြင်နေရတာက အလံတလူလူ လွှင့်ထားတဲ့ ထိုင်းနယ်ခြားစောင့်စခန်း။ အဲ့ဒါနဲ့ လှေကိုယ်စီနဲ့ ထိုင်းနိုင်ငံဖက် တောထဲကိုသုတ်ခြေတင်ကြရတယ်။ လူပေါင်း ထောင်ကျော်။ သံလွင်မြစ်ထဲမှာတော့ စက်လှေသံတွေ သောသောညံပေါ့။

 

တဖက်ကမ်း ထိုင်းနယ်မြေ သံလွင်ကမ်းကို ကပ်တော့ ထိုင်းနယ်ခြားစောင့်ရဲတွေ ရောက်လာကြတယ်။ ထိုင်းရဲတပ်ဖွဲ့ထဲမှာလည်း ကရင်လူမျိုးတွေ ရှိတော့ စကားအဆက်အဆံ လုပ်တာ တွေ့ရတယ်။ ကမ်းပေါ် နေမရဘူးပြောတယ်။ တောထဲကို ရွှေ့ဖို့ ပြောနေတယ်လို့ အမိုးက ဆိုတာနဲ့ လှေပေါ်က ဆင်းပြီး တောထဲ သွားဖို့ လုပ်ကြရတော့တယ်။

 

ကမ်းစပ်ကနေ တောထဲ ၁၅ မိနစ်လမ်းလျှောက်ဝင်တဲ့ တောက်လျှောက် စစ်ပြေး ဒုက္ခသည်တွေချည်းပါပဲ။ တောကလည်း ကြမ်းတယ်၊ ကျောက်ခဲတွေများတဲ့ကြား အတက်အဆင်းကလည်း နေရာတိုင်းပဲ။ လမ်းမလျှောက်နိုင်လို့ ထမ်းစင်နဲ့ ခေါ်လာရသူတွေ၊ ဆေးပုလင်းကို ဝါးလုံးနဲ့ချိတ်ပြီး ခေါ်လာရတဲ့ လူမမာတွေ၊ နှပ်တွဲလောင်းနဲ့ နို့မပြတ်သေးတဲ့ မြေကြီးပေါ်အိပ်နေတဲ့ ကလေးလေးတွေ။ ကလေးလေးတွေ ပိုများတယ်။

 

ကျနော်တို့ စခန်းချတဲ့နေရာဘေးက မိသားစုမှာဆို ကလေး ၈ ယောက်၊ အဘွားအိုတစ်ယောက်၊ လူမမာ တစ်ယောက် အားလုံး ၁၀ ယောက်၊ စားနေကြတာက အရည်ကျဲကျဲ ငါးပိရည်ကို ကြက်သွန်အစိမ်း ထည့်ထားတဲ့ ဟင်းတစ်ခွက်တည်း။ ဘေးဘက်မှာ ခေါက်ဆွဲခြောက်ထုပ် ရေးနွေးထဲ ထည့်တာကို ဗိုက်ဆာလို့ မီးဖိုဘေး စောင့်နေကြတဲ့ ကလေးလေးတွေ။ အဲ့ဒီမှာ နားလည်ခဲ့ရတာ တစ်ခုက ဒီဒေသက ကရင်တွေအဖို့ ခေါက်ဆွဲခြောက်ထုပ်ဟာ သူတို့အတွက် ဟင်းကောင်းတစ်ခွက် ဆိုတာပါပဲ။ ထမင်းစားပြီးတော့ ထင်းမီးဖိုဘေး မိသားစုတွေဝိုင်းပြီး ခပ်တိုးတိုး ဆိုကြတဲ့ ခရစ်ယန် ဓမ္မတေးတွေ နားထောင်ရင်း...

 

တိုင်းရင်သားတပ်တွေ ဘာလုပ်နေကြလဲလို့ အော်နေကြတာ၊ တပ်စခန်းတွေ သိမ်းလိုက်ပါတော့လားကွာလို့ပြောနေတာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ စစ်အစိုးရပေးတဲ့ တစ်ပဲခြောက်ပြားတဲ့ ကျေနပ်နေကြတယ်လို့ ဆိုကြတာကို ဒီ ကရင်တွေ သိများသိကြပါ့မလားဆိုပြီး တွေးနေမိသေးတယ်။

 

