ဖရန့်ဖို့ နေ့ရက်များ (၁)

ဟိုဘက်အခန်းက ဆူညံအော်ဟစ်နေတာကြားတော့ နိုးတဝက်၊ အိပ်တဝက်နဲ့ ချက်ချင်းထ၊ ကိုယ့်အောက်က တယောက်လည်း ဘာဖြစ်တာလဲဆိုတဲ့ မျက်နှာပေးနဲ့ မော့ကြည့်တယ်။ နာရီကြည့်လိုက်တော့ မနက် ၇ နာရီကျော်။

အခန်းထဲမှာ ၄ ယောက်နေကြတော့ နှစ်ထပ်ခုတင်က နှစ်လုံး။ တဖက် ခုတင်က ၂ ယောက်လည်း နိုးကြပြီ။ အခန်းတွေက အသံလုံပေမဲ့ ဝူးဝါးနဲ့အော်သံမျိုးဆိုတော့ ဒီဘက်ခန်းက အတိုင်းသား ကြားရတယ်။ ၄ ယောက်လုံး အသံကြားရတဲ့ တဖက်ခန်းဆီ သွားကြည့်ကြတာပေါ့။

တံခါးပွင့်လျက်နဲ့ အခန်းထဲက တူရကီ တယောက် ထွက်လာတယ်။ သူ့ကြည့်ရတာလည်း ခြေမကိုင်မိ လက်မကိုင်မိ။ အခန်းထဲကို ကြည့်လိုက်တော့ နှစ်ထပ်ခုတင် အပေါ်ဆင့်ကနေ လူတယောက် ခါးပတ်ကြိုး လည်ပင်းကိုစွပ်ပြီး လျှာထွက်လျက်တန်းလန်းကြီး။ ခြေကားယား၊ လက်ကားယားနဲ့။ သေချာ ကြည့်လိုက်တော့မှ မိုဟာမက်။

မိုဟာမက်က ဒီ ယာယီအချုပ်ခန်း* ရောက်နေတာ ၄ လကျော်ပြီလို့ သိရတယ်။ သူနဲ့ အတူနေတာက နောက်ထပ် တူရကီ တယောက်။ အခန်းတွေက ၁၂ ပေ ပတ်လည်ရှိမယ်။ အစားစားချိန်ပဲ အောက်ထပ်ကိုဆင်းရတော့ ကျန်တဲ့အချိန် လူ ၄ ယောက်နေရတဲ့ ဒီ အခန်းကျဉ်းကလေးထဲမှာပဲ လှည့်ပတ် လမ်းလျှောက်ပေါ့။ မိုဟာမက်တို့အခန်းကတော့ ၄ ယောက်မဟုတ်ဘူး၊ ၂ ယောက်ပဲ ထားတယ်။

အစောပိုင်းက ဘာကြောင့်မှန်း မသိခဲ့။ ကျနော် ဒီအချုပ်ခန်းကိုရောက်ပြီး တစ်ပတ်ကျော်လောက်ကြာတော့ ဇာတ်လမ်းတွေ သိလာရတယ်။ မိုဟာမက်က ဂျာမနီမှာ ခိုလှုံခွင့်တောင်းပေမဲ့ ဂျာမန်အစိုးရက လက်မခံ၊ ရုံးချိန်းတွေ အကြိမ်ကြိမ်တက်ပေမဲ့ ပယ်ချလို့ အယူခံဝင်ရင်း ၄ လလောက်ကြာနေတာလို့ သိရတယ်။

မနေ့ညက အောက်ထပ်မှာ ညစာသွားယူရင်း မိုဟာမက်ကို သူ့နိုင်ငံပြန်ပို့တော့မယ်* ဆိုတာ အစအန ကြားရတယ်။ သူက လုံးဝ မပြန်ချင်။ မပြန်ရဲလို့ ပြောရင် ပိုမှန်မလား။ တူရကီကို ပြန်ရင် သူ့ကို အာဒိုဂန် အစိုးရ* က သတ်ပစ်မယ်ဆိုတာချည်း ပြောနေတယ်။ အယူခံ အကြိမ်ကြိမ် ဝင်ပေမဲ့ ဂျာမန်တရားရုံးက သူ့ကို ဒုက္ခသည်အဖြစ် လက်မခံပါဘူး။

