စစ် ဆေးတက္ကသိုလ် မဟာသိပ္ပံဘွဲ့ ဝင်ခွင့်စာမေးပွဲအောင်မြင်သူ ယခင်နှစ်များကထက် နှစ်ဆကျော်ရှိခဲ့

တပ်မတော် ဆေးတက္ကသိုလ် ဆေးပညာ မဟာသိပ္ပံ ဘွဲ့သင်တန်း ဝင်ခွင့်စာမေးပွဲ နောက်ဆုံးအပတ်စဉ်ကို ဝင်ရောက်ဖြေဆိုသူများပြားခဲ့ပြီး ယခင်နှစ်များကထက် နှစ်ဆကျော် အအောင်ပေးခဲ့ကြောင်း Mratt’s Channel က ရရှိထားသည့် စာရွက်စာတမ်းများအရ သိရသည်။

 

ပုံမှန်အားဖြင့် ကျင်းပပြီးစီးခဲ့သည့် ဝင်ခွင့် စာမေးပွဲများတွင် ဘာသာရပ်ပေါင်း ၂၀ ကျော်ဖြေဆိုရာ အောင်မြင်သူ ဦးရေ ၁၀၀ မှ ၁၅၀ ကျော်အတွင်းသာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ကျင်းပခဲ့သည့် အပတ်စဉ် ၂၉ အတွက် ဝင်ခွင့် စာမေးပွဲတွင်မူ စစ်ကောင်စီက လူပေါင်း ၃၀၀ ကျော်ကို အအောင်ပေးခဲ့သည်။

 

အပတ်စဉ် ၂၄ တွင် အထူးပြုဘာသာရပ်စုစုပေါင်း အောင်မြင်သူ ၁၅၀ နီးပါး၊ အပတ်စဉ် ၂၅ တွင် အောင်မြင်သူ ၁၉၅ နှင့် အပတ်စဉ် ၂၈ တွင် ၁၈၀ နီးပါးသာရှိခဲ့ပြီး ယခုနောက်ဆုံး အပတ်စဉ် ၂၉ တွင် အောင်မြင်သူ ၃၀၈ ဦးထိ ရှိခဲ့ခြင်းဖြစ်သည်။

 

“အရင်ကဆို လူက နည်းနည်းလေးပဲ။ ဒီနှစ်တော့ တော်တော် အအောင်ပေးလိုက်တယ်။ အဓိကကတော့ တပ် ပြေးများမှာစိုးလို့ပေါ့၊ ရှေ့တန်းလည်း မထွက်ချင်တော့ ဝင်ဖြေကြတာ” ဟု တပ်မတော် သတင်းပေးလာသူတစ်ဦးက ဆိုသည်။

 

ဝင်ခွင့်အောင်မြင်သွားသူများမှာ လက်ရှိအချိန်တွင် မဟာဘွဲ့သင်တန်း အပတ်စဉ် ၂၉ ကို တက်ရောက်နေပြီ ဖြစ်ပြီး ရှေ့တန်းထွက်စရာလည်း မလိုတော့သလို ၃ နှစ်တိတိ ကျောင်းအသားအနေနှင့် နေထိုင်ရသွားကြမည်ဖြစ်သည်။

 

“လက်ရှိ စာမေးပွဲမှာ အောင်ချက် ရာခိုင်နှုန်း အရမ်းများတယ်။ အအောင်ပေးလိုက်တယ်။ အဓိကက အထက်က ပြဿနာတွေအပြင် ရှေ့တန်းသွားမယ့် ဆရာဝန်တွေကို မသွားစေဘဲ သင်တန်း ပေးတက်လိုက်ခြင်းအားဖြင့် တပ်ပြေးများမယ့် နှုန်းကို ထိန်းလိုက်တဲ့ သဘောပေါ့” ဟု ဆေးတက္ကသိုလ်မှ သတင်းပေးလာသူက ဆိုသည်။

 

ဝင်ခွင့်စာမေးပွဲအဆင့်ဆင့်ဖြစ်သည့် အင်္ဂလိပ်စာ၊ အထူးပြုဘာသာရပ်နှင့် နှုတ်ဖြေတို့ကို မတ်လနှင့် ဧပြီလတို့တွင် ပြုလုပ်ခဲ့သည်။  

You can treat me a cup of coffee.

wave

Press ESC to close