ကြိုးပုခက် ပါလာတဲ့သူတွေကတော့ တွေ့ရာအပင်မှာ ကြိုးချည်ကြတယ်။ တချို့လည်း တာလပတ် (မိုးရေကာဖျင်) ခင်းကြပေါ့။ အများစုကတော့ ပုဆိုးခင်း၊ အင်္ကျီခင်းပြီး ကျောက်ခဲထူတဲ့ မြေကြီးပေါ် အိပ်ကြရတာပါပဲ။ ည ၈ နာရီမှာ လူတယောက် အသံကျယ်ကျယ်နဲ့ လှမ်းအော်လို့ မီးဖိုတွေ ရေလောင်း၊ တချို့လည်း ဖယောင်းတိုင်မှုတ်။ လေယာဉ်လာရင် မြင်မှာစိုးလို့ တဲ့။ တချက်တချက် ထွက်လာတဲ့ ကလေးငိုသံကလွဲ တတောလုံး ဘာသံမှ မကြားရတော့။

 

အဲ့ဒီညက ကျနော်တို့ ပုန်းခိုရာ တောနဲ့ ၄ ကီလိုမီတာအကွာလောက်မှာ နအဖ စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်။

 

မနက်ကျတော့ ထိုင်းဖက်မှာ နေလို့မရတော့ဘူးဆိုတာနဲ့ မြန်မာဘက်ထဲ ပြန်နေဖို့ လုပ်ရပြန်တယ်။ သိပ်မကြာဘူး၊ ထိုင်းရဲတွေက နှင်တယ်ဆိုပြီး တောထဲ ပုန်းနေကြတဲ့ ရွာသားတွေဟာ မြန်မာဘက်ထဲ ပြန်လာခဲ့ကြရတယ်။

 

ကိုယ့်ရွာထဲလည်း မပြန်ရဲကြတော့ သံလွင်မြစ်ကမ်းကနေ မြန်မာဘက်အခြမ်း တောတွင်းထဲ ထပ်ဝင်ရတော့တာပေါ့။ သံလွင်မြစ်ကမ်းဘေးမှာတော့ ကျောက်တုံးတွေအောက် ခြုံတွေဘေးမှာ မိသားစုပေါင်း မြောက်များစွာ။ တောထဲလည်း မဝင်ရဲ၊ ရွာလဲ မပြန်ရဲကြ။

 

တောထဲရောက်တော့ ရေရှာကြရတယ်။ ကူညီပေးတဲ့ ကရင်ရွာသား လူငယ်နှစ်ယောက်က ဆန်ထုပ်တွေ၊ အိုးတွေခွက်တွေနဲ့။ ၄၅ မိနစ်လောက် လျှောက်ပြီးတော့မှ လက်ယက်တွင်းကလေး နှစ်တွင်းတွေ့တာနဲ့ စခန်းချဖို့ ပြင်ရတယ်။

 

ညတိုင်း ထမင်းစောစောစားပြီး ရေဒီယိုနားထောင်ဖို့ စိုင်ပြင်းကြတယ်။ နိုင်ငံထဲကို ဝင်လာတဲ့ ဒုက္ခသည်တွေကို ပြန်မောင်းထုတ်တဲ့ မူဝါဒ မရှိဘူးလို့ ထိုင်းအစိုးရက ပြောတယ်ဆိုတဲ့ ရေဒီယိုသတင်းကြားတော့ အားလုံး ဝိုင်းရယ်ကြရသေးတယ်။

 

ညဖက် ဒရုန်းတွေ လာပြီး ထောက်လှမ်းတယ်ဆိုလို့ ဘယ်သူမှ မီး မထွန်းရဲကြဘူး။ တွေ့တဲ့ အရွက်တွေ ဟင်းလုပ်ရင်း၊ ပါလာတဲ့ ငါးသေတ္တာတွေ ချက်စားရင်း ကြိုးပုခက်ပေါ်တလှည့်၊ မြေကြီးပေါ်တလှည့် အိပ်ရင်းနဲ့ လူသူ မရှိတဲ့ တောထဲမှာ ၄ ည နဲ့ ၅ ရက်ကြာခဲ့တယ်။ မိတ်ဆွေရင်းချာတွေလည်း တိုးခဲ့တာပေါ့။

 

တောထဲဝင်လာရာတလျှောက် သင်္ချိုင်းဘေးမှာ၊ မြစ်ဘေးမှာ ကလေးငယ်ပေါင်းများစွာ၊ မိသားစုပေါင်းများစွာဟာ ငှက်ပျောပင်တွေအောက် မြေကြီးပေါ်အဝတ်ခင်းပြီး အိပ်ကြတယ်။ ညတိုင်း လေယာဉ်နဲ့ လာတိုက်မှာလားဆိုတဲ့ အသိနဲ့ လူထောင်ကျော်ဟာ လေယာဉ်သံနားစွင့်ရင်း ကောင်းကင်ကို မော့ကြည့်ရင်း အိပ်ကြရတယ်။

 