ရာမဇန်လ ဆိုတော့ မနက် ၄ နာရီလောက် ထမင်းထစားကြရင်း သူ့ကို ဝရံတာမှာ မြင်လိုက်ပါသေးတယ်၊ ခေါင်းငိုက်စိုက်နဲ့။ ဒီနေ့မနက် ကြိုးဆွဲချ သတ်သေတော့တာပဲ။ ပါးစပ်က အမြှုပ်တွေ တစီစီထွက်၊ ခန္ဓာကိုယ်က ထွန့်ထွန့်လူးနေပေမဲ့ ကံကောင်းထောက်မစွာ မိုဟာမက် အသက်မသေခဲ့ပါဘူး။

အချုပ်ခန်း လုံခြုံရေးတွေရောက်လာပြီး ဂျာမန်လို၊ အာရဗီလို အော်ဟစ်ပြောကြရင်း မိုဟာမက်ကို ထမ်းစင်ပေါ်တင် ခေါ်သွားကြတယ်။

ဒီအချုပ်ခန်းမှာ လုံခြုံရေးလုပ်နေသူတွေက ပါကစ္စတန်၊ ဆားဘီးယား၊ ရိုမေးနီးယားတွေ။ အများစုက အရှေ့ဥရောပဘက်က လာသူတွေ။ ချေချင်းညာက တယောက်တောင် တွေ့ရတယ်။ လူကောင် အကြီးကြီးတွေချည်းပဲ။ သူတို့အချင်းချင်း ဂျာမန်လိုပဲ ပြောကြတယ်။ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်နဲ့ တူရကီ စတဲ့ အာရဗီလိုပြောတဲ့နိုင်ငံက လာတဲ့ ဒုက္ခသည်တွေကျတော့ အဆင်ပြေတယ်ဆိုရမယ်။ လုံခြုံရေးထဲမှာ ကိုယ့်စကား နားလည်သူရှိရင် တချို့ကိစ္စတွေ မေးရမြန်းရ အဆင်ပြေတာကိုး။

ဒါပေမဲ့ လုံခြုံရေးတွေက တော်တော်ရိုင်းကြတယ်။ ကျနော်တို့က အချုပ်သားလည်း အချုပ်သား၊ ဒုက္ခသည်ကလည်း ဒုက္ခသည်ဆိုတော့ အမြဲတမ်း နှိမ်သလို ကြည့်ခံရတယ်။ တချိန်လုံး အော်ဟစ်ဆူငေါက်ခံရပါတယ်။

အီရန်က လာတဲ့ ဒုက္ခသည်တယောက်ဆို ဖာရ်စီ* လိုပြောတယ်။ အာရဗီလိုလည်း ရတယ်။ သူက ကျနော်နဲ့ တခန်းထဲ နေရတာ။ လုံခြုံရေးထဲက ပါကစ္စတန်နဲ့ ကျနော့်အခန်းဖော် အီရန်တို့ အစောပိုင်းမှာ အာရဗီလိုပြောပြီး အတော်အဆင်ပြေကြတာ မြင်တယ်။ နောက်ပိုင်း ၄ ရက်လောက်ကြာတော့ စကားမပြောကြတော့ဘူး။ နောက်မှ သိရတာ ဆွန္နီနဲ့ ရှိယိုက်မို့လို့ မပြောကြတော့တာလို့ ဆိုတယ်။

မနက်စာ၊ နေ့လယ်စာ၊ ညစာက တစ်ပုံစံတည်း။ အလယ်ကခွဲထားတဲ့ ပေါင်မုန့်ဝိုင်းတစ်လုံး၊ အသားပြား ၂ ချပ်၊ ပန်းသီးတစ်လုံး၊ ချိစ်အသေးကလေးတစ်ခဲ၊ ရေနွေးကြမ်း သို့မဟုတ် ကော်ဖီကတော့ ကြိုက်ရာရွေး။ တနင်္ဂနွေရက်မျိုးဆိုရင်တော့ ငါးနဲ့နယ်ထားတဲ့ ထမင်းတို့၊ ခေါက်ဆွဲတို့ စသည်ဖြင့် စားရတယ်။

အစပိုင်းမှာ အဆင်ပြေပေမဲ့ တစ်ပတ်လောက် ဒါချည်းပဲ နေ့တိုင်းစားရတာဆိုတော့ ထမင်းစားချိန်ရောက်မှာကိုတောင် လန့်လာတယ်။ ကိုယ့်လျှာနဲ့ နီးစပ်အောင် အသားညှပ် ပေါင်မုန့်ပေါ်ကို ခရမ်းချဉ်သီးအချဉ်ရည်ထည့်၊ ဆားများများဖြူးပြီး ကြိတ်မြိုချရတာပဲ။

အင်တာနက်၊ ကွန်ပြူတာ၊ ဖုန်း ဘာမှမသုံးရဘူး။ အပြင်မထွက်ရဘူး။ ၁၀ မိနစ်အချိန်ပေးရင် အလှည့်ကျ အောက်မှာ လမ်းလျှောက်လို့ရတယ်။ အချိန် အများစုကိုတော့ ၁၂ ပေပတ်လည် အခန်းထဲ ခြေလှမ်း ရေတွက်လျှောက်ရင်း ဖြုန်းရတယ်။ ညောင်းရင် ခုတင်ပေါ်တက်၊ ပါလာတဲ့ စာအုပ်တွေ ဖင်ပြန်ခေါင်းပြန်ဖတ်ပေတော့ပဲ။

ကျဉ်းကြပ်မှုဒဏ်ကို အတော် ဆိုးဆိုးရွားရွား ခံရပါတယ်။ ညည အသက်ရှူကြပ်လို့ ခေါင်းအုံးပေါ်မှောက်ရင်း ငိုရတယ်။ တဖက်ခုတင်က တူနီးရှားနိုင်ငံသား ရှာဟစ် ဆိုရင် ငိုလွန်းလို့ နောက်ဆုံး မငိုနိုင်၊ အသက်ရှူရပ်ပြီး ဆေးရုံပြေးလိုက်ရသေးတယ်။ သူ့မိန်းမနဲ့ ကလေးက ဆားဘီးယားမှာ ကျန်ခဲ့တယ်လို့ ဆိုတယ်။ သတိရလို့ တဲ့။ ပြဿနာက ဘယ်သူ့စကား ဘယ်သူမှ နားမလည်ကြတာ။ အင်္ဂလိပ်လို တစ်စွန်းတစ်စ ခက်ခက်ခဲခဲ အပြန်အလှန်ပြောရင်း အချိန်ဖြုန်းကြရတယ်။

အစားအစာ အဆင်သင့်၊ အိပ်ယာကောင်းကောင်း စောင်ကောင်းကောင်းနဲ့ သန့်သန့်ရှင်းရှင်းနေရတဲ့ ဒီလို အချုပ်ခန်းထဲမှာတောင် ဒီဒုက္ခတွေကို မခံစားနိုင်လွန်းတော့ အဲ့ဒီအချိန် စစ်ကောင်စီက ဖမ်းဆီးသွားလို့ စစ်ကြောရေးရောက်နေတဲ့ သတင်းထောက် မိတ်ဆွေတွေ၊ ကျောင်းသားတွေ၊ ဆန္ဒထုတ်ဖော်သူတွေတွေကို မြင်ယောင်ကြည့်မိပါတယ်။ အကျဉ်းချခံထားရသူတွေ ဘယ်လိုနေကြမလဲ။ ကိုယ့်လူတွေ ဘယ်လိုနေကြမလဲ။

ထောင်ဝင်စာ မလာရင် အဆင်မပြေကြသူတွေ၊ ကြမ်းပြင် ညစ်ညစ်ပတ်ပတ်မှာအိပ်၊ လူမဆံ့လို့ ဟာလာဟင်းလင်းမှာ တိုးဝှေ့အိပ်ကြရသူတွေ၊ မိုးတွင်းဆို ခြင်ကိုက်၊ နွေဆိုပူ၊ ဆောင်းဆိုအေးလွန်းတဲ့ အကျဉ်းထောင်ထဲမှာ။ လူလို မအိပ်ရ၊ လူလို မစားရ။ လူလို မဆက်ဆံခံရ။

အာဏာ စသိမ်းချိန်ကတည်းက မနေ့ကအထိ ဖမ်းဆီးခံခဲ့ရသူ ၂ သောင်း ၄ ထောင်ကျော်ရှိပါတယ်။ ဒီမှာ ၁ သောင်း ၉ ထောင်ကျော်က လက်ရှိအချိန်ထိ ဖမ်းခံထားရဆဲပါ။ ဒီလိုဖမ်းခံထားရတဲ့အထဲက ၇ ထောင်ကျော်က ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
◼︎

ယာယီအချုပ်ခန်း - Temporary Detention Center
သူ့နိုင်ငံကို ပြန်ပို့ - Deportation
အာဒိုဂန် အစိုးရ - Erdoğan Government
ဖာရ်စီ - Persian/Farsi language

 

You can treat me a cup of coffee.

wave

Press ESC to close