တရက်တရက် ရွာကို ခဏပြန်တဲ့ ဟန်နီဗလွတ်ဆိုတဲ့ ကရင်ရွာသားကလေး အပြန်ကိုပဲ မျှော်ခဲ့ကြရတာပေါ့။ ရွာမှာ ဘာဖြစ်နေပြီလဲ၊ တိုက်ခိုက်ခံရတာရှိလား၊ မြစ်ကမ်းဘေးက ရွာသားတွေရော ဘယ်လိုနေကြလဲ စသဖြင့် သူပြန်လာမှ ဝိုင်းမေးကြရတယ်။ ပြီးခဲ့တဲ့ တစ်လလောက်က တကမ္ဘာလုံးကအကြောင်းအရာ ကိုသိချင်တာကို ကိုယ်ကြိုက်တဲ့အချိန် ကောက်ရှာလို့ရတဲ့ အခြေအနေကနေ လူတယောက်နဲ့ ရေဒီယိုတစ်လုံးက ပြောသမျှ ဖယောင်းတိုင်ထွန်းပြီး နားထောင် ယုံကြည်ရတဲ့ဘဝကို နေ့ချင်းရောက်သွားခဲ့ရတယ်။

 

ဧပြီ ၃ ရက်နေ့မှာတော့ ရွာထဲကို ပြန်ဝင်လို့ ရပြီဆိုတာနဲ့ အထုပ်အပိုးပြင်ပြီး အမိုး လာခေါ်တဲ့ စက်လှေနဲ့ ပြန်ခဲ့ကြရတယ်။ ရွာပြန်ရောက်တော့ တစ်ရွာလုံးနီးပါး ဗုံးခိုကျင်း တူးပြီးကြပြီ။

 

ကျနော်တို့ တောထဲနေတဲ့ တလျှောက် မတ်လ ၃၀ မှာ တပ်မဟာ (၃) နဲ့  (၅) ကြား ရွှေတူးဖော်ရာ မဲဝိုင် (ကရင်အခေါ် မယ်ဝေ) မှာ စစ်ကောင်စီက လေယဉ်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်ခိုက်ခံရချိန် အဲ့ဒီမှာ ရှိနေခဲ့သူ ပြန်ရောက်တော့ ပြောပြလို့ သိရတယ်။

 

လေယဉ်နဲ့ ဘယ်လောက်တိုက်တိုက်ဗျာ။ ငါတို့ ဘာကြောက်မှာလဲ၊ ဒီကောင်တွေ ပိုက်ဆံကုန်ရင် ရပ်သွားကြမှာပဲလို့ ကရင်စစ်သားတွေကတော့ ဆိုကြတယ်။

 

ကျနော်တို့ ကရင်တွေက စစ်ကို လက်နက်နဲ့တိုက်တာ မဟုတ်၊ စိတ်ဓာတ်နဲ့တိုက်တာလို့ ဒေပူးနိုမှာတုန်းက ကရင်စစ်ဗိုလ်တဦး ပြောတာ သတိရမိတယ်။ ကရင်စစ်သားတွေဟာ လစာမရဘူး၊ ကြိုးပုခက်ပေါ်အိပ်၊ ငါးပိရည်စားပြီး စစ်တိုက်ကြတာပါပဲ။

 

ကော်သူးလေနယ်မြေထဲ တစ်လနီးပါး ကြာခဲ့ပါတယ်။ အမိုး၊ ဖထီး၊ တရမူ နော်သန်ညာ၊ ကျော်ဒို့၊ ခီးရ်ဒိုမှူး၊ ခလိုဒို့နဲ့ အီးတုထ တရွာလုံး အရာရာ အဆင်ပြေပြီး ဘုရားသခင်ကောင်းချီးပေးပါစေ လို့ ကျနော် ဆုတောင်းလိုက်ပါတယ်။

 

စကောကရင်ဘာသာစကားထဲ ကျနော့်အတွက် အသံထွက်ရခက်တဲ့ စကားလုံး သုံးလုံးရှိပါတယ်။ ကွမ်းယာရယ်၊ ကျေးဇူးတင်တာရယ်၊ အရူးရယ်။ ဒီ စကားလုံးသုံးလုံးက ကရင်အသံထွက်မှာ မနီးယိုးစွဲတွေ။ ကွမ်းယာကို တဘလူ၊ ကျေးဇူးတင်တာကို တာ့ဘလုနဲ့ အရူးကို တာ့ဘလူး ပါတဲ့။ (ကရင်မှာ ကိုယ်ပိုင်စာ၊ စကားရှိတော့ ခုရေးပြတဲ့ စာဟာ အမှန်တော့ မဟုတ်ပါ)

 

ဘယ်လိုပဲဆိုဆို ပြောရမှာကတော့...

တာ့ဘလု အီးတုထ၊ တာ့ဘလု သုကီးရယ်ပါ။

You can treat me a cup of coffee.

wave

Press ESC to close